ဝင်းငြိမ်း
အချိန် ကာလအားဖြင့် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့ပါပြီ။ တိတိကျကျ ပြောရရင် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ကပါ။ မြန်မာ နိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ဆိုပေမယ့် ကျွန်တော် ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာတော့ ဇွန်လ ၁ဝ ရက်နေ့ညပဲ ရှိပါသေးတယ်။ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သင်ကြားပို့ချနေတဲ့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေသင်တန်း တက်ရောက်ဖို့ အတွက် ရောက်ရှိနေခြင်းပါ။
သင်တန်းသားများကို ထားရှိတဲ့ ကွန်ကောဒီယား အဆောင်ရဲ့ ၇ ထပ်မှာရှိတဲ့ ကျွန်တော့်အခန်းမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်တစ်ခုကို စိတ်ဝင်တစား ကြည့်နေတာကြောင့် ညစာ တောင် မစားရသေးပါဘူး။
စားပွဲ ပေါ်မှာရှိတဲ့ တယ်လီဖုန်း မြည်လာတာကြောင့် ကောက်ကိုင် လိုက်တော့ ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်က ဦးထွန်းအောင် ဖြစ်နေပါတယ်။ ဦးထွန်းအောင်က ကျွန်တော် လေဖြတ်ပြီးစမှာ သင်တန်းတက်ဖို့ ရောက်နေတာဖြစ်ကြောင်း သိထားတဲ့အတွက် နေကောင်းရဲ့လား ဘာလား အာလ္လာပသလ္လာပ စကားကို ပြောနေပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်က ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်ကလည်း အရှိန်မြင့်နေပြီဖြစ်လို့ စကားသာ ပြောနေရတယ် ကျွန်တော့်မျက်လုံးများကတော့ တီဗွီဖန်သားပြင်ပေါ်ကနေ မခွာနိုင်သေးပါဘူး။ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း စိတ်အေးအေးထားနော်”လို့ စကားပလ္လင်ခံ လိုက်ချိန်မှာတော့ ကျွန်တော့်ခေါင်းထဲမှာ ဒိန်းကနဲ အမေ့ကို သတိရလိုက်ပါတယ်။ “ဟုတ်ကဲ့ ပြောပါ”လို့ ဆိုတော့မှ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း ဦးလေး ဆရာမောင်သော်က ဆုံးသွားပြီလို့ ကျွန် တော်တို့ အခုပဲ သတင်းရပါတယ်” လို့ ပြောပြပါတယ်။ ကျေးဇူးတင်စကားပြောပြီး ကျွန်တော် တီဗွီကို ပိတ်လိုက်ပါတယ်။
လေဖြတ် ခံထားရသူများဟာ စိတ်လှုပ်ရှားလွယ်ပါတယ်။ ရယ်စရာရှိရင် အတောမသတ်နိုင်အောင် ရယ်တတ်ပါတယ်။ ဘေးက တစ်ယောက်ယောက်က ပုတ်လိုက်ပြီး သတိပေးမှသာ ရပ်နိုင်သလို ဝမ်း နည်းစရာရှိရင်လည်း အငိုတိတ်လို့ မရအောင် ရှိတတ်ပါတယ်။ ကျွန်တော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်၁-၂ မှာ ကုသမှု ခံယူနေစဉ်တုန်းက ဘေးကုတင်မှာ ကလေးငယ် တစ်ယောက်ကို