နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
M-Media
– အခြားအမျိုးသားတစ်ဦးနှင် လက်ထပ်နိုင်ရန်အတွက် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ ခင်ပွန်းဖြစ်သူအား ရိုက်သတ်ကာ မသေမရှင် မြေမြှုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နိုင်ငံအရှေ့ပိုင်း ဟွန်ဇူးမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး Qiao Li Tsui မှာ လွန်ခဲ့သည့် ၂ နှစ်ခန့် အသက် ၃၀ အရွယ် Jian Tsao နှင့်တွေ့ဆုံခဲ့ပြီး ချစ်သူများ ဖြစ်ခဲ့ကြသည်။ Jian Tsao မှာ Qiao ၏ အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူ Wan Niu နှင့် စေ့စပ်ထားသူဖြစ်သော်လည်း Qiao မှာ Jian အား အစ်မဖြစ်သူကို ထားခဲ့ရန် တိုက်တွန်းခဲ့ပြီးနောက် လွန်ခဲ့သည် ၁ နှစ်က လက်ထပ်ခဲ့ကြသည်။
လက်ထပ်ပြီး တစ်နှစ်ခန့်အကြာတွင် Qiao မှာ အသက် ၂၇ နှစ်အရွယ် Cai Chen နှင့် အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးလက်ထပ်ရန်အတွက် ခင်ပွန်းဖြစ်သူ Jian ကို သတ်ရန် ကြံစည်ခဲ့သည်။
ထို့နောက် Qiao မှာ ခင်ပွန်းဖြစ်သူအား ပျော်ပွဲစားထွက်ရန်ဟုဆိုကာ တောင်တန်းတစ်ခုပေါ်သို့ ဖျားယောင်းခေါ်ဆောင်သွားပြီး ဓားဖြင့် Jian ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးခဲ့ကာ ခင်ပွန်းဖြစ်သူ သတိလစ်သွားချိန်တွင် ချစ်သူသစ် Cai Chen နှင့်ပေါင်း၍ မြေမြှုပ်ခဲ့ကြသည်။
သို့သော်လည်း အဆိုပါ စုံတွဲအား ရက်အနည်းငယ်အကြာတွင် ဖမ်းမိခဲ့ပြီး Jian ၏ အလောင်းအား စစ်ဆေးကြည့်ရာတွင် အဆုတ်ထဲ၌ မြေမှုန့်များကို တွေ့ရသောကြောင့် မသေခင် မြေမြှုပ်ခြင်း ခံခဲ့ရသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။
၎င်းတို့နှစ်ဦးကိုလည်း တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက Qiao မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံရဖွယ်ရှိနေသည်။
ref_ Mirror
Comments