အောက်တိုဘာ ၁၁၊ ၂၀၁၄
M-Media
– ညီညွတ်သော အစိုးရ ဖွဲ့အစည်းပြီးနောက် ပထမဆုံးအကြိမ် အစည်းအဝေးကို ပါလက်စတိုင်း အာဏာပိုင်များက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ဂါဇာဒေသတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖာတာနှင့် ဟားမက်စ်တို့အကြား ဆက်ဆံရေးနှင့် လက်နက်ကိုင်ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြသည်။
ညီညွတ်သောအစိုးရအဖွဲ့ ကျမ်းကျိန်ပြီးနောက် အနောက်ဘက်ကမ်းခြေသို့ ခရီးသွားခွင့်ကို အစ္စရေးတို့က ပိတ်ပင်ထားခဲ့သည့်အတွက် အနောက်ဘက်ကမ်းခြေတွင် ပြုလုပ်သော အစည်းအဝေးများကို မတက်ရောက်နိုင်ခဲ့သည့် ဂါဇာအခြေစိုက်ဝန်ကြီးများလည်း အဆိုပါ အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။
“ဒါဟာ ပါလက်စတိုင်းပြည်သူအားလုံးရဲ့ အစိုးရပါ။ ဒါ့ကြောင့် ဂါဇာကမ်းမြှောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပုံမှန်ဘ၀တွေ ပြန်လည်ဖြစ်ပေါ်လာဖို့ အစိုးရက ဆောင်ရွက်တဲ့နေရာမှာ အဖွဲ့တွေအားလုံးက အားပေးထောက်ခံကြဖို့ တောင်းဆိုပါတယ်” ဟု ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာက ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဂါဇာဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဟားမက်စ်ခေါင်းဆောင် အစ္စမေလ်း ဟာနီယာကလည်း ယခုအစည်းအဝေးက ပါလက်စတိုင်းများ ညီညွတ်ရေးကို ခိုင်မာစေပြီး၊ နိုင်ငံနှင့် နိုင်ငံရေးစနစ်တို့ကို ပျက်စီးစေခဲ့သည့် နှစ်ပေါင်းများစွာ ကွဲပြဲမှုကို အဆုံးသတ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ref_ Al Jazeera and agencies
Comments