ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၅
ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
ဦးဘစိန်သည် ရခိုင်ပြည်နယ် သံတွဲသားဖြစ်သည်။ မဟာသိပ္ပံ(ဂုဏ်ထူး) M.Sc ဘွဲ့နှင့် မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း အုပ်ချုပ်မှုရာထူး) B.C.S ဘွဲ့ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ တိုင်းမင်းကြီးရာထူးဖြင့် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ပြီး သီရိပျံချီ ဘွဲ့အပ်နှင်းခြင်း ခံရသူလည်းဖြစ်သည်။
အိမ်ထောင်ဘက်မှာ ဒေါ်စိုင်ဖြစ်ပြီး ၁၉၂၄ ခု မတ်လတွင် တစ်ဦးတည်းသောသမီး ဒေါက်တာဒေါ်ရီရီကို ဖွားမြင်သည်။ ဒေါက်တာ ဒေါ်ရီရီသည် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်ဆိုင်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၅၈-ခုနှစ်တွင် Ph.D ဘွဲ့ကို ရရှိသည်။ မြန်မာနိုင်ငံ သမိုင်းအဖွဲ့ သုတေသနကျမ်းပြု အရာရှိ အဖြစ်လည်းကောင်း၊ ပါတီ သုတေသနဌာန မြန်မာနိုင်ငံသမိုင်း အခြေပြကျမ်း ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာန စာပေဗိမာန် စွယ်စုံကျမ်း စိစစ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သီရိပျံချီ ဦးဘစိန်သည် အစ္စလာမ် သာသနာ့ရေးရာ ကောင်စီ စတင်ဖွဲ့စည်းသည်မှစ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ကောင်စီဌာနချုပ် ကျမ်းပြုကော်မတီဝင်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် ဧပြီလမှစ၍ ကမ္ဘာ့အလင်း စာစောင်ကြီးတွင် ဆောင်းပါးများ ပါဝင် ရေးသားသည်။ အထူးသဖြင့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ် သခင်၏ ဟဒီးဆ်သြ၀ါဒတော်ဆိုင်ရာ ဘာသာပြန်ဆိုချက်များဖြစ်သည်။ ပထမဆုံး ရေးသားပြုစု ထုတ်ဝေသော စာအုပ်မှာ “အစ္စလာမ် ဘာလဲ” စာအုပ်ဖြစ်သည်။
အစ္စလာမ်ဘာလဲ စာအုပ်တွင်-
အခန်း ၁။ အစ္စလာမ်၏ အဓိပ္ပာယ်
အခန်း ၂။ ခ၀ပ်ကိုးကွယ်ခြင်း
အခန်း ၃။ အိမ်တွင်းငြိမ်းချမ်းသာယာခြင်း
အခန်း ၄။ အိမ်ပြင်ငြိမ်းချမ်းသာယာခြင်း
အခန်း ၅။ နိဂုံး
အခန်း ၆။ ဆုတောင်းဂါထာများ
ဖြစ်သည်။
