နိုဝင်ဘာ ၃ ၊ ၂၀၁၄
M-Media
.နှင်းဆီခင် ရေးသည်။
နေ၀င်က နေထွက် တစ်နေ့တာဘ၀ကို လူတိုင်းဟာ ပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ တချို့ကပညာ၊ တချို့ကတော့ ဥစ္စာ၊ ကျန်တဲ့အချို့ကတော့ ဘ၀နှင့်ပေါ့။ ဒါကလည်း အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ခေါင်းစဉ်လည်း ကွဲပြားသွားတတ်တာကိုး။ ပညာပြီးပညာဆိုသလို လေ့လာဆည်းပူးနေကြသူတွေထဲမှာ ကိုယ်တိုင်စိတ်ပါလက်ပါရှိပြီး အားတတ်သရော ဖတ်မှတ်လေ့လာသူတွေရှိကြသလို၊ လူကြီးမိဘနှင့် အုပ်ထိန်းသူတွေရဲ့အလိုကျ စာပေပညာကို သင်ယူနေကြသူတွေလည်း အများအပြားပါပဲ။
အရွယ်လတ်ပိုင်းမှာကျပြန်တော့လည်း စီးပွားရေးကြိုးပမ်းနေကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တချို့လူငယ် လူလတ်တွေဟာ ကိုယ့်ရဲ့အလုပ်ကို ၀န်ပိသလိုခံစားရပြီး စိတ်ဝင်တစားလည်း မရှိသလို ပျင်းရိဖင့်နွဲ့ပြီး နေတတ်သူတွေလည်း ပမာဏမနည်းလှပါဘူး။ အသက်အရွယ် အိုမင်းလို့ ဇရာကို ချဉ်းကပ်လာပြန်တော့လည်း စိတ်ပျိုကိုယ်နုရင်း သွက်လတ်ဖျက်လတ်မှု အပြည့်နှင့်ဘ၀ကို ကျော်ဖြတ်ကြသူတွေကို တွေ့မြင်နိုင်သလို လောကဓံရဲ့ အထိုးအနှက်နှင့် ဇရာဖိစီးတဲ့ဒဏ်ကို အလူးအလှိမ့်ခံစားနေကြရသူတွေကိုလည်း ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အရွယ်သုံးပါးမှာ ရှိနေကြတဲ့လူတွေရဲ့ နေ့စဉ်ဖြတ်သန်းပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတာတော့အမှန်။
ဆိုပါစို့ သက်ကြီးပိုင်းတွေ။ ယေဘုယျအနေနှင့်ကတော့ အသက် (၆၀) ကျော်တာနှင့် ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေဟာ အလိုလိုရပ်စဲပြီးသား (နိုင်ငံ့ဝန်ထမ်းတွေ) ဖြစ်သွားရော။ တစ်ခုရှိတာက ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ သက်တမ်းရှည်ရှည်တာဝန်ထမ်းဆောင်ခွင့်ရတာ (ခြွင်းချက်ပေါ့လေ) သက်ကြီးပိုင်း တော်တော်များများကတော့ မြေးထိန်းရင်း အချိန်ကုန်ဆုံးလေ့ရှိကြတယ်။ မြေးအနှစ်လို့ ဆိုထားတာမို့ ကိုယ့်ရင်သွေးတွေရဲ့ မျိုးဆက်သစ်မြေးတွေကို တုန်နေအောင် ချစ်တတ်ကြသလို၊ ပြုစုစောင့်ရှောက်ဖို့လည်း ၀န်မလေးတတ်ကြပါဘူး။
တချို့ သက်ကြီးရွယ်အိုတွေကျပြန်တော့ မှီခိုအားကိုးရာအနေနှင့် သားသမီးတွေရဲ့အရိပ်ကိုခိုရင်း မြေးထိန်းဖြစ်ကြသည်ပဲပေါ့။ တချို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်၊ စိုက်ပျိုးကြရင်း ဘ၀ကို ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးကြပြန်တယ်။ သတင်းစာ၊ ဂျာနယ်တွေ အချိန်ယူပြီးဖတ်၊ နောက်ပြီး ကိုယ့်လိုသက်တူရွယ်တူတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆွေးနွေးကြ ငြင်းခုံကြပေါ့။ တရားဘာဝနာကို အားသန်သူတွေကလည်း တရားစခန်းတွေဝင်၊ သာသနာအကျိုးကို သယ်ပိုးရင်း အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ဖန်တီးယူကြတယ်။ သာသနာရေး၊ လူမှုရေး ကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသူတွေလည်း အများသား။ သူတို့အနေနှင့်ကလည်း သားသမီးတာဝန်တွေက ကျွတ်လွတ် ပြီးဆုံးသွားပြီမို့ စိတ်အေးလက်အေး ရှိသွားပြီလေ။
ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ကျန်းမာပျော်ရွှင်စွာ ကုန်ဆုံးချင်ကြတဲ့ သက်ကြီးပိုင်းတွေကတော့ ကိုယ်လက်လှုပ်ရှား သွားလာတာကို အထူးအလေးထားပြီး ကျန်းမာကြံ့ခိုင်မှုကို ရယူကြတယ်။ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ လူနာတွေကို နည်းမှန်လမ်းမှန် ကိုယ်လက်လှုပ်ရှားနိုင်အောင် ညွှန်ပြဖို့အတွက် ဆေးပညာရှင်တွေ (ဆရာဝန်) ကို အဓိက သင်ကြားလေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီအခါ အာဟာရတစ်ခုတည်းသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းရဲ့ အရေးပါ ထိရောက်ပုံကိုပါ လူနာတွေမှတ်သားလိုက်နာကြရပါတယ်။
