6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၅
The Voice Weekly မှ ကူးယူဖော်ပြသည်။
မောင်ကိုနီ(တရားရုံးချုပ်ရှေ့နေ)

IMG_2747

မှတ်ပုံတင်ပျောက်နေသူ တစ်ဦးပြုလုပ်ထားသော White card ကိုတွေ့ရစဉ် (ဓာတ်ပုံ – နစ်ကီ)

လတ်တလောနေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များ၌ ၀ှိုက်ကတ်(ယာယီ သက်သေခံကတ်ပြား) နှင့်စပ်လျဉ်း၍ အမျိုးမျိုးဝေဖန်ပြော ဆိုရေးသားနေသည်ကို တွေ့ရသည်။ အချို့က ၀ှိုက်ကတ်ကိုင်ဆောင်သူကို နိုင်ငံခြားသားကို မဲပေးခွင့်ပြုသည်ဟုလည်းကောင်း၊ ၀ှိုက်ကတ်ဟူ၍ ဥပဒေတွင် မရှိဟူ၍ လည်းကောင်း၊ အလွန်အကျွံပြောဆိုလာကြသည့် အတွက် ဥပဒေသဘောကို လူအများသိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ ဤဆောင်းပါးဖြင့် မျှဝေရခြင်းဖြစ်ပါသည်။

ဝှိုက်ကတ် (သို့မဟုတ်) ယာယီသက်သေခံကတ်ပြား
———————————————–
ဝှိုကတ်ဟူသည့်စကားလုံးအသုံးအနှုန်း ဥပဒေတွင် မရှိပါ။ လတ်တလောပြောဆိုနေကြသည့် ၀ှိုက်ကတ်ဆိုသည့်စကားရပ်သည် အများသူငါအရပ်သုံးစကားဖြစ်ပြီး ဥပဒေစကားအရဆိုလျှင် “ယာယီ သက်သေခံလက်မှတ်”ကို ဆိုလိုရင်းပင်ဖြစ်သည်။

၁၉၅၁-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ-၂(င) တွင်

“ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ သက်သေခံကတ်ပြားအစားထုတ်ပေး၍ သတ်မှတ်ထား သည့်ကာလအပိုင်းအခြား အတွက်သာလျှင် အတည်ဖြစ်သော မည်သူဖြစ်ကြောင်း၊ သက်သေခံလက်မှတ် ကို ဆိုလိုသည်”ဟု တိကျရှင်းလင်းစွာပြဋ္ဌာန်းထားပါသည်။

၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်သည့်နိုင်ငံသားများနှင့် နိုင်ငံ ခြားသားများအား စာရင်းကောက်ယူမှတ်ပုံတင်ရေးနှင့်စပ်လျဉ်း၍

(၁)နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေ(၁၉၄၀)
(၂)နိုင်ငံခြားသားများမှတ်ပုံတင်ရေးဥပဒေ(၁၉၄၈)
(၃)ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ(၁၉၄၉)
(၄)ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ(၁၉၅၁)
စသည်တို့ကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါသည်။ ယင်းဥပဒေများမှာ ယနေ့တိုင်တည်ဆဲဖြစ်ပါသည်။

ယာယီသက်သေခံလက်မှတ် ဘယ်သူ့ကို ထုတ်ပေးနိုင်သလဲ
———————————————–
ယာယီသက်သေခံလက်မှတ်ကို နိုင်ငံခြားသားအား ထုတ်ပေးရန် ပြဋ္ဌာန်းထားသည့်ဥပဒေမျိုးလုံးဝ မရှိပါ။ မြန်မာနိုင်ငံ အတွင်း နေထိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(သို့မဟုတ်) နိုင်ငံ သားကတ်ပြားတစ်မျိုးမျိုးရခွင့်ရှိသူအား ထိုကတ်ပြားထုတ်ပေးနိုင်ခြင်း မရှိသေးသည့် အခြေအနေမျိုးတွင် ယာယီသဘောထုတ်ပေးသည့် ကတ်ပြားတစ်မျိုးဖြစ်ပါသည်။ မည်သည့်အခါ ယာယီသက်သေခံလက်မှတ် ထုတ်ပေးနိုင်ကြောင်း နည်းဥပဒေ(၁၃)တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်။

(၁)အောက်ပါအကြောင်းတစ်ခုခုရှိလျှင် စာရင်းထိန်းက ယာယီသက်သေခံလက်မှတ်များကို ထုတ် ပေးနိုင်သည်။

(က)မှတ်ပုံတင် စာရင်းများတွင် ရေးသွင်းချက်များကို နည်းလမ်းတကျလုံလောက်စွာရေးသွင်းပြီးပြီ ဟု စာရင်းထိန်းက ယူဆလျှင်၊
(ခ)ပျောက်ဆုံးသော(သို့တည်းမဟုတ်)ပျက်စီးသော(သို့တည်းမဟုတ်)မထင်မရှားဖြစ်သော သက်သေခံကတ်ပြားအစား အခြားကတ်ပြားတစ်ခု ထုတ်ပေးရန် လျှောက်ထားတင်သွင်းလျှင်၊
(ဂ)မှတ်ပုံတင် အရာရှိချုပ်က ယေဘုယျ(သို့တည်းမဟုတ်)အထူးအမိန့်ဖြင့် သီးခြားဖော်ပြသည့် အခြားအကြောင်းများရှိလျှင်၊