အစ္စလာမ်ဘာလဲ စာအုပ်တွင် တမန်တော်မုဟမ္မဒ်သခင်၏ သြ၀ါဒ နီတိများလည်း နောက်ဆက်တွဲ ထည့်သွင်းဖော်ပြထားသည်။ ဆုတောင်း ဂါထာများတွင် ကုရ်အာန်နှင့် ဟဒီးဆ်တော်လာ တောင်းဆုတော်များ ၉၁ ဂါထာပါဝင်သည်။ ကမ္ဘာ့အလင်းပုံနှိပ်တိုက်တွင် ဦးဘသိန်း (ဒဂုန်သိန်း) က တာဝန်ခံရိုက်နှိပ်ကြောင်း စာမူကို ကမ္ဘာ့အလင်းတိုက် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်ဘာသာစာပေ ဖြန့်ဖြူးရေးအဖွဲ့သို့ လှူဒါန်းကြောင်း ဖော်ပြထားသည်။
အစ္စလာမ်ဘာလဲစာအုပ် နိဒါန်းတွင် ကျမ်းပြုသူက အစ္စလာမ် ဘာသာ၏အနှစ်သာရကို ဗမာမွတ်စလင်မ်အပေါင်းတို့ သိစေခြင်းငှာ ကုရ်အာန်ကျမ်းတော်နှင့် ဟဒီးဆ်သြ၀ါဒတော်မှ ကောက်နုတ်ချက်များဖြင့် စာအုပ်ကို စီစဉ်ဖန်တီးကြောင်း ဖော်ပြသည်။ အစ္စလာမ်ဘာလဲ စာအုပ်က မူရင်းကုရ်အာန်နှင့် ဟဒီးဆ်ဟူသည် ကျမ်းကြီးနှစ်စောင်ကို ဆက်လက် လေ့လာရန် တိုက်တွန်းလိမ့်မည်ဟု ကျမ်းပြုက မျှော်လင့် ထားသည်။ ကျမ်းပြုသည် ကုရ်အာန်နှင့် ဟဒီးဆ်ကို ကိုယ်တိုင် လေ့လာ ဆည်းပူး စေလို သော စေတနာ ဆန္ဒရှိကြောင်း သိရှိရသည်။
စာအုပ်နိဒါန်းအပြီးတွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ထင်မြင်ယူဆချက်၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေး ၀န်ကြီးဦးဝင်း၏ မိတ်ဆက်စကား၊ အမျိုးသားစီမံကိန်းနှင့် သာသနာရေးဌာန အတွင်းဝန် ဦးဘခင်၏ ထောက်ခံချက်၊ ရန်ကုန်တက္ကသိုလ် သင်္ချာကထိက ဦးကာ၏ ထောက်ခံချက်များကို ပြည့်စုံစွာ ဖော်ပြထားသည်။
အစ္စလာမ်ဘာလဲ စာအုပ်ကို ဖတရှုလေ့လာပြီး ကုရ်အာန်ကျမ်း တော်မြတ်လာ မုက္ခပါဌ်များနှင့် ဟဒီးဆ်တော်လာ သြ၀ါဒအဆုံးအမ အတိုင်းလိုက်နာ ကျင့်ကြံအားထုတ်ပါက ကမ္ဘာကြီးက တောင့်တနေသော ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်မည် ဖြစ်သဖြင့် များစွာတန်ဖိုးရှိလှသော စုဆောင်း တင်ပြချက်များဟု ဆိုနိုင်ပါသည်။