လူငယ်၊ လူလတ်တွေအဖို့ ပညာရေး၊ စီးပွားရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကြရပါတယ်။ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတော်တော်များများပဲပေါ့။ အဲဒီအခါ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လန်းဆန်းမှုတွေကို မေ့ထားခဲ့ကြတယ်။ အချိန်ကြာလာတာနှင့်အမျှ စိတ်ဖိစီးတင်းကျပ်မှုတွေကို ခံစားရင်းထွက်ပေါက်မရှိဘဲ နေ့စဉ်ဘ၀ကို ကုန်ဆုံးဖြစ်တယ်။ အမှန်တော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ ဆေးဝါးဆိုတာ မမေ့သင့်ဘူး။ နောက်ပြီး သက်ရှည်ကျန်းမာဖို့အတွက် အဓိကသော့ချက်ပဲဆိုတာလည်း ဂရုပြုသင့်တယ်။ တကယ်တမ်းပြောရရင် တက်ကြွဖျတ်လတ်တဲ့လူငယ် လူလတ်တွေကို ပိုင်ဆိုင်ထားသူတိုင်းဟာ တစ်နေ့မှာ နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားနိုင်ခွင့်ရအောင် အချိန်ယူလေ့ရှိကြတယ်။ အဲဒီအခါ လူရော စိတ်ပါကြည်လင်လန်းဆန်းသလို ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း စိတ်လက်ပေါ့ပါးစွာထမ်းဆောင်နိုင်ကြတယ်။
အချိန်ပိုမရှိပါဘူးလို့ ဆိုတဲ့သူတွေအတွက် တစ်ပတ်မှာလေးရက်၊ တစ်ရက်မှာ မိနစ် ၂၀ လောက် ကလေးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာပဲဆိုဆို လုပ်နိုင်အောင် ကြိုးစားကြည့်သင့်တယ်။ ရရှိလာမဲ့ အကျိုးဆက်က ကြိုးစားထားတာနှင့် မတန်အောင် ရရှိနိုင်တာကိုတော့ လက်တွေ့ဆောင်ရွက်သူတိုင်းသိမှာပါ။
လမ်းလျှောက်တယ်ဆိုတာ ကြံ့ခိုင်ကျန်းမာဖို့အတွက်ချည်း ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်လူငယ်ပိုင်းတွေဟာ သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကို စိတ်လွတ်လပ်မှုရှိရှိ အသုံးချခြင်းတစ်မျိုးလို့ ဆိုနိုင်တယ်။ ကြည့်လေ … ဖိအားတွေ၊ တင်းကြပ်မှုတွေများတဲ့ လုပ်ငန်းခွင်ကအပြန်မှာ လမ်းဘေးဝဲယာရဲ့ သဘာဝအလှတရားတွေကို လမ်းလျှောက်ရင်း ခံစားနိုင်သည်ပဲ။ ဒါဟာလည်း ကြည့်လိုက်ရင် သာမန်အသေးအဖွဲလို့ ထင်ရပေမဲ့ သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံကို တအားကြီးအထောက်အကူပြုတာကိုး။
ဆိုပါစို့ … ရေတွင်းများလို့ပေါ့။ တစ်နေ့လုံး ခပ်သုံးထားသမျှ ရေတွေဟာ တစ်တွင်းလုံး နီးပါးခန်းနေပြီ။ ဒါကိုအချိန်တော်တော်ကြာကြာ (တစ်ညလုံးနီးပါး) အနားပေးထားတဲ့အခါ မိုးလင်းလာရင် ရေတွေပြန်ပြီး ပြည့်လာသလိုပါပဲ။ ဒီလိုပါပဲ တစ်နေ့တာလုံး အသုံးချထားရတဲ့ အင်အားတွေကို အနားပေးတဲ့အခါ လူရောစိတ်ပါ လန်းဆန်းပြီး လာမယ့်နေ့သစ်တွေ အတွက် အားသစ်တွေပြန်ပြီး ပြည့်လာစမြဲပဲပေါ့။ အသက်အရွယ်မရွေး ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေကို ရှာကြံပြီး နေတတ်ထိုင်တတ်မယ် ဆိုရင်ပေါ့။ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မယ်။ မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနှင့် အဆင်ပြေလိုက်လျောမှုရှိတဲ့အခါ ဘ၀နေထိုင်မှုပုံစံဟာ ငြီးငွေ့စရာကောင်းမယ် မဟုတ်တော့ပါဘူး။ အမြဲတမ်းမဟုတ်သည့်တိုင် ဘ၀ရဲ့အစိတ်အပိုင်း တော်တော် များများဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်တွေနှင့် ပြည်လျှံနေမှာပေါ့လို့ ………
နှင်းဆီခင်
Comments