နိုဝင်ဘာ ၁၀၊ ၂၀၁၄
M-Media
– အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရေးအတွက် အကြောင်းပြန်ရန် အာဖရိကဘောလုံးအင်ဖွဲ့ချုပ် CAF ၏ နောက်ဆုံးရက် သတ်မှတ်ထားမှုမှာ ယမန်နေ့က ပြည့်သွားခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တာဝန်ယူထားသည့် မော်ရိုကိုနိုင်ငံမူ အကြောင်းပြန်ခဲ့ခြင်းမရှိဟု သိရသည်။
အာဖရိကနိုင်ငံများမှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကျင်းပရန် စီစဉ်ထားသော အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အာဖရိက နိုင်ငံပေါင်းစုံမှ ပြည်သူများ လာရောက်မည်ဖြစ်သောကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် ရွှေ့ဆိုင်းရန် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်က CAF ကို တောင်းဆိုခဲ့သည်။
CAF ကမူ ယှဉ်ပြိုင်ကစားမည့် ၁၆ သင်းတွင် အီဘိုလာပြန့်နှံ့နေသည့် နိုင်ငံများထဲမှာ ဂီနီ တစ်နိုင်ငံတည်းသာ ပါဝင်မည်ဖြစ်သောကြောင့် မစိုးရိမ်ရန်နှင့် ပြိုင်ပွဲကိုလည်း သတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မော်ရိုကိုနိုင်ငံအနေဖြင့် ထိုပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အစီအစဉ် ရှိ၊ မရှိ ပြန်လည်အကြောင်းကြားရန်အတွက်လည်း ရာဇသံပေးခဲ့သည်။
သို့သော်လည်း မော်ရိုကိုက အချိန်မီ အကြောင်းပြန်ခဲ့ခြင်း မရှိသောကြောင့် မည်သည့် နိုင်ငံက လက်ခံကျင်းပမည်ကို လာမည့် သီတင်းပတ်တွင် ပြုလုပ်မည့် CAF အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
Comments