သီရိပျံချီဦးဘစိန်သည် ၁၉၆၂-ခုနှစ်တွင် ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်(ပထမတွဲ)ကို ထုတ်ဝေသည်။ အရဗီစာကိုယ်မပါ။ မြန်မာ ဘာသာပြန်သက်သက်ဖြစ်သည်။ ကျမ်းဦးအမှာစာတွင် အစ္စလာမ်တရား တော်မထွန်းမီကာလက အရဗ်တို့ အခြေအနေနှင့် အစ္စလာမ်တရားတော် ထွန်းပပြီး အရဗ်တို့ အခြေအနေကိုနှိုင်းယှဉ်ပြသည်။ အရိုင်းစိုင်းဆုံး အကြမ်း ကြုတ်ဆုံး အောက်ကျနောက်ကျဆုံး အခြေအနေမှ အလွန်တိုတောင်းသော ကာလအတွင်း အယဉ်ကျေးဆုံး၊ ပညာရှိဆုံး၊ တန်ခိုးအကြီးဆုံးသော လူမျိုးတစ်မျိုးအဖြစ် ရောက်ရှိကြသည့်အကြောင်းရင်းမှာ အရှင်မြတ် အဆုံးအမတော်ကို တစ်သဝေမတိမ်း အခါမလပ် လိုက်နာကျင့်သုံးခြင်းကြောင့် ဖြစ်သည်။
မြန်မာမွတ်စလင်မ်တို့ အခြေအနေမှာ ရှေးအရဗ်လူမျိုးတို့၏ အခြေအနေလောက်မဆိုး၊ ကြီးပွား အောင်မြင်လိုလျှင် အာရဗ်တို့ကို အတုယူရမည်။ သူတို့ကဲ့သို့ အစ္စလာမ်တရားတော်၌တည်၍ အလ္လာဟ်၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးရမည်။ သို့သော် မြန်မာမွတ်စလင်မ်တို့မှာ တရားတော်ကို နှစ်နှစ်ကာကာ သိခွင့်မရ။ ဗလီဆရာတို့ ဟောကြားသည်ကို နာခံခြင်းဖြင့် တင်းတိမ်နေကြရကုန်၏။ဤသို့သော အားမရဖွယ် အခြေအနေကို ပြုပြင်ရန် ကုရ်အာန်ကျမ်းမြတ်ကို မြန်မာ စကားဝေါဟာရ ဖြင့် ပြန်ဆိုရန် လိုအပ်ပေသည်။ သို့မှသာ မိမိတို့ဘာသာ လေ့လာသိရှိပြီး တရားတော်အတိုင်း ပြုမူပြောဆို ကျင့်ကြံနေထိုင် နေကြမည်ဟု ကျမ်းပြု၏ ရည်မှန်းချက်ကို လေ့လာသိရှိရသည်။
ကျမ်းကိုပြုစုရာ၌ မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာဖြင့် ပြီးသော ကုရ်အာန်ကျမ်းမြတ် The Meaning of the Glorious Koran ကို အခြေခံထားသည်။ သို့သော် မုဟမ္မဒ်အလီ၊ ယူဆွဖ်အလီ၊ ဂိုလမ်ဆိုရ်ဝါ ဒေါက်တာဘာရီနှင့် မစ္စတာဒါဝတ်တို့၏ အင်္ဂလိပ်ဘာသာ ကုရ်အာန်ကျမ်းတော် များကိုလည်း နှီးနှောကြောင်း ဖော်ပြထားသည်။
ကျမ်းစီစဉ်ပုံမှာ နိဒါန်းကြီး၊ နိဒါန်းငယ်၊ ပင်ကိုယ် ကျမ်းတော် ဟူသည့် အစီအစဉ်အတိုင်းဖြစ် သည်။ နိဒါန်းကြီးကို မုဟမ္မဒ်အလီ၏ အင်္ဂလိပ်ဘာသာပြန် ကျမ်းနိဒါန်းမှပြန်ဆိုသည်။ စူရာတိုင်းတွင် ပါသော နိဒါန်းငယ်ကို ယူစွဖ်အလီ၏ နိဒါန်းများမှ ပြန်ဆိုသည်။ ပင်ကိုယ်ကျမ်းတော်ကို မစ္စတာပစ်က်ထော၏ အင်္ဂလိပ်ဘာသာကျမ်းမှပြန်ဆိုသည်။
နိဒါန်းကြီးတွင်
(က) ဘုရားတစ်ဆူဝါဒ
(ခ) ဘုရားဂုဏ်တော်များ
(ဂ) နောင်ဘဝ
(ဃ) နိဗ္ဗာန်နှင့်ငရဲ
(င) ဗျာဒိတ်ပေးတော်မူခြင်း
