ဒီဇင်ဘာ ၄ ၊ ၂၀၁၄
M-Media
– ၂၀၁၄ ခုနှစ် အာရှ အကောင်းဆုံး ဘောလုံးသမားဆုကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့ရာ ဆော်ဒီ တိုက်စစ်မှူး နာဆီရ် အလ် ရှမ်ရာနီက ရရှိခဲ့သည်ဟု သိရသည်။
ဆော်ဒီကလပ် အလ်ဟီလာလ် အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရှမ်ရာနီမှာ အလ်အိန်း ကစားသမား အစ္စမေးလ် အဟ်မဒ်နှင့် ကာတာမှ ခါလ်ဖန် အီဗရာဟင်တို့ကိုကျော်ဖြတ်ကာ ရရှိခဲ့ခြင်ဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် ရှမ်ရာနီမှာ AFC ချန်ပီယံလိဂ် ဒုတိယ ရရှိခဲ့သည့် အလ်ဟီလာလ် အသင်း အတွက် အဆိုပါ ပြိုင်ပွဲတွင် ၁၀ ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။
`ဒီဆုကိုရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီဆုဟာ AFC ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်တဲ့ ၀မ်းနည်းမှုကိုတော့ မဖြေဖျောက်နိုင်ပါဘူး။ (ဗိုလ်လုပွဲမှာ) ကျွန်တော်တို့ ပြိုင်ဘက်အသင်းထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းလို့ပဲ ရှုံးနိမ့်ခဲ့ရတာပါ´ ဟု ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနား၌ ရှမ်ရာနီက ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အာရှအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို တစ်ပါတည်း ချီးမြှင့်ခဲ့ပြီး သြစတေးလျ ကစားသမား ကက်ထရီနာ ဂေါ်ရီက ရရှိခဲ့သည်။
AFC Challenge Cup တွင် ဗိုလ်စွဲနိုင်ခဲ့သည့် ပါလက်စတိုင်း အသင်းကမူ အကောင်းဆုံး လက်ရွေးစင်အသင်းဆုကို ရရှိခဲ့သည်။
Comments