ဇန်နဝါရီ ၉ ၊ ၂၀၁၅
M-Media
.နှင်းဆီခင်ရေးသည်။
“နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..
“ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”
“မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”
“လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”
“နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”
“ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”
“ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။ ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။
လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။ ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။
စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။
နှင်းဆီခင်
Comments