(စ) အာဒမ်သခင်
(ဆ) နူဟိုသခင်
(ဇ) သမ္မာကျမ်းတော်၌ မဖော်ပြသော တမန်တော်များ
(ဈ) အေဘရာဟင်သခင်
(ည) မူစာသခင်
(ဋ) ရေရှုခရစ်သခင်
(ဌ) လွတ်လပ်စွာကိုးကွယ်ခွင့်
(ဍ) အမျိုးသမီးများ၏ အခြေအနေ
ဟူ၍ ပါဝင်သည်။
နိဒါန်းကြီးနှင့်အတူ စူရဟ် ၁ မှ ၁၀ ကို ပထမတွဲအဖြစ် ထုတ်ဝေပြီး ၁၁ မှ ၃၀ အထိကို ဒုတိယတွဲအဖြစ် ထုတ်ဝေသည်။ ခေတ်မီကျမ်းများ စီစဉ်ပုံအတိုင်း အက္ခရာစဉ်၊ အညွှန်းပါသဖြင့် သိလိုရာရာကို လွယ်လင့်တကူ ရှာနိုင်ပေသည်။
ဤကျမ်းကို ထုတ်ဝေပြီးမကြာမီ နိဒါန်းကြီးသည် ကာဒီယာနီ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ၏ အယူအဆဖြစ်သည် ဟု ထောက်ပြဝေဖန်ကာ ပြစ်တင် ရှုတ်ချခြင်း ခံရတော့သည်။ သို့နှင့် ၁၉၆၂ ခုနှစ်ဧပြီလ ထုတ် ဗမာမွတ်စလင်မ် စာစောင်တွင် အထူးကြေညာချက် ထည့်သွင်း၍ တောင်းပန်ပြီး အငြင်းပွားဖွယ် များကို ပယ်ဖျက်ရန်ညွှန်ပြခဲ့သည်။ ပရ၀ရှ် အူရဒူနေ့စဉ်သတင်းစာနှင့် အစ္စလာမ် စာစောင်တို့မှလည်း ကျမ်းပြုက ဖြေရှင်းသည်။ အများသူငါအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်၊ ရှင်းလင်းတောင်းပန်စာဟူ၍ ၁၉၆၃ ခု ဇူလိုင်လ ၂၂ ရက်နေ့စွဲဖြင့် ဝေငှဖြန့်ချိခဲ့ရသည်။ မူရင်းအတိုင်း တင်ပြပါမည်။
ကျမ်းမြတ်ကုရ်အာန်နှင့် စပ်လျဉ်းသော ရှင်းလင်းချက်
ရှင်းလင်းတောင်းပန်စာ
ဒုက္ခနှင့်အလင်းရောင်
၁၉၅၅ ခုနှစ်တွင် ကျွန်တော်သည် မတရား စွပ်စွဲမှု တစ်ရပ်ကို ရင်ဆိုင်ချေပလျက်၊ ရန်ကုန်ဗဟိုထောင်ကြီးတွင် အချုပ်ခံနေရ ပါတော့သည်။
ထိုစဉ်အခါ အမှားနှင့်အမှန်ကို မည်သို့ခွဲခြား ဝေဖန်ရအံ့နည်း။ မွတ်စလင် စိတ်ဓာတ်ကို မည်သို့ပွားရအံ့နည်း။ ဤပြဿနာနှစ်ရပ်ကို စဉ်းစားမိပါတော့သည်။ အဖြေကား လူသား၏ ဥာဏ်သည် နက်နဲခြင်းမရှိ မှားတတ်၏။ အလ္လာဟ် အသျှင်မြတ်သာလျှင် မချွတ်မယွင်း ထာဝရ တရားမှန် ဖြစ်တော်မူသည်သာတည်း။ အမှားအမှန်ကို ခွဲခြားသိသာရန် အသျှင်မြတ်အားသာ ဆည်းကပ်ရပါမည်။ ယင်းဆည်းကပ်ခြင်း ဆိုရာ၌ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်သခင်၏သြ၀ါဒ တော်ကို ဆည်းကပ်ခြင်းဖြစ်၏။ ဤကျမ်းတော် နှစ်ဆူ သာလျှင် မွတ်စလင်ထုအား မွတ်စလင်စိတ်ဓာတ် သွတ်သွင်းနိုင်ပေမည် ဤအတွေးအဆများ ၀င်လာ သည်နှင့် ဗမာ မွတ်စလင်ထု အတွက် သူတို့ဖတ်၍ သဘောပေါက် နားလည်နိုင်သော ဘာသာ စကားရပ်ဖြင့် ပြီးသော ကျမ်းမြတ်ကုရ်အာန် တစ်ဆူလိုကြောင်း ထင်လင်းလာပါသည်။ ဗမာမွတ်စလင်ထု၏ ကျမ်းတော်မှာ ဤအင်္ဂါ နှစ်ပါးနှင့်ညီရပါမည်။ (၁) ဗမာမွတ်စလင်မ်များ နားလည်နိုင်စေခြင်းငှာ လူထုစကားဖြင့် ပြေပြစ်ချောမောအောင် ရေးသားထားခြင်း။ (၂) ၀ိဝါဒကွဲပြားမှုကင်းမဲ့ခြင်း။ ဤအင်္ဂါများနှင့် ပြည့်စုံသော မြန်မာဘာသာပြန် ကျမ်းမြတ် တစ်ဆူကို ကျွန်တော်သည် ၁၉၅၆ ခုနှစ်၌ ပြုစု စီရင်ပြီးပါ သည်။ ဤကျမ်းမြတ်တွင် (၁)နိဒါန်းကြီး၊ (၂)နိဒါန်းငယ်နှင့်၊ (၃)ပင်ကို ကျမ်းတော်ကြီးဟုသုံးမျိုး သုံးစားခွဲထားပါရှိပါသည်။
နိဒါန်းကြီး
၁၉၆၁ ခု ဖေဖော်ဝါရီလအတွင်း ကျွန်တော်၌ အဆုတ်ရောင်ရောဂါ ကပ်စွဲသဖြင့် ဗမာမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံကြီးသို့တက်ကု ရပါသည်။ ထိုစဉ်အခါ ကျွန်တော်၏ ဘာသာပြန် ကျမ်းတော်ကို ပုံနှိပ်လှူဒါန်းရန် အလှူရှင်တစ်ဦး အလ္လာဟ်အရှင်မြတ် ၏ ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာပါသည်။
ကျမ်းမြတ်ကုရ်အာန်ကို မသေမီ ထုတ်ဝေဖြန့်ဖြူး ချင်စိတ်စောသဖြင့် မိုဟမ္မဒ်အလီ၏ ကျမ်းနိဒါန်းတွင် ကျွန်တော် ၏ကျမ်းနိဒါန်းကြီးအဖြစ် ဆေးရုံတွင် အဆောတလျင် ဘာသာပြန်ပါတော့သည်။ မနာမကျန်းအတွင်း ယင်းသို့ပြန်ရာ ၀ိဝါဒကွဲပြားမှု ကင်းမဲ့ခြင်းတည်းဟူသော ကျွန်တော်၏ ဒုတိယ၀ါဒကို ကျွန်တော် မျက်ခြည်ပြတ်သွားမိပါသည်။
ဤနိဒါန်း၌ အီစာသခင် သေကြောင်းပါသွားသဖြင့် ကဲ့ရဲ့ရှုတ်ချခြင်း ပေါ်ပေါက် လာပါတော့သည်။ ထို့ကြောင့် ၁၉၆၃ခု၊ ဧပြီလထွက် ဗမာ မွတ်စလင်စာစောင်တွင် ကျွန်တော် ဤသို့ကြေညာခဲ့ပါသည်။
အထူးကြေညာချက်သီရိပျံချီ ဦးဘစိန်ပြန်ဆိုသော ကျမ်းမြတ်ကုရ်အာန်
မွတ်စလင်လောကကြီး၌ အီစာသခင်ပြန်တော်မူ မမူဟု အငြင်းအခုံ ဖြစ်လျက်ရှိပါသည်။ ဤကိစ္စမှာ သုခဥယျာဉ်တော် ရရာရကြောင်းနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ကျွန်တော်များ မယူဆပါ။ ထို့ကြောင့် အဆိုပါအငြင်းအခုံ ၀ဲသြဃကြီးမှ လွတ်မြောက်စေခြင်းငှာ ကျွန်တော်များ ပြန်ဆိုသော ကျမ်းမြတ် ကုရ်အာန်၏ နိဒါန်းတွင် အီစာသခင် ပျံတော်မူခြင်းနှင့် စပ်လျဉ်းသော စာကြောင်းများကို ဖျက်ပစ်ပါရန် တောင်းပန်ပါသည်။ အခြား ပြုပြင် ပြင်ဆင်စရာများ အတွက်လည်း ဗမာ မွတ်စလင် လူထုကြီးထံမှ အကြံဥာဏ်တောင်းခံအပ်ပါသည်။
