ဖေဖော်ဝါရီ ၃၊ ၂၀၁၅
M-Media
– မလေးရှားနိုင်ငံတောင်ပိုင်း မလာကာပြည်နယ်တွင် မွတ်စလင်အများစုရှိရာဒေသများ၌ အရက်ရောင်းချမှုကို တားမြစ်ပိတ်ပင်လိုက်ပြီး အရက်ထုတ်လုပ်သည့်စက်ရုံများတွင် မွတ်စလင်များ အလုပ်လုပ်ခြင်းကိုလည်း တရားမ၀င်ဟု ပြည်နယ်အစိုးရက သတ်မှတ်လိုက်သည်။
`ဒီလိုပိတ်ပင်မှုကို ဆောင်ရွက်ခဲ့တဲ့ မလာကာ ပြည်နယ်အစိုးရကို ကျွန်တော်တို့ ချီးကျူးပါတယ်။ ပြည်သူတွေအနေနဲ့ ဟာလာနည်းကျ ဘ၀တည်ဆောက်ဖို့အတွက် ဒီဆောက်ရွက်ချက်ဟာ သွယ်ဝိုက်ပြီး အကူအညီပေးပါတယ်။ မွတ်စလင်တစ်ယောက်ချင်းစီတိုင်းအတွက် အရက်သေစာရောင်းချမှုကို ဥပဒေနဲ့ တားမြစ်ပိတ်ပင် လိုက်ပါပြီ´ ဟု အစ္စလာမ်ပါတီတစ်ခုဖြစ်သော PAS ၏ ဗဟိုကော်မတီအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
မလာကာဝန်ကြီးချုပ် ဒါတွတ် ဆီ အီဒရစ် ဟာရွန်က အတည်ပြုခဲ့သည့် အဆိုပါ ပိတ်ပင်မှုတွင် အစ္စလာမ်က ဟာရမ်(သုံးစွဲ၊ ရောင်းချပိုင်ခွင့်မရှိ) ဟု သတ်မှတ်ထားသည့် အရက်သေစာ ရောင်းချမှုကို စတိုးဆိုင်များက ချက်ချင်း ရပ်တန့်ရမည်ဖြစ်ပြီး မွတ်စလင်လူဦးရေ ၉၀ ရာခိုင် နှုန်းကျော်ရှိသော ဒေသများ၌ 7-11 ဆိုင်များတွင်ပါ အရက်ရောင်းချမှုကို ရပ်တန့်ရမည်ဖြစ်သည်။
PAS ခေါင်းဆောင်များကမူ စင်ကာပူရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ည ၁၀ နာရီခွဲမှ နံနက် ၇ နာရီအထိ အရက်သောက်သုံးမှုမပြုလုပ်ရန် ပိတ်ပင်သည့် ဥပေဒမူကြမ်းကိုလည်း ကြိုဆိုခဲ့သည်။
`ဒါဟာ အရက်ရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း ပြနေတာပါပဲ။ နောက်ပြီး မလေးရှားမှာ အထူးသဖြင့် မြို့ပြဒေသတွေမှာဆို အရက်ကို စတိုးဆိုင်တွေမှာတောင် အလွယ်တကူရနေပြီး ဘယ်လို အရေးယူမှုမှ မလုပ်နိုင်ပါဘူး´ ဟု PAS ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အစ္စလာမ်သာသနာမှာ မူးယစ်စေတတ်သောအရာများ သုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်ထားပြီး မွတ်စလင်များ အရက်သောက်သုံးခြင်းနှင့် ရောင်းချခြင်းကိုပင် ဟာရမ်ဟု သတ်မှတ်ထားသည်။ အစ္စလာမ့်အခြေခံဥပဒေတွင် အရက်၊ မူးယစ်ဆေးဝါး၊ ကစော် သို့မဟုတ် လူများအားမူးယစ်ထုံထိုင်းစေသော အခြားအရာအားလုံးကို သုံးစွဲခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။
နိုင်ငံတစ်ဝှမ်းလုံး
မလာကာအစိုးရ၏ အဆိုပါပိတ်ပင်မှုကို ကြိုဆိုခဲ့သည့် PAS က နိုင်ငံတစ်ဝှမ်းတွင်လည်း ထိုကဲ့သို့ ပိတ်ပင်မှုများကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
`တစ်နိုင်ငံလုံးမှာ စံတစ်ခုရှိဖို့ အရက်သေစာနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို အစိုးရကချမှတ်ပါလို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ နောက်ပြီး အရက်သေစာလုပ်ငန်းတွေကနေ မွတ်စလင်တွေလွတ်မြောက်ဖို့ ကြိုစားအားထုတ်မှုတိုင်းကို ကျွန်တော်တို့ အကြွင်းမဲ့ ထောက်ခံသွားမှာပါ´ ဟု PAS ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး ထိုသို့ပိတ်ပင်မှုက မွတ်စလင်များ ၎င်းတို့၏ ဘာသာတရားမှ တားမြစ်ထားသော အလုပ်များတွင် ပါဝင်ခြင်းမှ လွတ်ကင်းအောင် အကူအညီဖြစ်စေမည်ဟု ဆိုသည်။
PAS က ထောက်ခံသော်လည်း မလေးရှားတရုတ်အသင်း MCA နှင့် အခြားသောအဖွဲ့များကမူ ထိုပိတ်ပင်မှုကို ဆန့်ကျင်ခဲ့သည်။
MCA က ထိုကဲ့သို့ ပိတ်ပင်ခြင်းမှာ အခြားသော တိုင်းရင်းသားများအား ခွဲခြားသကဲ့သို့ ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများအကြား ပေါင်းစည်းမှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။
Gerakan Youth အဖွဲ့ကလည်း အစိုးရ၏ အဆိုပါပေါ်လစီအသစ်မှာ ကုန်သွယ်ရေးကဏ္ဍတွင် နိုင်ငံရေးက ၀င်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ကန့်ကွက်ပြောကြားခဲ့ပြီး အစိုးရအနေဖြင့်အဆိုပါ ပိတ်ပင်မှုအား ပြန်လည်စဉ်းစားရန် တိုက်တွန်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၅ နှစ်မှစ၍ ဆီလန်ဂေါပြည်နယ် ရှေ့ဆောင်အီမာမ်များနှင့် မုအ်ဇင်(၀တ်ပြုရန်နှိုးဆော်သူ) များကဲ့သို့ ဗလီဝတ်ကျောင်းတော်ရှိ တာဝန်ရှိသူများအနေဖြင့် လူမြင်ကွင်းတွင် အရက်သေစာသောက်စားသည့် မွတ်စလင်များအား ဖမ်းဆီးရန် ခွင့်ပြုထားသည်။
မလေးရှားနိုင်ငံ၏ လူဦးရေမှာ ၂၆ သန်းနီးပါးရှိပြီး အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။
Ref: onislam
Comments