ဒီဇင်ဘာ ၆ ၊ ၂၀၁၄
M-Media
– လူမျိုးရေးခွဲခြားခြင်းနှင့် ဂျူးဆန့်ကျင်ရေး သဘောသက်ရောက်စေမည့် မက်ဆေ့ခ်ျကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည့်အတွက် လီဗာပူးလ်အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှ တရားစွဲဆိုလိုက်သည်ဟု သိရသည်
ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ Instagram စာမျက်နှာတွင် ဂျပန်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော နီတန်းဒိုးမှ ဖန်ထီးထားသည့် စူပါမာရီယိုဇာတ်ကောင်ကို အသုံးပြု၍ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် မက်ဆေ့ခ်ျအချို့ကို ရေးသားခဲ့ပြီး အဆိုပါမက်ဆေ့ခ်ျတွင် ဂျူးလူမျိုးများ ငွေမက်သည်ဟု မှတ်ယူ၍ရသော စာကြောင်းတစ်ကြောင်း ပါဝင်ခဲ့ကာ ထိုစာကြောင်းအတွက် ဝေဖန်မှုများ ခံခဲ့ရသည်။
ဘာလော့တယ်လီကမူ ၎င်း၏ မိခင်မှာ ဂျူးလူမျိုးတစ်ဦးဖြစ်ကြောင်း မိမိမှာ အများထင်သလို လူမျိုးရေးခွဲခြားကာ ရေးသားခဲ့ခြင်းမဟုတ်ကြောင်း ထိုမက်ဆေ့ခ်ျနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။
FA ကလည်း အဆိုပါ မက်ဆေ့ခ်ျမှာ အလွဲသုံးသော၊ စော်ကားသော၊ မသင့်လျော်သော မက်ဆေ့ခ်ျဖြစ်သည်ဟု ဖော်ပြခဲ့ပြီး FA ၏ လူမျိုးရေးခွဲခြားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသည့် ဘာလော့တယ်လီမှာ ထိုအမှုအား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘာလော့တယ်လီမှာ ယခင်ကလည်း လူမျိုးရေးခွဲခြားသည့် စကားများ၊ လုပ်ရပ်များကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သည်။
Comments