ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
M-Media
– တူရကီရှိ ဆီးရီးယား ဒုက္ခသည်စခန်းတွင် အသက် ၁၉ နှစ်အရွယ်ရှိ အိုစာမီ အီဆာတစ်ယောက် အင်ဂျင်နီယာပညာ သင်ကြားခွင့်ရရေး အိပ်မက်မက်နေသည်။ သို့သော်လည်း တူရကီ တက္ကသိုလ်များတွင် ၀င်ခွင့်ရရန်အတွက် လိုအပ်သော ဘာသာစကားအရည်အချင်း စစ်ဆေးမှုကို ကျော်ဖြတ်ရန် အီဆာမှာ တူရကီစကား ကောင်းကောင်းမပြောတတ်။
ထိုအခက်အခဲက အီဆာတစ်ယောက်ထဲတွင် ကြုံရသည့် အခက်အခဲမဟုတ်။ ပြည်တွင်းစစ်ကြောင့် တူရကီနိုင်ငံတွင် ခိုလှုံနေရသည့် ၁.၆ သန်းသော ဆီးရီးယားပြည်သူ အများစုမှာလည်း တူရကီစကား မပြောတတ်ကြ။ ထိုဘာသာစကားသင်ယူနိုင်သည့် သင်တန်းမျိုးလည်း မရှိဟု ဒုက္ခများနှင့် ပြောင်းရွှေ့အခြေချသူများအတွက် အကျိုးဆောင်ပေးနေသော အန်ကာရာအခြေစိုက် သုတေသနစင်တာမှ အကြီးအကဲ မက်တင် ကိုရာဘာတီရ်က ဆိုသည်။
`ကျောင်းသားတွေဟာ သူတို့ဆန္ဒရှိတဲ့ ဘာသာစကားနဲ့ သင်ယူနိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တူရကီဘာသာစကားကို သင်ယူနေရပါတယ်။ ကျွန်တော်ကြိုးစားနေပါတယ်´ ဟု တူရကီနိုင်ငံတောင်ဘက် ဂါဇီယန်တပ်မြို့အနီးရှိ နီဇစ်ဒုက္ခသည်စခန်းမှ အီဆာက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟခဲ့သည်။
တူရကီရှိ ပညာရေး စွန့်ဦးတီးထွင်သူတစ်ဦးကတော့ ထိုပြဿနာအား ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသည့် အကြံအစည်များကို ကြံစည်နေသည်။ သူက ဆီးရီးယားဒုက္ခသည်များအတွက် တူရကီတက္ကသိုလ်တစ်ခု တည်ထောင်ပေးနိုင်ရေး ရန်ပုံငွေရှာရန် မျှော်လင့်နေသည်။ ထိုတက္ကသိုလ်တွင် အာရဘီ၊ အင်္ဂလိပ်နှင့် တူရကီဘာသာရပ်များ သင်ကြားနိုင်မည့် အတန်းများ ပါဝင်မည်ဖြစ်သည်။
`ဒီလူငယ်တွေကို ပညာတတ်တွေဖြစ်အောင် ကျွန်တော်တို့က လုပ်ပေးရမယ်လို့ ယုံကြည်ပါတယ်´ ဟု ဒုက္ခသည်များ ပညာရေးအတွက် စွန့်ဦးတီထွင်သူ အန်ဗာရ် ယူစဲလ်က နယူးယောက်တွင် ပညာရေးနှင့် ပတ်သက်သည့် ဆုတစ်ခု လာယူရင်း ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
`ဒီလူငယ်တွေကို ကျွန်တော်တို့ ပညာသင်မပေးနိုင်ဘူးဆိုရင် တူရကီနဲ့ သူတို့ရဲ့ မွေးရပ်နိုင်ငံ နှစ်ခုစလုံး၊ နောက်ပြီး ဒေသ တစ်ခုလုံးအတွက် သူတို့ဟာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်´
ဂါဇီယန်တပ်မြို့အပါအ၀င် ဆီးရီးယားနှင့် ကပ်နေသည့် တူရကီ နယ်စပ်မြို့များတွင် တက္ကသိုလ်ငယ် များစွာ တည်ထောင်ရန် ယူစဲလ်က စိတ်ကူးထားသည်။ ပထမဆုံး တက္ကသိုလ်တစ်ခုက ဟာတေမြို့တွင် ရှိမည်ဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက် ရရှိပါက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၅၀၀ ကို သင်ကြားပေးရန် ၎င်းက မျှော်လင့်ထား၏။ ထိုတက္ကသိုလ်တွင် ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ပေးရန် ဆီးရီးယားဒုက္ခသည် ၄၀၀ အား ယူစဲလ်က ကမ်းလှမ်းထားသည်။