ကျောရိုးက အဆီထုတ်ယူတာကို မျက်ဝါး ထင်ထင် မြင်နေရပါတယ်။ ကလေးငယ်က ရှိုက်ကြီးတငင် ငိုတော့ ကျွန်တော်လည်း သူနဲ့အတူ ငိုနေလိုက်တာ သူအငိုတိတ်ပြီးတဲ့အထိ ကျွန်တော် တိတ်လို့ မရသေးပါဘူး။ အဲဒီအရှိန်ကြောင့် ဆရာမောင်သော်က ဆုံးပြီဆိုတဲ့သတင်းအတွက် တစ်ယောက်တည်း အားပါးတရငို နေမိပါတယ်။ ခဏကြာတော့ မြန်မာ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ကြတဲ့အပြင် တချို့ မိတ်ဆွေများက ကိုယ်တိုင် လာရောက်ပြီး နှစ်သိမ့်ပေးကြပါတယ်။
ဆရာမောင်သော်ကက ကျွန်တော့်ဖခင် ကျားဘညိမ်းနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ ကျွန်တော့်အဘိုး ဦးဖိုးမင်းနဲ့ သူ့အဖေ ဦးမှန်ကြီးတို့က ညီအစ်ကို အရင်းပါ။ အဖေနဲ့ ဆရာမောင်သော်ကတို့က တစ်ဝမ်းကွဲညီအစ်ကို ဆိုပေမယ့် အနေနီးတာကြောင့် ညီအစ်ကိုအရင်းများလို တွယ်တာ ကြပါတယ်။ ကျွန်တော်ငယ်စဉ် ကျွန်တော့်အဖေကလည်း နိုင်ငံ ကျော်လက်ဝှေ့သမားတစ်ဦးအဖြစ် အောင်မြင် ကျော်ကြားပေမယ့် ဝမ်းရေးအတွက် ကတော့ ကြော်ငြာဆိုင်းဘုတ်များ ရေးရပါတယ်။ ဟိုတုန်းကတော့ အခုလို ဗီနိုင်းလ်ခေတ် မဟုတ်တဲ့အတွက် သံပြားဆိုင်းဘုတ်များပေါ်မှာ ဆီဆေးနဲ့ ရေးဆွဲရတာပါ။ အဲဒီကာလမှာ နောင်မှာ စာရေးဆရာ မောင်သော်က သို့မဟုတ် ဗိုလ်ဘသော် ဖြစ်လာမယ့် (ဦး)ဘသော် က မိဘများရှိရာ ရွှေဘိုမြို့ကနေ ထွက်ခွာလာပြီး ကျွန်တော့်မိဘများနဲ့ လာနေပါတယ်။ အဖေ ဆိုင်းဘုတ်ရေးဖို့အတွက် သံပြားပေါ်မှာ အောက်ခံဆေးသုတ်တဲ့ အလုပ်ကို အမေနဲ့သူက လုပ်ရပါတယ်။ အဖေ၊ အမေနဲ့ (ဦး)ဘသော်တို့ဟာ မောင်နှမအရင်းများလို ဝမ်းရေးအတွက် တက်ညီလက်ညီ လုပ်ခဲ့ကြတာပါ။ (ဦး)ဘသော်နဲ့ အမေတို့အောက်ခံဆေး ညီညီညာညာ သုတ်ထားပြီး အခြောက်ခံထားစဉ်မှာ သင်္ဘောဆေးမှာပါတဲ့ သင်နာအနံ့ကြောင့် ဖြုတ်ကလေးများက သံပြားပေါ်လာနားလိုက်ရင် ပျံလို့မရတော့ပါဘူး။ သံပြားပေါ်မှာ ကပ်နေပါ လေရော။ ဆိုင်းဘုတ်ဆွဲမယ်လို့ အဖေက ဟန်ပြင်လိုက်ရင် အဲဒီ ဖြုတ်ကလေးများကြောင့် ဆွဲမရလို့ ဒေါသဖြစ်ပြီး သူ့စုတ်တံတွေကို ချိုးပစ်ခဲ့တာ အခါခါဖြစ်သလို အမေတို့နှစ်ယောက်လည်း သုတ်ပြီးသား ဆေးတွေကို ကော့စတစ်နဲ့ ပြန်ချွတ်၊ နောက်တစ်ခါ အောက်ခံဆေးပြန်သုတ် လုပ်ခဲ့ရပါသတဲ့။
