ဇန်န၀ါရီ ၂၄၊ ၂၀၁၅
M-Media
– ဂျပန်ဓားစားခံ ၂ ဦးအတွက် ပြန်ပေးငွေပေးရန် IS မှ ပေးထားသည့် အချိန် ၇၂ နာရီ ကုန်ဆုံးသွားသော်လည်း မိမိတို့နိုင်ငံသား ၂ ဦးအား ကယ်တင်မှုကို လက်လျှော့စွန့်လွှတ်သွားမည်မဟုတ်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။
ပြန်ပေးငွေပေးရန် အချိန်သတ်မှတ်ချက် ကျော်လွန်သွားပြီးနောက် IS မှ ဖမ်းဆီးထားသော ဂျာနယ်လစ် ကန်ဂျီ ဂိုတိုနှင့် လက်နက်ကန်ထရိုက်တာ ဟာရူနာ ယူကာဝါတို့ အသက်ရှင်လျက် ရှိနေသေးလားဆိုသည်ကို အတိအကျမသိရှိရသေးဘဲ IS ကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
၇၂ နာရီအတွင်း ၎င်းတို့နိုင်ငံသား ၂ ဦးအတွက် ဂျပန်အစိုးရက ပြန်ပေးငွေ သန်း ၂၀၀ မပေးပါက ဓားစားခံနှစ်ဦးအား သတ်ပစ်မည်ဟု IS အဖွဲ့၏ လွန်ခဲ့သော ၃ ရက်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုသတ်မှတ်ချိန်မှာ ဂျပန်စံတော်ချိန် သောကြာနေ့ ၂ နာရီ မိနစ် ၅၀ တွင် ပြည်သွားခဲ့ဖြစ်သည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိနေသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ယာဆူဟီဒီ နာကာယာမာက မိမိတို့မှာ အလျှော့ပေးသွားမည်မဟုတ်ဘဲ ၎င်းတို့နှစ်ဦးအား ဂျပန်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု
ဆိုသည်။
`လမ်းကြောင်းတွေအများကြီးရှိပေမယ့် သူတို့လွတ်မြောက်ဖို့လမ်းကတော့ ခက်ခဲပါတယ်။ အချက်အလက် အသေးစိတ်စစ်ဆေးမှုကို ကျွန်တော်တို့ ထပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ သူတို့ကို အိမ်ပြန်ခေါ်သွားမှာပါ´ ဟု နာကာယာမာက ဂျော်ဒန်မြို့တော် အမ်နန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
IS အဖွဲ့မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ အနောက်နိုင်ငံများမှ ဓားစားခံ ၅ ဦးကို လူသိရှင်ကြား သုတ်သင်ပြခဲ့ပြီး ဂျပန်နိုင်ငံမှ ဓားစားခံများမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ဂျာနယ်လစ် ဂိုတို၏ မိခင်ဖြစ်သူ ဂျန်ကို အိုင်ရှီဒိုက သားဖြစ်သူအား ခွင့်လွှတ်ချမ်းသာပေးရန် ယမန်နေ့က တောင်းပန်ခဲ့သည်။
`IS အဖွဲ့တွေကို ကျွန်မပြောချင်တာက ကျွန်မသားလေး ကန်ဂျီဟာ ရှင်တို့ရန်သူမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး လွှတ်ပေးပါ´ ဟု အိုရှီဒိုက ပြောကြားခဲ့သည်။
ဂျပန်အာဏာပိုင်များကမူ အဆိုပါ ဓားစားခံ ၂ ဦအား ကယ်တင်ရန်အတွက် IS အဖွဲ့နှင့် ဆက်သွယ်မှု ရှာဖွေနေသည်ဟု ဆိုပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေး၏ အကြံပေး ယိုဆူကီ အိုင်ဇာကီကမူ ၎င်းတို့မှာ IS အဖွဲ့နှင့် တစ်ဆင့်ခံဆက်သွယ်မှုသာ ရရှိထားကာ
တိုက်ရိုက်ဆက်သွယ်မှု မရသေးဟု ပြောကြားခဲ့သည်။
Ref: channelnewsasia
Comments