ဇန်န၀ါရီ ၂၄၊ ၂၀၁၅
M-Media
– အင်တာမီလန်အနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းနိုင်မည်ဟု အင်တာတိုက်စစ်မှူးသစ် ပိုဒေါစကီးက ဟောကိန်းထုတ်ခဲ့သည်။
၂၀၁၀ ခုနှစ် မော်ရင်ဟိုလက်ထက်တွင် ချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်မှာ နောက်ပိုင်းတွင် ဥရောပပြိုင်ပွဲ၌ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကလည်း အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည်။
ယခုနှစ်တွင်လည်း အင်တာမီလန်မှာ ရုန်းကန်ခဲ့ရပြီး မန်စီနီရောက်ရှိလာပြီးနောက် ခြေပြန်မှန်လာခဲ့သည်။ အာဆင်နယ်မှ ၆ လအငှားဖြင့် ရောက်လာသည့် ပိုဒေါစကီးက အင်တာမီလန်အသင်းအနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု ဟောကိန်းထုတ်ခဲ့ပြီး ထိုအတွက်လည်း လောင်းရဲသည်ဟု ပြောကြားခဲ့သည်။
`အင်တာမီလန် အဆင့် ၃ နဲ့ ရာသီသိမ်းမယ်ဆိုတာကို ကျွန်တော့်ရှိသမျှအရာအားလုံးနဲ့ လောင်းကြေးထပ်ပါတယ်။ ဒီကိုပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ကတည်းက နည်းနည်း အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှုတွေ ရနေပါတယ်´ ဟု ပိုဒေါစကီးက La Stampa သတင်းစာသို့ ပြောကြားခဲ့သည်။
အာဆင်နယ်တွင် အရန်ခုံ၌သာ အချိန်ကုန်ခဲ့ရသည့် ပိုဒေါစကီးမှာ မန်စီနီကိုင်တွယ်သည့် အင်တာမီလန်သို့ ရောက်ရှိပြီးနောက် ပွဲထွက်စားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
`စီးရီးအေဟာ သိပ်ထူးခြားတယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ နှစ်ခုကို ပြောရရင် နည်းစနစ်ပိုင်းနဲ့ ခံစစ်ပိုင်းပါပဲ´ ဟု ဆိုပြီး ပရီးမီးယားလိဂ်မှာ ပို၍ သက်ဝင်လှုပ်ရှားမှုရှိကာ ပရီးမီးယားလိဂ်အသင်းများမှာလည်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်စိတ်ရှိကြောင်း ပိုဒေါစကီးက ထည့်သွင်းပြောကြားခဲ့သည်။
Ref: goal.com
Comments