ဖေဖော်ဝါရီ ၇၊ ၂၀၁၅
M-Media
– အီဘိုလာကူးစက်မည်ကို စိုးရိမ်သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို လက်ခံကျင်းပရန် ငြင်းဆိုခဲ့သည့် မော်ရိုကိုအား လာမည့် အာဖရိကဖလားပြိုင်ပွဲ ၂ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF က ပိတ်ပင်လိုက်သည်ဟု သိရသည်။
မော်ရိုကိုမှာ ယခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် ယခင်က တာဝန်ယူခဲ့သော်လည်း အာဖရိကအနောက်ခြမ်းတွင် ကူးစက်ပြန့်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် နိုင်ငံအတွင်း ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်ရသည်ဟုဆိုကာ ပြိုင်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ငြင်းဆိုခဲ့သည်။
CAF မှ ယမန်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်၏ ထိုသို့ ငြင်းဆိုမှုမှာ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအတွက် လက်ခံ၍မရနိုင်ဟု ယူဆခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၉ တွင် ပြုလုပ်မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် CAF မှာ မော်ရိုကိုအား ဒဏ်ငွေ ပေါင် ၆သိန်း ၂ သောင်း ဒဏ်ရိုက်ခဲ့ပြီး ပြိုင်ပွဲမကျင်းပသောကြောင့် နစ်နာခဲ့ရသူများအတွက် နစ်နာကြေးအဖြစ် ပေါင် ၅.၉ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
မော်ရိုကိုက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ငြင်းဆိုခဲ့သောကြောင့် ၂၀၁၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အီကွေတိုရီယဲလ် ဂီနီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Ref:goal.com
Comments