ဒီဇင်ဘာ ၅၊ ၂၀၁၄
ရွာကျောင်း ဘုန်းကြီးက အဖေ့ ညီ အရင်း။ သူ့ အရင် အဒေါ်တွေကလည်း အဖေ့ ဦးလေး အရင်းတွေ (၃) ဆက်လုံး။ ဆိုတော့ အဲ့ဒီ သံဃာကြီးတွေ ရဲ့ ဝေယျာဝစ္စ နဲ့ ၀တ်ကြီး ၀တ်ငယ်ကို ကျနော့် အမေက အပြု စုဆုံး ဆိုရင် အလွန်ပြောတာမဟုတ်ပါ။
ခုလည်း အမေ စင်္ကာပူ ရောက်တာ (၁) လ မပြည့်သေးခင်က ပြန် ဖို့သာ လောနေသည်။ နင့်ဘုန်းကြီးက မိဌေး နဲ့ မဖြစ်ပါဘူး ချည်း ပြောနေတော့သည်။ အိမ်သူက အမေ့ကို ကောင်းပေ့ ဆိုသော ဆိုင်တွေ လိုက်ကျွေး လျှင်လည်း “ဒါမျိုး ငဒို့ ဘုန်းကြီးကပ်လိုက်ရ” ဟုသာ သြဓိသ စေတနာတွေ ၀င်နေတတ်သည်။ တနေ့က ရုံးမှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အက်ဒမင် ဝန်ထမ်း ကောင်မလေး ဂျပန်မှ ပြန်အလာ လက်ဖောက်ခြောက်စိမ်း အကောင်းစားတွေ လက်ဆောင်ပေးရာ အမေ့ကို ပြန်ကန်တော့ ဖြစ်သည်။ အမေက ချက်ချင်းပင် သူ့အိပ်ထဲ ပြောင်းကာ “ဘုန်းကြီးဖို့” ဟု ဆိုသည်။ အပြင်သွားတိုင်းလည်း သူ့လက်ထဲက ငွေယား ကလေးများသည် ကျောင်း အတွက်၊ ဘုန်းကြီးအတွက် ပစ္စည်း အဆန်းကလေးများ ဖြင့် ပြုန်းရလေသည်။ ဒါက သူ့ မတ်တော်မောင် ကျောင်းဘုန်းကြီး သာရှိသေးသည်။ သူ့မှာ သား၊တူ၊ မြေး ၀မ်းမနာသား ရဟန်းပျိုတွေ ပွစာတက်လို့ တွေးပူနေရသေးသည်။ ခုလည်း သူ့မြေး ထပ်ရဟန်းခံ မီအောင် ဒီဇင်ဘာ (၂၀) မတိုင်ခင် အပြန်လက်မှတ်ဝယ်ရမည်ဟု အမိန့်ချလိုက်သည်။
အထက်မှာ ပုံဖော်ခဲ့သော ဤလို အမေသည် တခါက ကျနော့်အား ကျောင်းဘုန်းကြီး နှင့်ပတ်သက်၍ အငေါ် တူးဖူးသည်။
“နင့် ဘုန်းကြီး လူလို မသိပါဘူ…” တဲ့။
သီးနှံသိမ်းရန် အရေးကြီးနေတဲ့ ကြားထဲ နယ်ခရီးထွက်ရန် လောဆော်နေသော ကျောင်းဘုန်းကြီးကို အငေါ်တူးခြင်း ဖြစ်သည်။ ကျောင်းက ဆဒေါ်ကို မျက်မွေးထော်လို့မှ မော်မကြည့်ဝံ့သော ကျနော်က ဒီအလုံးကလေးကို သေသေချာချာ မှတ်ထားသည်။ ကိုယ်ကလည်း ထိုစဉ်က ရှင်တပိုင်း လူတပိုင်းဆိုတော့ အမေ့ စကားကို အနာ ကောက်ချင် ချင်ကိုး။
တရက်တော့ ကျောင်းမှာ အာဂန္တု ဘုန်းကြီးတွေ စုံနေတုန်း ဧည့်သည်တွေ ရှေ့မှာ ဆရာတော်က တပည့် လက်သားများကို မြည်တွန် လျက်ရှိသည်။ နောင်တော် ဦးပဇင်းကြီးတွေ ဦးဇင်းလေးတွေ အစား ကိုရင်ကြီး ကျနော်က ရှက်ခံပြင်း လာသဖြင့် ရှိသမျှ သတ္တိကို သွန်ထုတ်၍ အမေ့ စကား လူမိုက်ငှားကာ အချင်းချင်း ပြောသလိုလို နဲ့ ပြန်ပက်လိုက်မိသည်။
“အဲဒါကြောင့် ဒကာမကြီး ပြောဖူးတာ၊ ဘုန်းကြီးတွေ လူလိုမသိဘူး လို့..”။
ကိုယ်က အအော် ခံရတော့မည်ကို မျှော်လင့်လျက် စော်ကား လိုက်ခြင်း ဖြစ်သော်လည်း ဆရာတော်က တဟားဟား ရယ်ကာ ပြန်မိန့်ပုံက
“ဟုတ်တာပဗျာ.. ဒို့ လူလို မသိလို့ ရဟန်းဖြစ်နေရသာပဲ။ လူလို သိမှဖြင့် ထွန်ကိုင်နေရမှာပေါ့။ ဘုန်းကြီး ရဟန်း လူလို မသိကောင်းဘူး ဟဲ့။ ငဒို့ လူလို လည်ဝယ်နေရင် ဒီကျောင်းပေါ်တင်ပြီး ဘဒူ (ဘယ်သူ) က ကိုးကွယ်နေလိမ့်မတုံး” တဲ့။
