နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
M-Media
– နိုင်ငံအတွင်းရှိ လူငယ်များ ဘာသာတရားအောက်မှ လွတ်ထွက် မသွားစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်း တက္ကသိုလ်များတွင် ဗလီဝတ်ကျောင်းတော် များကို ဆောက်လုပ်နေသည်ဟု တူရကီ သာသနာရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။
“တက္ကသိုလ်ပေါင်း ၈၀ မှာ ဗလီဝတ်ကျောင်းတော်တွေ ဆောက်လုပ်နေပါတယ်။ အဲဒီအထဲက ၁၅ ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အနည်းဆုံး ၅၀ လောက် ဖွင့်လှစ်သွားမှာပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ လူငယ် သန်း ၂၀ လောက်ရှိပြီး သူတို့တစ်ယောက်ချင်းစီ ဒီဗလီဝတ်ကျောင်းတော်တွေမှာ ပါဝင်စေချင်ပါတယ်” ဟု တူရကီသာသနာရေးဝန်ကြီးဌာနမှ အကြီးအကဲ မဟ်မတ် ဂေါ်မက်ဇ်က တူရကီနေ့စဉ် သတင်းစာ Diyanet သို့ ပြောကြားခဲ့သည်။
အစ္စလာမ်ဘာသာဝင် အများစုရှိရာ တူရကီနိုင်ငံရှိပြည်သူများ ဘာသာတရားဘက်ကို ပြန်လည်အာရုံစိုက်လာစေရန်အတွက် တူရကီအစိုးရမှာ ယခုနောက်ပိုင်းတွင် တိုးမြှင့်ဆောင်ရွက်လာသည်။
ယခုဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်များတွင် အစ္စလာမ့်ဓမ္မပညာရှင်များကို အစိုးရက တိုက်ရိုက်ခန့်ထားမည်ဖြစ်ပြီး ထိုပညာရှင်များက မွတ်စလင်လူငယ်များ ရင်ဆိုင်နေရသော ပြဿနာများကို လေ့လာကာ လမ်းညွှန်မှုများ ပေးသွားမည်ဖြစ်သည်။
“အဲဒီဗလီဝတ်ကျောင်းတော်တွေဟာ လူငယ်တွေရဲ့ရင်ထဲမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ချစ်ခြင်းမေတ္တာတွေ ၀င်ရောက်လာမယ့် နေရာတွေဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ ဗလီဝတ်ကျောင်းတော်တွေရှိဖို့ အရေးကြီးမှုကို ကျွန်တော်တို့ အလေးထားပါတယ်။ ကျွန်တော်တို့ရဲ့ မြို့တွေမှာ ဗလီဝတ်ကျောင်းတော်တွေ ရှိလာဖို့ ကျွန်တော်တို့ ဘ၀တွေနဲ့၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို သာသနာ့ အဆုံးအမတွေဝင်လာဖို့အတွက် ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ” ဟု ဂေါ်မက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း နိုင်ငံပိုင် အထက်တန်းကျောင်းများတွင် အမျိုးသမီးများ ပုဝါဆောင်းမှုကို အစိုးရက ခွင့်ပြုခဲ့ပြီး အမျိုးသမီးငယ်များ ပညာရေးမှ သွေဖည်သွားစေနိုင်သည့် အလှအပ ချယ်သမှု၊ ဆံပင်ဆေးဆိုးမှုနှင့် ခန္ဒာကိုယ်တွင် ဆေးမင်ကြောင်များ ထိုးမှုကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။
AFP
Comments