ဆီးရီးယား ကျောင်းသားကျောင်းသူများ၏ ကျူရှင်ဖိုး အတွက်ကိုတော့ တူရကီအစိုးရ၊ ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်အား ထောက်ပံ့ပေးလိုကြသည့် ပုဂ္ဂိုလ်များထံမှ မေတ္တာရပ်ခံသွားမည်ဟု ယူစဲလ်က ပြောခဲ့သည်။ ပထမနှစ်အတွက် ကန်ဒေါ်လာ ၅၁ သန်းကုန်ကြမည်ဟု ၎င်းက ခန့်မှန်းထားပြီး တက္ကသိုလ်တွင် ကျောင်းသား ၅၅၀၀ ခန့် ဖြစ်လာဖွယ်ရှိသည့် ပဉ္စမမြောက်နှစ်အတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမည်ဟု ယူစဲလ်က ကြိုတင် တွက်ချက်ထား၏။ သူကိုယ်တိုင်က ပထမနှစ်အတွက် ကန်ဒေါ်လာ ၉.၅ သန်း စိုက်ထုတ်သွားမည်ဖြစ်သည်။
`ကျောင်းသား ၂၀၀၀၀ လောက်အထိ ဖြစ်သွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု ယူစဲလ်က ဆိုသည်။ ထိုအစီအစဉ်မှာ ကြီးမားသည့်အစီအစဉ်တစ်ခု ဖြစ်သော်လည်း ယူစဲလ်ကမူ ထိုလုပ်ငန်းတွင် အောင်မြင်သော မှတ်တမ်းတစ်ခု ရှိနေပြီးဖြစ်၏။ ယူစဲလ်မှာ နယ်နယ်ရရမဟုတ်။ အစ္စတန်ဘူလ်ရှိ ဘာချက်စီယာ တက္ကသိုလ်နှင့် နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၅၅ ခု တည်ထောင်ကာ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် Bahcesehir Educational Group အဖွဲ့ကို ဦးဆောင်နေသူတစ်ဦး ဖြစ်၏။ တူရကီနိုင်ငံတွင်သာမက တိုရွန်တို၊ ၀ါရှင်တန်၊ ဆီလီကွန်တောင်ကြား၊ ဘာလင်၊ ကိုးလုံး၊ ဟောင်ကောင်နှင့် ရောမမြို့များ တွင်ပင် ၎င်းတို့၏ တက္ကသိုလ်ခွဲများ ရှိနေ၏။ မကြာသေးမီကပင် ၀ါရှင်တန်၌ BAU ဟုခေါ်သည့် နိုင်ငံတကာ တက္ကသိုလ်တစ်ခုကို တည်ထောင်ခဲ့သည်။
`လူတစ်ယောက်ရဲ့ဘ၀ကို ပညာရေးက တစ်ဆင့်သာ ကျွန်တော်တို့ ပြောင်းလဲနိုင်မှာပါ။ ပြီးတော့ အဲဒီ ပညာပြည့်ဝတဲ့ သူတွေဟာ ကမ္ဘာကြီးကို ပြေင်းလဲနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်´ ဟု ယူစဲလ်က ပြောကြားခဲ့သည်။
ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်များ၏ မျိုးဆက်တစ်ခုကို ပညာသင်ခွင့် ဆုံးရှုံးစေခဲ့သည်။တက္ကသိုလ် တက်ရောက်ခွင့်ရရန် လူငယ်များ၏မျော်လင့်ချက်များ ပျက်ဆီးခြင်းမှာ ဆီးရီးယားပြည်သူများ၏ လူမှုဘ၀တွင် ထိခိုက်မှုအရှိဆုံး ကိစ္စရပ် ဖြစ်သည်။ ဆီးရီးယားလူငယ်အများစုက စာသင်နှစ်များစွာကို လွဲချော်ခဲ့ရပြီး ၎င်းတို့မိသားစု စာဝတ်နေရေး ပြေလည်ရန်အတွက် ကူညီပေးရမည့် ဖိအားများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် ခိုလှုံနေရသော တိုင်းပြည်များတွင်လည်း ၎င်းတို့၏ပညာရေးအတွက် အထောက်အပံ့ပေးမည့်သူများ ရှာမရ။ အဘယ့်ကြောင့်ဆိုသော် ကူညီပေးသူများကလည်း လူငယ်များ၏ ပညာရေးကို နောက်ထားကာ မွေးကင်းစ ကလေးငယ်များနှင့် ရင်ခွင်ပိုက် ကလေးငယ်များအတွက်သာ အာရုံစိုက် လုပ်ဆောင်နေရသည်။
