ဇန်န၀ါရီ ၆၊ ၂၀၁၅
M-Media
– ဘာသာရေးအစွန်းရောက်မှုများက လူအများအထင်ကြီးထားသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လမ်းချော်သွားစေနိုင်သည်ဟု ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံမှ ပထမဆုံး ကက်သလစ် ကာဒီနယ်ဘုန်းတော်ကြီးဖြစ်ခဲ့သူ ဆရာတော် ချားလ်စ်မောင်ဘိုက ပြောကြားလိုက်သည်။
ဇန်န၀ါရီလ ၄ ရက်နေ့က ခရစ်ယာန်ကက်သလစ်အသင်းတော်၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ခဲ့သော ကာဒီနယ်ဘုန်းတော်ကြီး အပါး ၂၀ စာရင်းတွင် ပါဝင်ခဲ့သည့် ဆရာတော်ဘိုက ယနေ့တွင်ပြုလုပ်ခဲ့သည့် Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့
ပြောကြားလိုက်ခြင်းဖြစ်ပြီး လူနည်းစုမွတ်စလင်များကို ပစ်မှတ်ထားသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကြောင့် နောက်ပိုင်းတွင် နိုင်ငံတကာ အစွန်းရောက်အဖွဲ့များနှင့် ဆက်သွယ်ကာ လက်တုံ့ပြန်လာသည်အထိ ဖြစ်သွားနိုင်သည်ဟု သတိပေးခဲ့သည်။
`အခုအချိန်ထိတော့ သူတို့(မွတ်စလင်တွေဟာ)ဟာ အေးအေးဆေးဆေး နေနေကြပါတယ်။ တကယ်လို့ နိုင်ငံတကာ မွတ်စလင်အဖွဲ့အစည်းတွေရဲ့ အားကို ယူလာရင်တော့ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒ၊ အသေခံဗုံးခွဲတာ အဲဒါတွေအားလုံး ဖြစ်လာနိုင်ပါတယ်´ ဟု ဆရာတော်ဘိုက ပြောကြားခဲ့သည်။
ထို့ပြင် အပြန်အလှန်နားလည်မှုရှိရန် ဆော်သြခဲ့ပြီး အစွန်းရောက်ဘုန်းကြီးများ၏ အမုန်းစကားများအား ရပ်တန့်ရေးအတွက် အစိုးရအနေဖြင့် ပိုမိုဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး စနစ်ပြီးဆုံးခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရပ်သားတစ်ဝက်အစိုးရ တက်လာခဲ့ပြီး လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့် မီဒီယာတည်ထောင်ခွင့် စသည်တို့အား ပိတ်ပင်ထားမှုကို ဖယ်ရှားပေးခဲ့သည်။
သို့သော်လည်း အဆိုပါ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒလည်း ပေါ်ထွက်လာခဲ့ပြီး ဘုန်းကြီးများမှာ နိုင်ငံ၏ ဗုဒ္ဓဘာသာ ၀ိသေသလက္ခဏာများကို မြှင့်တင်ရန် ရည်ရွယ်သော အဖွဲ့များကိုလည်း ဖွဲ့စည်းလာခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓအမျိုးသားရေးဝါဒ၏ အဓိကပစ်မှတ်မှာ နိုင်ငံလူဦးရေ ၅၁ သန်းတွင် ၅ ရာခိုင်နှုန်းခန့်သာရှိသည့် မွတ်စလင်များအတွက် ဖြစ်လာခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန်လမှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မွတ်စလင်အများစုအပါအ၀င် လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ပြီး၊ ကျန်မွတ်စလင် ၁၄၀၀၀၀ ခန့်မှာ အိုးအိမ်များဖျက်ဆီးခံရသောကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
ထို့ပြင် မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရရေးအတွက် နှစ်ပေါင်း ၆၀ ခန့် လက်နက်စွဲကိုင် တော်လှန်နေခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခများလည်း မြန်မာနိုင်ငံတွင် ရှိနေသည်။ မြန်မာအစိုးရကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေသော်လည်း မကြာခဏ ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် အဆိုပါ အပစ်ရပ်ရေးမှာလည်း အဆုံးထိ မရောက်သေးပေ။
ဆရာတော်ဘိုကမူ မိမိမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အကောင်းမြင်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျရှုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက စစ်တပ်မှာ တိုင်းပြည်အား တစ်ဖန်ပြန်၍ ထိန်းချုပ်သွားလိမ့်မည်ဟု
ပြောကြားခဲ့သည်။
`ဒီလို ၀ရုန်းသုန်းကားကိစ္စတွေ ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ နိုင်ငံအတွင်း ငြိမ်းချမ်းဖို့အတွက်ဆိုရင်တော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အဓိကနေရာမှာ ရှိနေပါတယ်´ ဟု ဆိုပြီး မြန်မာစစ်တပ်မှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယုံကြည်မှုရရေး ပိုမိုအားထုတ်ရန်၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရေး ဘုန်းကြီများက ပိုမိုထောက်ပြရန် စသည်တို့အတွက်လည်း ဆရာတော်က တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ခရစ်ယာန်ကက်သလစ်အသင်းတော်ကို လိုက်နာယုံကြည်ကြသူများမှာ နိုင်ငံလူဦးရေ၏ ၁.၂ ရာခိုင်နှုန်းခန့် ရှိသည်။
ကမ္ဘာ့ကက်သလစ်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး၏ အတိုင်ပင်ခံဖြစ်ပြီး နောင်တက်မည့် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံနိုင်မည့် ဘုန်းတော်ကြီး ၁၅ ပါးအပါဝင် စုစုပေါင်း ကာဒီနယ်ဘုန်းတော်ကြီးသစ် အပါး ၂၀ ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်န၀ါရီ ၎
ရက်နေ့တွင် ခန့်အပ်ခဲ့ပြီး မြန်မာ၊ တွန်ဂါနှင့် ကိပ်ဗာဒီတို့မှ ပထမဆုံးအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အဆိုပါ ကာဒီနယ် အပါး ၂၀ ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။
Source : Reuters
Comments