အတူနေရာကနေ (ဦး)ဘသော် က ရန်ကုန်တက်သွားပြီး တပ်မတော်(ရေ)ထဲကို ဝင်သွားခဲ့ပါတယ်။ ကျွန်တော့်အဖေကလည်း အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီမှာ လက်ဝှေ့အားကစား နည်းစနစ်မှူး အဖြစ် ခန့်အပ်ခြင်းခံရတာကြောင့် မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတယ်။ ရန်ကုန်မှာ မိသားစုနှစ်စု ပြန်ဆုံကြပါတယ်။ ၁ဝ၁ လမ်းထိပ်မှာ သူတို့မိသားစု နေစဉ်ကာလ ကျွန်တော်တို့မိသားစုနဲ့ အတူပေါင်းနေခဲ့ကြပါ တယ်။ ကျွန်တော့်နှမငယ် စန္ဒာညိမ်းကို အဲဒီအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။
မိသားစုနှစ်စုပေမယ့် မိသားစုတစ်ခုတည်းလို ချစ်ခင်ရင်းနှီးခဲ့တဲ့ ကျွန်တော့်ဦးလေး (ဦး)ဘသော်က တိုက်ရေယာဉ် ၁ဝ၃ မှာ ဦးစီး တာဝန်ကျစဉ် မြန်မာ့ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ အသက်ကယ် လှေကလေးတစ်စီးနဲ့ သူ့လက်အောက်ခံ တပ်မတော်သားများကို အတတ်နိုင်ဆုံး ဦးစီးကွပ်ကဲပြီး အသက်ရှင်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ တိုက်ရေယာဉ် ၁ဝ၃ ပင်လယ်ပြင်မှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားစဉ် အဲဒီကာလတုန်းက ကာကွယ်ရေးဦးစီးချုပ်က တောခိုသွားတယ်လို့ ယူဆတာကြောင့် လေ ယာဉ်များနဲ့ ပင်လယ်ပြင်မှာ လိုက်ရှာပြီး ပစ်ခတ်နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကံအား လျော်စွာ ပင်လယ်ကူး သင်္ဘောတစ်စင်းက တွေ့ရှိပြီး ကယ်တင် ခဲ့တာကြောင့် တချို့တလေ အသက်ရှင် ခဲ့ကြပါတယ်။
ပင်လယ်ပြင်မှာ သူ မျောနေစဉ် အဒေါ်ဖြစ်သူ ဒေါ်လှရင်က ကိုယ်ဝန်ကြီးနဲ့ပါ။ အဒေါ်ကို အားပေးဖို့ အတွက် မိုးလင်းမိုးချုပ် အမေက အတူသွား နေပေးခဲ့ပါတယ်။ ဦးလေးတို့ကို ကယ်တင်လိုက်နိုင်ပြီလို့ သတင်းရပြီးတဲ့ နောက်မှာပဲ အဒေါ်က သမီးမိန်းကလေးတစ်ဦးကို မွေးဖွားပါတယ်။ ကျွန်တော့် အမေက ပင်လယ်ပြင်မှာ မျောနေခဲ့တဲ့ ဦးလေးကို ကယ်တင်နိုင်ခဲ့တဲ့ သမီးအဖြစ် တင်စားပြီး “မေခလာ”လို့ အမည်ပေးခဲ့ပါတယ်။ (အခုတော့ အဲဒီကလေးမ နာမည်က ဒန္တီ လို့ အမည်တွင်နေပါပြီ။)
ဦးလေးက နောင်မှာတာဝန်ရှိသူများက “ရှေ့သို့”နဲ့ “Forward” ဂျာနယ် တို့မှာ အယ်ဒီတာချုပ်အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။ ဒီဂျာနယ်တွေက ဆိုရှယ်လစ်ခေတ်ဦးမှာ လှုံ့ဆော်စည်းရုံးရေး ဂျာနယ်များပါပဲ။
တိုက်ရေယာဉ် ၁ဝ၃ နဲ့ ပတ်သက်ပြီး သူဘာမှမရေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရာက နှစ်ပေါင်း ၃ဝ ကြာ မှ ဆရာ ဦးမြလှိုင်ရဲ့ပေဖူးလွှာမဂ္ဂဇင်း မှာ အသေးစိတ် ပြန်လည်ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီကာလတုန်းက နာမည်ကြီး ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအဖြစ် စာဖတ်ပရိသတ်များ နှစ်ခြိုက်ခဲ့ကြပြီး