ကျနော်လည်း မိုက်ခနဲ ဖြစ်သွားကာ အသိတရား ၀င်ခဲ့ရသည်။ ထိုအခါမှ စ၍ လူလိုမသိသော ဘုန်းကြီး ရဟန်းများကို ကျနော် ဂါရ၀ ပိုခဲ့ပါသည်။ လူလိုသိတော့လည်း ချစ်ခင်တာပါပဲ ..။ သို့သော် လေးစားကြည်ညို ပုံတော့ဖြင့် ကွာမိလိမ့်မည် ထင်သည်။
ယနေ့ အချိန်တွင် ဦးဝိစိတ္တလေး (၀ီရသူ) တို့လို နိုင်ငံရေး မလည်ရှုပ် ဘုန်းကြီးများကြောင့် ကျနော်တို့ သာသနာရေး အတွင်းက ရဟန်း သံဃာ များ နှင့် လောကီကြောင်း ဃရာဝါသ အဆက်အစပ်များ အကြား အငြင်းအခုန်များ တိုးပွားလျက်ရှိပါသည်။ ဘုန်းကြီးတွေ လူလိုမသိဘဲ လူထဲ ၀င်တော့ လူတွေ အငြင်းအခုန် ပွားကာ အပြစ်များရသည် ဟုသာ အတ္တနောမတိ ဖြင့် ထင်မြင်မိသည်။
အမျိုး ဘာသာ သာသနာ ဟု သည်းခြေကြိုက် ခေါင်းစီးတပ်ထားသော်လည်း တကယ့်လက်တွေ့ မှာတော့ စစ်အာဏာရှင် နောက်မြီးဆွဲပြီး သင်္ကန်းခြုံ လူမိုက်ကြီးများပမာ စစ်သွေးစစ်သံ တဟီဟီ ဖြင့် မာန်ဝင့်လျက်ရှိသည်ဟု မြင်ပါသည်။
ဘာသာ သာသနာ ကို ဓမ္မစစ် ချစ်မြတ်နိုး လှသော ကျနော့် အနေဖြင့် ဘုန်းကြီးတွေ လူထဲပါတာ သဘောကျ ပါသည်။ တချို့ တချို့ ဒကာ မနိုင်သော ကိစ္စတွေ ဆရာ နှင့်သာ ဆိုင်ပေလိမ့်မည်။ သို့သော် လူထဲ အပါများရင်ဖြင့် လူလိုပြောတာဆိုတာ ခံလာရနိုင်သည်။ သည်းခံ စိတ် အရင် မွေးတော်မူပါ။ လူထဲ ၀င်မှာ ဖြင့်လည်း လူ့ ကိစ္စ ကုန်စင်အောင် ကမ္ဘာကြည့် ကြည့် မြင်တတ်အောင် အရင် လေ့လာစေချင်ပါသည်။
ကျွန်တော် တို့ သိသည့် အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ စာတတ်နှုန်း ပါ။ အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း လူ့သက်တမ်း နှင့် ကျန်းမာရေး စောင့်ရှောက်ခံရမှု အဆင့်ပါ။ ဒီဘက် ခေတ်သစ်မှာ အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း အင်တာနက် အမြန်နှုန်း ရရှိမှု နှင့် လည်း သက်ဆိုင်ပါသည်။ အမျိုး ဘာသာ သာသနာ ဆိုတာ ကမ္ဘာ့ နိုင်ငံပေါင်းစုံက ကျွန်တော် တို့ ၏ နိုင်ငံကူးလက်မှတ်စာအုပ် ပတ်စ်ပို့ ကို ပြည်ခွင့် မလို ၀င်ခွင့်ပေးခြင်း နှင့်လည်း တိုင်းတာနိုင်ပါသည်။
အမျိုးသားရေး ဆရာတော် တချို့ ကမ္ဘာ ကို ထွက်ကြွ ဆင်ခြင်မှု ပြုတော်မူနိုင်ကြလျှင် ကောင်းပါမည်။ ကမ္ဘာ့ ဆင်းရဲမွေတေမှု အညွှန်းကိန်းမှာ တရက် ၀င်ငွေ အနိမ့်ဆုံး ဖြစ်နေသည့် ဒကာ၊ ဒကာမတို့ ၏ ပစ္စယာ အထောက်အပံ့ နှင့် ဤအမျိုး ဤ ဘာသာ ဤ သာသနာ အသရေ တင့်နိုင်မည် ထင်နေလျှင်တော့ အရှင်တို့ မဘသ ဟာ “တု စ္ဆ – အချည်းနှီး” တွေ ချည်းသာဖြစ်တော့သည်ဟု လျှောက်ချင်ပါသည် ဘုရား။
ဘုန်းကြီးတွေ လူလိုမသိ၊ လူအရေး မစွက်ဘဲ ရဟန်းကိစ္စ ကုန်အောင် ဆောင်နိုင်ကြမည် ဆိုလျှင်လည်း အတိုင်းထက်အလွန် ကြည်ညို တင့်တယ် ရှုချင်ဖွယ် သာသနာ ဖြစ်လာပေလိမ့် ထင်ပါသည်။
ဖိုးစီ (ရုံးတော)
ဒီဇင်ဘာ ၀၄၊ ၂၀၁၄
မိုးမခ မှ ကူးယူဖော်ပြသည်။
http://moemaka.com/archives/41120
Comments