ဖေဖော်ဝါရီ ၁၆ ၊ ၂၀၁၅
M-Media
ညီသွေးရေးသည်။
မျိုးချစ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် သူတို့အသေခံမယ့် အကြောင်းပဲပြောတယ်။ တိုင်းပြည်အတွက် သူတို့ဘယ်လောက် သတ်လိုက်တယ်ဆိုတာကို ဘယ်တော့မှ မပြောကြဘူးတဲ့။ ဘာထရန်ရပ်ဆဲလ်ရဲ့ အဆိုအမိန့်ဖြစ်ပါတယ်။ အဲဒီလို လူတွေအများအပြား စုစည်းအုပ်ချုပ်ရာ တိုင်းပြည်ကို မြန်မာပြည်ဟု ခေါ်ပါသည်။ ထိုနိုင်ငံမှာရှိသော အမှန်တရားသည် အမြဲငြိမ်ခံနေရပါသည်။ အမြဲခေါင်းငုံ့ ခံနေရပါသည်။ အမြဲအညွှန့်ချိုးခံရပါသည်။ အမြဲဦးချိုးခံရပါသည်။ အမြဲဖိနှိပ်ခံရပါသည်။ ထိုနိုင်ငံမှာရှိသော ငြိမ်းချမ်းရေး အကြောင်းပြောတိုင်း မငြိမ်းချမ်းဘူးဆိုတာ သက်သေပြရပါသည်။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ ဘာသာရေးပဋိပက္ခ၊ လူထုလူတန်းစားပေါင်းစုံရဲ့ ဆန္ဒဖော်ထုတ်ပွဲများစသည့် သက်သေများကို ညွှန်းဆိုဖော်ထုတ်ပြရပါသည်။
“ပွင့်လင်းရာသီ ကုန်ဆုံးပြီမို့ လေးနှင့်မြှားတွေမလိုပါ” ဆိုတဲ့ အဆိုအမိန့်ကို ဒီနိုင်ငံက အုပ်ချုပ်သူတွေက လျစ်လျူရူပါသည်။ ထိုနိုင်ငံတွင် ငြိမ်းချမ်းရေး အတွက်၊ ဥပဒေတစ်ရပ်အတွက် စားပွဲဝိုင်း စေ့စပ်ဆွေးနွေးပွဲ ကျင်းပတိုင်း ဘယ်တော့မှ မအောင်မြင်နိုင်ဖြစ်ရသည်မှာ မဆန်းတော့သလိုဖြစ်နေပါပြီ။ နောက်ဆက်တွဲကတော့ စာကြည့်စားပွဲရှေ့ ထိုင်နေရမယ့်အချိန်မှာ နေရောက်အောက်မှာ နေလောင် ခံနေရတဲ့ မျက်နှာနုနုလေးတွေ လမ်းပေါ်ထွက်လာတဲ့ ရတာပဲဖြစ်ပါတယ်။ ဒီမျက်နှာလေးတွေကိုကြည့်ပြီး မိဘပြည်သူတွေ ရင်ဆို့ကြရပါတယ်။ အကြမ်းဖက် နှိမ်နှင်းမယ်ဆိုတဲ့ သတင်းတွေ တစ်ခုပြီးတစ်ခု တက်လာတော့ပြန်လည်း ရင်တမမနှင့် စိုးထိတ်ရပြန်ပါတယ်။ ဒီကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့လျှင် တိုင်းပြည်နှင့် အဝန်းအုံကြွနိုင်ပြီး ကမောက်ကမတွေ ဖြစ်လာနိုင်တာကို ကြိုသိနေသူတို့အဖို့ ဖိုးကျိုင်းတုတ်ဖြစ်သွားနိုင်စရာ အခြေအနေ။ တစ်ပြည်လုံးက တောက်မည့်မီးခဲတရဲရဲ ဖြစ်နေသည့်အချိန်။ ဝှိုက်ကတ်အရေး ဆန္ဒထုတ်ဖော်ပွဲတွေကလည်း အုံနဲ့ကျင်းနဲ့ အာဏာလိုသူများ အတွက် အကွက် အကွင်းကောင်းတွေရသွားနိုင်စရာပင်။
အခုအသက်တွေနဲ့ပါ လောင်းကြေးထပ်ရမယ့် ၂၀၁၅ ပြဇာတ်တစ်ပုဒ်ကို ဒီပြည်သူပြည်သားတွေ ဝင်ရောက် ကပြရ ပါတော့မယ်။ ကောင်းကင်ကြိုးတန်း လျှောက်နေရတဲ့သူလို၊ ဓားသွားပေက ပျားရည်စက်ကို လျက်နေရတဲ့သူလို အရေးကြီးဆုံး ဆုံမှတ်တစ်ခုရဲ့ အလယ်မှာ ရောက်နေတဲ့အချိန်။ အဲဒီနိုင်ငံရေး ဖိုင်နယ်ပွဲကြီး မကျင်းပမီ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပတ်လည်ပွဲ၊ ကျောင်းသားသပိတ် ရန်ကုန်ချီတက်ပွဲ စတဲ့ ဆီမီးဖိုင်နယ်ပွဲစတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရပါမယ်။ ဘယ်လိုပဲကန်ကန် ရှုံးထွက်ထွက်ရမယ့် အသင်းတွေဟာ မီးကုန်ယမ်းကုန် ထွက်ခပ်ခပ် တတ်ပါတယ်။ အနည်းဆုံး တိုက်စစ်မှူးတွေကိုတော့ နောက်ပွဲတွေမှာ ဝင်မပါနိုင်အောင် အကျိုးအကြေ ကန်တတ်ပါတယ်။
လောလောဆယ်တော့ ဒေါင်းအလံအောက်က ကျောင်းသား အသံဆိုတာ ဒီနိုင်ငံရဲ့သမိုင်းမှာ အညံဆုံးသော အသံပါပဲဆိုတာ ဆက်လက်ပြသနေဆဲပါ။ ထီးကျိုးဆည်ပေါက်လို့ တိုင်းပြည်သူ့ ကျွန်ဘဝရောက်နေတဲ့ အချိန်မှာလည်း ဒီကျောင်းသားပဲ ရှေ့တန်းမှာဦးဆုံး ရပ်ပြခဲ့တာ ကျောင်းသားဆိုတာ သွေးကျဲတဲ့ ပြဇာတ်တွေ ဘယ်တော့မှမပြဘူး။ မခင်းကျင်းဘူး။ ကျောင်းသားတွေရဲ့ ချစ်ခြင်းဟာ အလံမလှဲခြင်းပဲ။ ကျောင်းသားတွေရဲ့လောင်းကြေးဟာ တစ်ရောက် အရိပ်ကျနေတဲ့နေရာမှာ တစ်ယောက်နေမဝင်တာပဲ။ ဘယ်ခေတ် အခါမှာပဲကြည့်ကြည့် ကျောင်းသားဆိုတာ နောက်တွန့်တဲ့ အမျိုးအစားတွေထဲမှာ မပါခဲ့ပါဘူး။ ခြံစည်းရိုးပေါ်မှ ခွမထိုင်ခဲ့ဘူး။ တိုက်တာငွေကြေး စည်းစိမ်နဲ့ မျှားမရခဲ့ပါဘူး။ အမြဲတမ်း လက်ဗလာခြေဗလာနဲ့ တိုက်ပွဲဝင်ခဲ့တာ သမိုင်းတွေသက်သေရှိတယ်။
“မျက်ရည်ဆူးတွေပွင့်ဖတ်လို့
ကြွေချင်ကြွေစေတော့
ရင်အုံထဲထည်မမျိုးနိုင်ဘူး
ရိုလာကိုစတာ ဥပအမှောင်ထဲ
လရောင်ယဉ်ကျေးမှုကိုပဲလှုံမယ် …”
မမှန်တဲ့ဖက်မှာ မှားတဲ့အရပ်မှာ ဘယ်တော့မှ ရပ်ကြည့်လို့ မရတာလည်း ကျောင်းသားရဲ့မွေးရာပါဗီဇပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တိုင်းရဲ့ သွားရာလမ်းမှာ ခက်ခဲကြမ်းတမ်းတဲ့ ပေးဆပ်မှု မြေပုံတစ်ပုံစီရှိပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် သွေးမြေကျချင်လည်း ကျလာနိုင်တယ်ဆိုတာ သိသိကြီးနဲ့လမ်းပေါ် ထွက်လာနိုင်တာ ဘာကြောင့်ပါလဲ။ ကျွန်စော်နံတဲ့ပညာရေးသင်ရိုး၊ အနာဂတ်ကျောင်းသား လူငယ်တွေရဲ့ အညွှန့်ကိုချိုးမယ့် သင်ရိုးတွေနဲ့ ကြီးပြင်းလာရမယ့် အစား ရှေးရှေးက နောင်တော်ကြီးတွေရဲ့ခြေလှမ်းများအတိုင်း ထောင်မကြောက်တန်းမကြောက် လျှောက်လှမ်းခဲ့ကြတာပါ။ ဒီမိဘပြည်သူတွေရဲ့ ရင်နှစ်သည်းခြားတွေ သွေးမြေကျခံလို့ မဖြစ်ပါဘူး။
အကယ်၍များ မပြောကောင်းမဆိုကောင်း ကျောင်းသားတွေ သွေးမြေကျခဲ့ရင် ဒီတစ်ခါပြည်သူက ၈၈ တုန်းကလို ဘုမသိဘမသိ ခပ်အအ ပြည်သူတွေချည်း မဟုတ်ပါတော့ဘူးဆိုတာ ဒီစစ်အစိုးရ တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရဟာ သတိထားသင့်ပါတယ်။ ဒီတစ်ခါနာကြည်မှုက ၈၈ နာကြည်းမှုထက် ကြီးပါတယ်။ ဖက်ဆစ်ကို ပြန်တော်လှန်ခဲ့ကြတဲ့ နွေဦးတိုက်ပွဲကိုပြန် သတိရနေတဲ့ ပြည်သူတွေပါ။ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ကဒါဖီရဲ့နောက်ဆုံးနေ့ရက်များကို သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့ရက်များလို ဒီအစိုးရအဖွဲ့ကြီးရဲ့ နောက်ဆုံးနေ့ရက်များ ဖြစ်ပွားသွားလာနိုင်စရာရှိပါတယ်။ ၈၈ တုန်းက ပြည်သူက မီဒီယာမသိ၊ ကမ္ဘာမသိ၊ အရာရာမသိမှုတွေကြောင့် ကျရှုံးခဲ့ရတာ။ အခုပြည်သူအားလုံးက စပါတာကတ်စ်တွေ ဖြစ်နေပြီ။
“ဒီဘဝဒီညကို လင်းပစ်ဖို့
ငါတို့မှာ ခက်ဆစ်မရှိလည်း
မမြင်ရ မကြားရတဲ့ ဂီတတွေနဲ့
အရောင်တူပွင့်တူ ကြွေကျ
ဗျည်းသရနံ မြေပန်းချီကားတစ်ချပ်ရမယ် …”
နိုဘယ်လ်ဆုရ မာလာလာလေးကပြောဖူးတယ်။ အိမ်ထဲမှာထိုင်နေရင်း ကျည်ဆံတွေကို စောင့်မျှော်နေရမယ့်အစား အပြင်ထွက် ပြေးရင်ဆိုင်လိုက်ရတာပဲ ပိုကောင်းမယ်တဲ့။ ကျောင်းသားတွေ ချွေးနဲ့သွေးနဲ့လောင်းပြီး ရှင်သန်စေမယ့် အမှန်တရားသစ်ပင်ကို ပြည်သူကလည်း တစ်ရာ(၁၀၀)% ဝန်းရံခြံခတ်ရမှာပါ။
“လက်ဗလာ ခြေဗလာ
တောအုပ်ဟာ လွန်ခဲ့ပြီ
ထွန်ရေးဟာ ကြေညက်ခဲ့ပြီ
ရေပေါ်ရမ်းရေးတဲ့အရိပ်တွေ
မှေးမှိန်ဆေးရော်လို့
အမှတ်စဉ်သုံးခုစလုံး
တစ်ရောက်ပြီးတစ်ယောက်
အကောင်းဆုံးစစ်ရှုံးခဲ့ပြီးပြီ …..။”
လွန်ခဲ့သော အနှစ်ခြောက်ဆယ်က အမှောင်ထဲမှာနေထိုင်ခဲ့ရတဲ့ ပြည်သူတွေ၊ အခုလည်း လျှပ်စစ်မီးမရသေးတဲ့ အမှောင်ထဲမှာ ကျင့်သားရနေထိုင်ရဆဲ လွန်ခဲ့သော အဖိုးအဖွားခေတ်က နွားနဲ့ရုန်းခဲ့ရတဲ့ တောင်သူတွေ လယ်သမားတွေ၊ အခု သားမြေးမြစ် လက်ထက်ထိ တိုင်အောင် နွားနဲ့ရုန်းကန်နေရတဲ့ဘဝတွေက မလွတ်မြောက်သေး၊ မီတာခတွေ တန်းစီစောင့်နေရဆဲ၊ ဌာနဆိုင်ရာ လက်မှတ်တစ်ခုအတွက် တစ်စုံတစ်ရာကို လာဘ်ထိုးနေရဆဲ၊ စားဖားတွေ ညီညွတ်ဆဲ၊ အခုတိုင်းပြည်ရဲ့ အာဏာရှင်သက်တမ်းကလည်း ရင့်ရင့်၊ ဆန္ဒပြပွဲ မုန်တိုင်းတွေကလည်း အနီရောင်အဆင့်၊ မိဘပြည်သူတွေက အဆင်သင့် မဖြစ်သေးဘူးဆိုတာ ဖြစ်နေလို့ မရတော့ပါဘူး။ ဒီအချိန်ကာလမှာ အဖြစ်သင့်ဆုံးက မိဘပြည်သူတွေက အချိန်မီနုနယ်တဲ့ ရင်နှစ်သည်းခြား ကျောင်းသူကျောင်းသားတွေ ကို ပြည့်ပြည့်ဝဝ ဝန်းရံပေးဖို့ပါပဲ။ အခု မြန်မာပြည်သူပြည်သားများရဲ့ တည်နေရာကို တင်ပြပါတော့မယ်။
ရွှေဝါရောင် အရေးအခင်းမှာ သံဃာကို စတေးရဲခဲ့တဲ့ အစိုးရ၊ ရခိုင်အရေးမှာ သွေးထိုးပေးခဲ့တဲ့ အစိုးရ၊ မိထ္ထီလာကို မီးလောင်ပြာကျစေတဲ့ အစိုးရ၊ နော်ဝေဘုရင် တစ်ရက် အတွက် ဂေါဝိန်သားတွေ ဘဝဖျက်ခဲ့တဲ့ အစိုးရ၊ အခက်အခဲ ပဋိပက္ခကို လော်စပီကာနဲ့ ဖြေရှင်းတက်တဲ့ အစိုးရ၊ ကိုပါကြီးဈာပနာ၊ ဒေါ်ခင်ဝင်းဈာပနာတွေကို မျက်ရည်နဲ့ချစေခဲ့ရတဲ့ အဲဒီလို အစိုးရလူကြီးမင်းများနှင့်တကွ ဘယ်သူ့ကိုမှမကြောက်ဘူး အားလုံးကို တိုက်ရဲတယ်ဆိုသော ကာချုပ်၏ သတ္တိဗျတ္တိနှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လျှင် အာဏာပြန်သိမ်းမည်ဆိုသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့၏ ခြောက်လုံးလှန့်လုံးများ အလယ်၌ မြန်မာပြည် သူပြည်သားများ နေထိုင်ပါသည်။
Comments