လုံးချင်းအဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါမှာ ဦးလေး မနေသာဘဲ ပါဝင်လာခဲ့ရပါတယ်။ မိခင်ဖြစ်သူ နာမကျန်းဖြစ်တာကို လာရောက် စောင့်ရှောက်နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တရားဟောဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့မှာ စီစဉ်ပြီး သူကိုယ်တိုင် ကျွန်တော့်ညီ မျိုးမြင့်ညိမ်းရဲ့ ဂျစ်ကားနဲ့ သွားခေါ် ခဲ့ပါတယ်။ ဒီလူထုတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော လူထုနဲ့ ထိတွေ့ပွဲ ဖြစ်ခဲ့ပါတယ်။
တပ်မတော်(ရေ)က တာဝန်ရှိပုဂ္ဂိုလ်ကြီးများ ကိုလည်း အိတ်ဖွင့်ပေးစာရေးပြီး လူထုနဲ့ ပူးပေါင်းဖို့ နားချ ခဲ့ပါတယ်။ ဒီကိစ္စများကြောင့် နအဖ အစိုးရအဖွဲ့က တပ်မတော်ကို ဖြိုခွဲရန် ကြံစည်မှုလို့ စွပ်စွဲပြီး ထောင်ချ ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးချို့ယွင်း လာပေမယ့် ထိရောက်တဲ့ ဆေးဝါး ကုသမှု မရခဲ့ပါဘူး။
လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ သူချစ်တဲ့၊ သူခင်တဲ့ အထူးသဖြင့် မိသားစုကိုတော့ တွေ့ချင်မှာ မလွဲပါဘူး။ ကျွန်တော့် ဦးလေးကတော့ အခြေအနေ မကောင်းတော့တဲ့အချိန်မှာ ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့ခဲ့ပေမယ့် မိသားစုကိုတော့ အကြောင်းကြား မပေးခဲ့တာ အခုအချိန်ထိ အသည်းနာစရာ ကောင်းလှပါတယ်။ (နောက်ဆုံးအချိန်မှာ ဆရာမ မသီတာ(စမ်းချောင်း) ကတော့ လူနာခန်းထဲဝင်ပြီး စမ်းသပ် သလိုလိုနဲ့ တွေ့ခွင့်ရလိုက်ပါတယ်။)
ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုမှာ ခင်ပွန်း၊ အဖေ၊ ဦးလေးကို နောက်ဆုံးအဖြစ် ဝအောင် ကြည့်ခွင့်မရပါဘူး။ အလောင်းကို အစောင့်အကြပ်များနဲ့ သယ်လာပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ရုပ်အလောင်းကို ရေချိုးပေးချိန်မှာတောင် ဝန်းရံစောင့်ကြပ်ခဲ့ကြပါတယ်။
အခု ကျွန်တော့် ဦးလေးရဲ့ ရုပ်အလောင်းက မြှုပ်နှံခွင့် ပိတ်ပင်ထားပြီဖြစ်တဲ့ ကန်တော်လေး စွန္နီသုသာန်မှာ မြှုပ်နှံခဲ့ကြပါတယ်။
တပ်မတော်သားကောင်း တစ်ဦးပီသစွာ လက်အောက်ခံ တပ်မတော်သားများ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကျွန်တော့်ဦးလေးဟာ ဆုလာဘ်အဖြစ် နောက်ဆုံးအချိန်မှာ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ အခု ဇွန်လ ၁၁ ရက်နေ့ ဆိုရင် နှစ်ပေါင်း ၂၁ နှစ်ပြည့်တော့ မှာပါ။ ဒီအချိန်မှာသာ သူရှိမယ် ဆိုရင်…
http://www.myanmarij.com မှ ကူးယူဖော်ပြပါသည်။
Comments