နိုဝင်ဘာ ၂ ၊ ၂၀၁၄
M-Media
– ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ ၇ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး နယူးကာဆယ်တို့ သုံးပွဲဆက် အနိုင်ရခဲ့ကာ အာဆင်နယ်၊ ချယ်ဆီးတို့လည်း အနိုင် ၃ မှတ်ရခဲ့ပါတယ်။
လိဂ်ဖလားမှာ မန်စီးတီးကို ၂ ဂိုးပြတ်နဲ့ အံ့ဖွယ် အနိုင်ယူခဲ့တဲ့ နယူးကာဆယ်တို့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကောင်ဆုံးခြေစွမ်းပြပြီး ရုန်းကန်နေရတဲ့ လီဗာပူးလ်ကို အနိုင်ယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီပွဲမှာလည်း ကစားပုံညံ့ခဲ့ပြီး ဘာလော့တယ်လီလည်း ဂိုးပေါက်ပျောက်ဆဲပါ။ နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မန်စီးတီးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ အေယိုဇီ ပီရက်ဇ်က ၇၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ အလန်ပါဂျူးကတော့ အတော်လေး ဖိအား လျော့သွားပါပြီ။
ပြီးခဲ့တဲ့ တစ်ပါတ်က ဆန်းဒါးလန်းရဲ့ နောက်တန်းအမှားတွေကြောင့် အနိုင် ၃ မှတ်ကို အလွယ်တကူရခဲ့တဲ့ အာဆင်နယ်တို့ မနေ့ကပွဲမှာတော့ အောက်ဆုံးက ဘန်လေကို သက်တောင့်သက်သာကစားပြီး ၃ ဂိုးပြတ်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ဂိုးသွင်းစက် ဆန်းချက်ဇ်က ၂ ဂိုးနဲ့ ကာလမ်ချိန်ဘာက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးကလည်း အိမ်ကွင်းမှာ ဟဇာ့ဒ်ရဲ့ ၇၅ မိနစ်ပင်နယ်တီကြောင့် ကျူပီအာရ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဒီနှစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ ဟားလ်စီးတီးကို ပွဲအစ ၃ မိနစ် ဗစ်တာ ၀န်ယာမာရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ကာ အဆင့် ၂ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။
စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နယူးကာဆယ် ၁-၀ လီဗာပူးလ်
အာဆင်နယ် ၃-၀ ဘန်လေ
ချယ်ဆီး ၂-၁ ကျူပီအာရ်
အဲဗာတန် ၀-၀ ဆွမ်ဆီး
ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
လက်စတာ ၀-၁ ၀က်စ်ဘရွန်း
စတုတ်စီးတီး ၂-၂ ဝက်စ်ဟမ်း
Comments