ဆီးရီးယားဒုက္ခသည်များ တူရကီရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားခွင့်ရရေးဝင်ခွင့်ဖြေဆိုမှုများနှင့် အထက်တန်းပြီးဆုံးကြောင်း သက်သေပြမှုများကို အလွန်အမင်း မခက်ခဲစေရန် တူရကီအစိုးရက တတ်နိုင်သမျှ ဆောင်ရွက်ပေးထားသည်။ သို့သော်လည်း ဘာသာစကား အခက်အခဲက ဆီးရီးယားကျောင်းသားများ အတွက် အဓိကပြဿနာဖြစ်နေသည်။
`တူရကီတက္ကသိုလ်တွေက ဆီးရီးယားကျောင်းသား အနည်းငယ်ကိုပဲ လက်ခံလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ တူရကီစကား မတတ်ခြင်းကြောင့်ဖြစ်ပြီးလူတော်တော်များများကလည်း တက္ကသိုလ်တက်ဖို့ ငွေမသွင်းနိုင်ကြပါဘူး´ ဟု လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆီးရီးယားမှ ထွက်ခွာလာပြီး နီဇစ်ပ် ဒုက္ခသည်စခန်းတွင် သမိုင်းဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာ ဘာဆာရ် အလ်-ဆူဗက်ဒ်က ပြောကြားခဲ့သည်။ ထိုစခန်းတွင် ဘာသာစကားအတန်းကို တစ်ပတ်လျှင် ၅ နာရီ သင်ကြားပို့ချပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း အာရဘီတက္ကသိုလ်များရှိပါက ဆီးရီးယားကျောင်းသားများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ပိုမိုကောင်းမွန်သောဘ၀တို့ကို ရရှိနိုင်သည်ဟု ၎င်းက ဖွင့်ဟခဲ့လေသည်။
ဆီးရီးယားပြည်သူများမှာ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော ဂျော်ဒန်၊ လက်ဘနွန်နှင့် အီရတ်နိုင်ငံများတွင် သွားရောက် ခိုလှုံနေကြရသည်။ သို့သော်လည်း တူရကီကဲ့သို့မဟုတ်ဘဲ ထိုနိုင်ငံများတွင် အသုံးပြုသော စကားမှာ အာရဘီစကားဖြစ်နေ၏။
`ဘာသာစကားအခက်အခဲက အဓိကပြဿနာပါပဲ။ တစ်နေ့ ဒီလူတွေ ဆီးရီးယားကို ပြန်သွားတဲ့အခါမှာ မျိုးဆက်ပျောက် သွားတာမျိုး ဖြစ်လို့မရပါဘူး။ တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်တဲ့ မျိုးဆက်တစ်ခုတော့ ရှိဖို့ လိုအပ်ပါလိမ့်မယ်´
အန်ကာရာမှ သုတေသနပညာရှင် ကိုရာဘာတီရ်က ပြောခြင်းဖြစ်သည်။
အသက် ၁၉ နှစ်အရွယ် အီဆာတစ်ယောက် ထိုမျိုးဆက်ထဲမှတစ်ဦး ဖြစ်ချင်နေ၏။
`ကျွန်တော် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဆီးရီးယားမှာ စစ်ပွဲပြီးဆုံးသွားရင်အင်ဂျင်နီယာတွေ လိုအပ်လာမှာလေ´
အနာတစ်ခုကို မျှော်တွေးထားသည့် ဆီးရီးယားလူငယ်တစ်ယောက်၏ အိပ်မက်ပင် ဖြစ်လေသည်။
Ref : alarabiya
.လေးမောင် မြန်မာပြန်ဆိုသည်။
Comments