ဇန်န၀ါရီ ၂၈၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်တစ်ပတ်က ကော်ဒိုဘာအသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမားအား ကန်ကျောက်ခဲ့သည့် ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။
၂ ဂိုး ၁ ဂိုးဖြင့် ရီးယဲလ်ကအနိုင်ရခဲ့သည့် ထိုပွဲ ပြီးကာနီးတွင် ရော်နယ်ဒိုမှာ ကော်ဒိုဘာနောက်ခံလူ အဒီမာရ်အား ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ရန်အတွက် လက်ကိုလည်းရွယ်ခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုအား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။
အဒီမာရ်က ထိုဖြစ်ရပ်အတွက် အရေးယူပေးရန် လာလီဂါစည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တိုက်တွန်းခဲ့ပြီး၊ ရော်နယ်ဒိုကလည်း ထိုအဖြစ်အပျက်အတွက် အလျင်အမြန်ပင် တောင်းပန်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လာလီဂါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရော်နယ်ဒိုအား ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့ကြောင့် ရော်နယ်ဒိုမှာ လာလီဂါပွဲများဖြစ်သည့် ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့နှင့်ပွဲတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ်ချေ။
ရော်နယ်ဒိုမှာ ယခုနှစ်ဘောလုံးရာသီတွင် ရီးယဲလ်အတွက် စုစုပေါင်း ၃၁ ပွဲကစားပေးထားပြီး ၃၆ ဂိုး သွင်းယူပေးထားနိုင်သည်။
Ref: goal.com
Comments