အောက်ဖော်ပြပါတို့ကို ပယ်ဖျက်ပစ်ပါရန်
(၁) ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ (၁၁)ရှိ “သူသည် အခြားတမန်တော်များကဲ့သို့ သေရမည်။”
(၂) ပဋ္ဌမတွဲ စာမျက်နှာ ၇၃၊ စာကြောင်းရေ(၂၂)မှ စာမျက်နှာ အဆုံးအထိ
(၃) ပဋ္ဌမတွဲ စာမျက်နှာ ၇၄၊ တစ်မျက်နှာလုံး
(၄) ပဋ္ဌမတွဲ စာမျက်နှာ ၇၅၊ ပဋ္ဌမ (၁၀) ကြောင်း
( ပုံ ) သီရိပျံချီ ဦးဘစိန်
ကျမ်းမြတ်ကုရ်အာန် ပြန်ဆိုသူ
ကျမ်းပြုသူသည် မြန်မာစာကို ကျွမ်းကျင်သည်။ စကားပြေ အရေးအသား လွယ်ကူရှင်းလင်းသည်။ သို့နှင့် အများသူငါ နှစ်သက် ဖတ်ရှု ကိုးကားကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ ကုရ်အာန်ဘာသာပြန် သမိုင်းတွင် ဒုတိယမြောက်ဘာသာပြန်အဖြစ် မှတ်တမ်းပြုကြသည်။
သီရိပျံချီ ဦးဘစိန်သည် ၁၉၇၁ ခု စက်တင်ဘာလတွင် အစ္စလာမ် ၏ ဒါနိက(၀ါ)အစ္စလာမ် သဘောတရား ကျမ်းကို ပြုစုခဲ့သည်။
“ကျမ်းပြုရခြင်း၏ ရည်ရွယ်ချက်ကို ယခုခေတ်တွင် ကိုယ့်အယူဝါဒ နှင့် ကိုယ်နေစတမ်း၊ အယူကွဲသူတို့ကို ရန်သူမမှတ်။ မနှောင့်ယှက် စတမ်း ၀ါဒသည် နှစ်ဆယ်ရာစုအတွင်း ကြီးမားထွားကြိုင်း လာလေပြီ။ လူသားတို့သည် မိမိတို့ ဘာသာတရားအပြင် အခြားဘာသာ တရားများကို ပညာဗဟုသုတ အတွက် လေ့လာကြပြီ။ ကျွန်တော်တို့ ဗမာပြည်မှာလည်း ဤလေ့လာ မှုများကို ပြုလာကြပေပြီ။ သို့သော် လူထုအတွက် အစဩလာမ်စာပေမှာ ခေါင်းပါးလှသည်။ ယင်းကြောင့် အစ္စလာမ် ဒါနကျမ်းငယ်ကို ပြုစု အပ်ပါကြောင်း”ဟု ကျမ်းတော်မြတ်ကုရ်အာန် (၁၀၉း၎-၆)ကို ကိုးကား၍ တင်ပြသည်။ ကျမ်းတွင်အခန်းပေါင်း ၁၁ ခန်းပါဝင်သည်။
အခန်း ၁။ ပဏာမ
အခန်း ၂ (က)။ အစ္စလာမ်၏ အဓိကအခြေခံများ
(ခ)။ တမန်တော်မုဟမ္မဒ်သခင်
(ဂ)။ ကျမ်းမြတ်ကုရ်အာန်
အခန်း ၃။ အစ္စလာမ့်ယုံကြည်ချက်များ
အခန်း ၄။ အစ္စလာမ့်မဏ္ဍိုင်များ
အခန်း ၅။ အစ္စလာမ့်သဟာယနိုင်ငံတော်
အခန်း ၆။ လွတ်လပ်စွာ ကိုးကွယ်ခွင့်