(၂)ယာယီသက်သေခံလက်မှတ်များသည် ဤနည်းဥပဒေများနောက်တွင် ပူးတွဲပါရှိသည့်ပုံစံ(၃) အတိုင်း ဖြစ်ရမည်။

(၃)ယာယီသက်သေခံလက်မှတ် အတည်ဖြစ်သည့်ကာလအပိုင်းအခြားကို နေ့ရက်သတ်မှတ်၍ ကန့်သတ်နိုင်သည်။

(၄)ယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည် မိမိလက်မှတ်ကို လက်မှတ်အတည်ဖြစ်သည့်ကာလ အပိုင်းအခြားကုန်ဆုံးပြီးနောက် ခုနစ်ရက်အတွင်း စာရင်းထိန်းထံ ပြန်အပ်ရမည်။ စာရင်းထိန်းသည် လိုအပ် လျှင် နောက်ထပ်မည်ရွေ့မည်မျှ ကာလအပိုင်းအခြားအတွက် လက်မှတ်အတည်ဖြစ်ကြောင်း ထပ်ဆင့် လက်မှတ်ရေးထိုး၍ ထိုလက်မှတ်ကိုသော်လည်းကောင်း၊ ပြန်လည်ထုတ်ပေးနိုင်သည်။ သို့တည်းမဟုတ် ယာယီသက်သေခံလက်မှတ်သစ်တစ်ခုကိုသော်လည်းကောင်း ထုတ်ပေးနိုင်သည်။

(၅)ယာယီသက်သေခံလက်မှတ်ပိုင်ရှင်သည် ထိုယာယီသက်သေခံလက်မှတ်အစား သက်သေခံ ကတ်ပြားကို ရရှိသောအခါ ထိုယာယီသက်သေခံလက်မှတ်ကို စာရင်းထိန်းထံ ပေးအပ်ရမည်။
သို့ရာတွင် နည်းဥပဒေခွဲ (၄)နှင့် (၅)ပါ ကိစ္စများအလို့ငှာ ယာယီသက်သေခံလက်မှတ်သည် အခြားသူတစ်ဦး၏ အုပ်ထိန်းခြင်းခံရသူနှင့်သက်ဆိုင်လျှင် ထိုသက်သေခံလက်မှတ်ကို ထိုအုပ်ထိန်းသူက ပေးအပ်ရမည်။
အထက်ပါပြဋ္ဌားန်ချက်ကိ လေ့လာရုံမျှဖြင့် ယာယီသက်သေခံလက်မှတ်သည် နိုင်ငံသားဖြစ်မည့်သူ များကိုသာ ထုတ်ပေးနေသည့်ကတ်ပြားဖြစ်ကြောင်းနှင့် ဥပဒေအရ ထုတ်ပေးသောကတ်ပြားတစ်ခုသာ ဖြစ်ကြောင်း အထင်အရှားတွေ့နိုင်ပါသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ယာယီသက်သေခံလက်မှတ်
———————————————–
၁၉၈၂-ခုနှစ်မတိုင်မီက မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက်နိုင်ငံသားများနှင့် နိုင်ငံခြားသား များဟူ၍ (၂)မျိုးသာရှိရာ နိုင်ငံသား ဟုတ်/ မဟုတ်စိစစ်ရသည့်ကိစ္စ ဥပဒေသဘောအရ အခက်အခဲ မရှိလှပါ။ သို့သော် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံသားအမျိုးအစား(၃)မျိုး ကွဲပြား သွားပါသည်။

(၁)ပုဒ်မ၂(ခ)အရ နိုင်ငံသားများ
(၂)ပုဒ်မ၃(ဂ)အရ ဧည့်နိုင်ငံသားများနှင့်
(၃)ပုဒ်မ၂(ဃ)အရ နိုင်ငံသားပြုခွင့်ရသူများ

ဟူ၍ (၃)မျိုးခွဲခြားသတ်မှတ်ပြဋ္ဌာန်းထားရာ နိုင်ငံသားအမျိုးအစားအလိုက် ဆိုင်ရာလက်မှတ် ထုတ်ပေးရခြင်းဖြစ်၍ စိစစ်ရေးကိစ္စများတွင် ကြန့်ကြာမှုများရှိလာပြီး မည်သည့်နိုင်ငံသားအမျိုးအစား ဖြစ်ကြောင်း  စိစစ်နေဆဲကာလအတွင်း ထိုစိစစ်နေဆဲပုဂ္ဂိုလ်အား မည်သူဖြစ်ကြောင်း သိသာနိုင်စေရန် ယာယီသက်သေခံလက်မှတ်ကို မလွဲမသွေထုတ်ပေးရမည်ဖြစ်ပါသည်။

ယာယီသက်သေခံလက်မှတ်ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
———————————————–
မြန်မာနိုင်ငံအတွင်း နေထိုင်သူတစ်ဦးတစ်ယောက်သည် မိမိမည်သူမည်ဝါဖြစ်ကြောင်း သိသာ ထင်ရှားစေသည့် သက်သေခံလက်မှတ် တစ်မျိုးမျိုးကိုင်ဆောင်ထားနိုင်မှသာ ထိုသူမည်သူမည်ဝါဖြစ် ကြောင်း ဆိုင်ရာအာဏာပိုင်များက သိနိုင်မည်ဖြစ်၍ အဆိုပါရည်ရွယ်ချက်ဖြင့် ယာယီသက်သေခံ ကတ်ပြား ကို ထုတ်ပေးရခြင်းဖြစ်ပါသည်။ ဆိုင်ရာသက်သေခံလက်မှတ်တစ်ခုခု လက်ဝယ်မရှိသေးမီ ကြားကာလ အတွင်း မိမိ၏ အခွင့်အရေးများကို ကျင့်သုံးနိုင်ရန် ထုတ်ပေးထားရခြင်းဖြစ်ပါသည်။ ခရီးသွားလာသည့် အခါ၊ တည်းခိုသည့်အခါ၊ စာမေးပွဲဖြေဆိုသည့်အခါ၊ အလုပ်လျှောက်ထားသည့်အခါ၊ ဆန္ဒမဲပေးသည့်အခါ များတွင် ထိုသူမည်သူမည်ဝါဖြစ်ကြောင်း သိသာနိုင်ရန် ထုတ်ပေးရခြင်းဖြစ်ပါသည်။ ယာယီသက်သေခံ လက်မှတ်ထုတ်ပေးမထားပါက ထိုသူသည် နိုင်ငံသားတစ်မျိုးမျိုးတွင် မုချပါဝင်နေသူဖြစ် ပါလျက် ထိုသူ၏ အခွင့်အရေးများကို ကျင့်သုံးခွင့်ရတော့မည်မဟုတ်၍ နစ်နာဆုံးရှုံးမှုရှိနိုင်သည်ကို သတိပြုရန် လိုအပ် ပေသည်။

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူနှင့် မဲပေးခွင့်
———————————————–
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူသည် အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံသား တစ်ဦးအား ဆိုင်ရာနိုင်ငံသား လက်မှတ်တစ်မျိုးမျိုးကို ထုတ်မပေးနိုင်သေးမီ ကြားကာလအတွင်း ထိုသူ၏ နိုင်ငံသားဖြစ်မှုကို သိသာနိုင်စေရန် ယာယီသဘော ထုတ်ပေးထားခြင်းဖြစ်၍ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိကြောင် အငြင်းပွားရန် အကြောင်းမရှိဟု ဆိုနိုင်ပါသည်။

ဝှိုက်ကတ်နှင့် ပတ်သက်၍ အငြင်းပွားနိုင်သည့်ပြဿနာ
———————————————–
မုချနိုင်ငံသားတစ်မျိုးမျိုးတွင် အကျုံးဝင်သည့်နိုင်ငံသားများအား ယာယီသက်သေခံလက်မှတ်ထုတ် ပေးထားခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ မည်သည့်ပြဿနာမျှမရှိနိုင်ပါ။ ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရှိဟု ငြင်းပယ်ရန်လည်း အကြောင်းမရှိပါ။

ပြဿနာဖြစ်နိုင်သည့်အချက်မှာ နိုင်ငံသားတစ်မျိုးမျိုးတွင် အကျုံးမ၀င်သူများအား တစ်နည်း အားဖြင့် နိုင်ငံခြားသားယာယီ သက်သေခံ လက်မှတ်ထုတ်ပေးခဲ့လျှင် ယင်းအချက်သည် ဥပဒေနှင့်မညီ သောလုပ်ဆောင်ချက်ဖြစ်၍ ပြဿနာမုချရှိလာမည်ဖြစ်ပါသည်။ လတ်တလောတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်က ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ မဲပေးခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းသည် ဥပဒေ နှင့်ညီသောဆောင်ရွက်ချက်ဖြစ်၍ ဝေဖန်ပြစ်တင်ရန် အကြောင်းမမြင်ပါ။ ဝေဖန်ရမည့်နေရာ(သို့မဟုတ်) အပြစ်တင်ရမည့် အချက်သည် ယာယီသက်သေခံ လက်မှတ်ကို ထုတ်ပေးရန် မသင့်သူအား ထုတ်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင် လိမ့်မည်ဖြစ်ပေသည်။

(ဤဆောင်းပါးကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။)

မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

Leave a Reply