ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
M-Media
– မလေးရှားနိုင်ငံမှာ မလေးလူမျိုး၊ အိန္ဒိယလူမျိုး တရုတ်လူမျိုးနှင့် အခြားသော လူမျိုးပေါင်းစုံတို့ မျိုးဆက်ပေါင်းများစွာ အတူတကွနေထိုင်လာကြသော လူမျိုးစုံဘာသာစုံရှိသည့် နိုင်ငံတစ်ခုအဖြစ် ကျော်ကြားသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ထိုလူမျိုးစုပေါင်းစုံမှ ရောစပ်ယှက်နွယ်ကာ တရုတ်နှစ်ကူးပွဲတော်ကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို စုပေါင်းဆင်နွှဲကြသော ဓလေ့ထုံးတမ်းအသစ်နှင့် မိသားစုများလည်း ပေါ်ထွက်လာခဲ့ကြသည်။
ဆီလန်ဂေါပြည်နယ်တွင်ရှိသော တရုတ်စားသောက်ဆိုင်တစ်ခုတွင် ဆီလန်ဂေါပြည်နယ်၏ ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဌ ဟန်နာယိုက မိသားစုနှင့်အတူ စားသောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်။
ဟန်နာယိုနှင့် ၎င်း၏ ခင်ပွန်း ရာမန်ချန်ဒရန် မူနီယန်ဒီတို့၏ နှစ်ဖက်မိသားစုများမှာ နှစ်စဉ် တရုတ်နှစ်ကူး အားလပ်ရက်ရောက်တိုင်း အတူတကွ စုဝေးကြပြီး တရုတ်နှစ်ကူးပွဲတော်ကို ဆင်နွှဲလေ့ရှိသည်မှာ ၎င်းတို့နှစ်ဦး မင်္ဂလာဆောင်ခဲ့သည့် ၂၀၀၈ ခုနှစ်ကပင် ဖြစ်လေသည်။ ၎င်းတို့ မိသားစုများအတွက်တော့ ထိုကဲ့သို့ ဆင်နွှဲခြင်းက ဟန်နာ၏ ရိုးရာအမွေအနှစ်အတွက် ဆင်နွှဲခြင်းမျိုးမဟုတ်ဘဲ လူမျိုးစုံရှိသည့် မလေးရှား၏ ပွဲတော်တစ်ခုအဖြစ် ဆင်နွှဲခြင်းမျိုး ဖြစ်လေသည်။
“ရာမန်ကို ကျွန်မကြည့်တဲ့အခါ သူ့ကို မလေးရှားက အိန္ဒိယလူမျိုးတစ်ယောက်လို့ မမြင်ပါဘူး။ ရာမန်လို့ပဲ ကျွန်မ မြင်ပါတယ်။ ဒီမှာရှိနေတဲ့ ကျွန်မအမျိုးသားဘက်က ဆွေမျိုးတွေ၊ ကျွန်မယောင်းမနဲ့ သူ့ချစ်သူကိုလည်း ဒီလိုပဲမြင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အတူတကွ ဒီပွဲတော်ကို ဆင်နွှဲတဲ့အခါမှာ တကယ့်ကို တစ်သားတည်း ဖြစ်လာပြီး ကျွန်မတို့ကလေးတွေအတွက်လည်း ဒါမျိုးအမွေကို ပေးချင်ပါတယ်” ဟု ဟန်နာက ဆိုသည်။
“အနာဂတ်မှာ သူတို့လေးတွေဟာ ဟာရီရာယာပွဲတော် (အစ္စလာမ်ဘာသာဝင်တို့၏ အီဒ်းပွဲတော်)၊ ဒေပါဝါလီပွဲတော်တွေကို ဆင်နွှဲတာတောင်မှ သူတို့မှာ ရှက်ရွံ့စိတ်ခံစားရတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ လူမျိုးရေးမျက်လုံးတွေနဲ့ ကြည့်တာမျိုးတွေ ရပ်သွားမှာဖြစ်ပြီး၊ လူတိုင်းပါဝင်ကာ ပျော်ရွှင်ကြတဲ့၊ မလေးရှားနိုင်ငံသားတွေ ဆင်နွှဲကြတဲ့ ပွဲတော်အဖြစ် ရှုမြင်လာပါလိမ့်မယ်”
ထိုကဲ့သို့သော အတွေးအခေါ်ယူဆချက်များရှိသည်မှာ ဟန်နာတို့ ဇနီးမောင်နှံသာမဟုတ်။ ယနေ့ခေတ်မလေးရှားတွင် လူမျိုးခြားခြင်း၊ ဘာသာခြားခြင်း ရောယှက်ဆက်နွယ်မှုမှာ သာမန်လိုဖြစ်လာနေပြီး တရုတ်နှစ်ကူးကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ဆင်နွှဲခြင်းမှာလည်း လူမျိုးစုံဘာသာစုံတို့၏အကြိုက် ဖြစ်လာခဲ့သည်။
တရုတ်အမျိုးသမီးဖြစ်သူ ဂျက်စမင် တေး အဘ်ဒူလာနှင့် သူမ၏ အိန္ဒိယအမျိုးသား မိုဟာမက်အိုမာရ် နာသန်တို့ ဇနီးမောင်နှံကလည်း လူမျိုးစုံ ပေါင်းစည်းယှက်နွယ်မှု၏ နောက်ထပ် သာဓကတစ်ခု ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ နှစ်ဖက်ဆွေမျိုးများက တရုတ်နှင့် အိန္ဒိလူမျိုးတို့၏ ပွဲတော်များတွင် အစ္စလာမ်က တားမြစ်ထားသော ၀က်သားနှင့် အရက်ကဲ့သို့ အရာမျိုး မပါဝင်စေဘဲ ဂျက်စမင်တို့၏ ဇနီးမှောင်နှံကို ဖိတ်ခေါ်ကာ အတူဆင်နွှဲကြသည်။
“မိသားစု ညစာထမင်းဝိုင်းမှာဆိုရင် ကျွန်မရဲ့ အမေက အသီးအရွက်နဲ့ ဟာလာအစားအသောက်တွေကို စီစဉ်ချက်ပြုတ်ပေးပါတယ်” ဟု ဂျက်စမင်က ဆိုသည်။
သို့သော်လည်း ဂျက်စမင်နှင့် အိုမာရ်တို့ကတော့ ၎င်းတို့၏ ယဉ်ကျေးမှုများကို ကလေးများထံသို့ ပိုမို မျှဝေပေးချင်နေသည်။ ၎င်းတို့ ဇနီးမောင်နှံမှာ Chindian Muslim Kiosk (တရုတ်-အိန္ဒိယ မွတ်စလင်စားသောက်ဆိုင်) ဟု အမည်ရသည့် စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားသည်။ ထိုစားသောက်ဆိုင်လေးတွင် တရုတ်ဒင်ဆမ်းနှင့် တရုတ်ဆန်ပြုတ်များကို မွတ်စလင်များပါ စားသောက်နိုင်ရန်အတွက် ဟာလာလ်ဖြစ်အောင် ပြင်ဆင်ပေးထားသည်။
“အရသာရှိပြီး စားလို့ကောင်းတဲ့ တရုတ်အစားအသောက်တွေ၊ အိန္ဒိယအစားအသောက်တွေကို ကျွန်မတို့ အခြားသူတွေကိုလည်း မျှဝေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တစ်ချို့လူတွေက နည်းနည်းတွန့်ဆုတ်နေကြပြီး စားလို့မရမှာကိုလည်း စိုးရိမ်နေကြတယ်လေ” ဟု ဂျက်စမင်က ဆိုလေသည်။
ယခုနှစ်တရုတ်နှစ်ကူးတွင်တော့ ဂျက်စမင်တို့ ဆိုင်ကလေးတွင် လာရောက်စားသောက်ကြသည့် စားသုံးသူများအတွက် တရုတ်နှစ်ကူးမုန့်အချိုများနှင့် လိမ္မော်သီးများကိုလည်း မေတ္တာလက်ဆောင် မျှဝေပေးကာ မလေးရှား၏ ချစ်စရာကောင်းသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ထင်ဟပ်နေစေတော့သည်။
Ref: channelnewsasia
Comments