အခန်း ၇။ မွတ်စလင်မ်၏ခံစစ်
အခန်း ၈။ အမျိုးသမီးများ
အခန်း ၉။ အ၀တ်တန်ဆာ
အခန်း ၁၀။ အစားအသောက်
အခန်း ၁၁။ပညာရွှေအိုးကြီး
ကျမ်းပြုသူသည် ခေါင်းစဉ်တိုင်းတွင် ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ် သြ၀ါဒတော်များကို အများဆုံး ကိုးကားဖော်ပြသည်။၊ နောက်ဆုံး အခန်း(၁၁)တွင် တမန်တော်မြတ်သြ၀ါဒ များချည်း ကောက်နုတ် တင်ပြထားသည်။ ကျမ်းပြုသူသည် အစ္စလာမ့်ဂုဏ်ကို ပေါ်လွင်အောင်ဖော်ထုတ်နိုင် သည်။ အစ္စလာမ်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်စေသည့် တင်ပြ ချက်များဖြစ်သည်။
အကိုးအကားစုံလင်စွာ ဖော်ပြသော်လည်း ကျမ်းလေးမနေပါ။ ရိုးရိုးလွယ်လွယ်နှင့် ဖတ်ချင့်စဖွယ် ရေးသားနိုင်ပါသည်။
သီရိပျံချီဦးဘစိန်သည် ဝေဖန်ရေးကို ကြိုဆိုသကဲ့သို့ ဝေဖန်ရန်လည်း ၀န်မလေးသူဖြစ်သည်။ တတိယအကြိမ် အာန်ဆွာရီ သင်တန်း ကျင်းပစဉ်က ဖြစ်သည်။ သင်တန်းသို့ ၀န်ကြီးဟောင်း ဦးခင်မောင်လတ်၊ ဆရာကြီး ဃာဇီဟာရှင်၊ ဗိုလ်မှူးဘရှင်၊ ဆရာချယ်၊ ဦးဘစိန်၊ ဆရာကြီး ဦးအဟ်မဒ်၊ ဆရာဃနီ စသည့် ပညာရှင်များကြွရောက်ချီးမြှင့်သည်။
သင်တန်းဌာနတည်ရာ အင်းစိန်သို့ ဗိုလ်မှူးသည် နံနက်စောစော ရောက်လာတတ်သည်။ ပတ်ဝန်းကျင်တစ်ဝိုက် ပြောင်နေအောင် လှည်း ကျင်းသည်။ ပြီးလျှင် သင်တန်းပို့ချသည်။ တစ်နေ့တွင် ကောင်စီတေးသံ အားလုံးအညီကို ဟန်ပါပါ မာန်ပါပါနှင့်သီဆိုပို့ချသည်။ ဒို့ဗမာ အမျိုးသားများဖြစ်ကြ သည်မှစသည့် တေးသံကို သီဆိုပြီးဆုံး သွားသောအခါ သီရိပျံချီ ဦးဘစိန်က မိမိသည် ရခိုင် အမျိုးသား ဖြစ်သည်။ တေးစာသားမှာ ဗမာအမျိုးသားဖြစ်နေသည်ဟု သုံးသပ်သည်။ ဗိုလ်မှူးက ဒို့ပြည်ထောင်စု သားများ ဖြစ်ကြသည် ဟု ပြင်၍ ဆိုလိုက်သည်။ ဆီလျော်သည့် အကြံကို လက်ခံရန် ၀န်မလေးသော၊ ပြည်ထောင် စုစိတ်ဓာတ် အလေးထားသော ဗိုလ်မှူး၏ ကောင်စီတေးသံသည် ထိုအခါမှစ၍ ဒို့ပြည်ထောင်စုသားများ ဖြစ်ကြသည့်တေးသံဖြင့် စရတော့သည်။ အမှန်ဖြစ်စေလိုသူနှင့် အမှန် လိုလားသူ ခေါင်းဆောင်ကြီးနှစ်ဦး၏ ပြောဆိုပြုမူပုံများကား အားကျဖွယ် ကောင်းလှသည်။ ။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments