ဧရာဝတီမှ ကူးယူဖော်ပြသည်။
ရေးသားသူ -ကျော်မင်း
ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်သူများ အနေဖြင့် မဲပေးခွင့်ရှိသည်ဟု အတည်ပြုခြင်းအပေါ်တွင် ဝေဖန်မှုများပေါ်လာသည်။
ဝေဖန်သူများတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်သည်။ တချိန်က မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး အဓိကလှုပ်ရှားခဲ့သော ဥသျှောင်ပါတီမှ ခေါင်းဆောင်ဖြစ်ဖူးသူများလည်း ပါဝင်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံသား မဖြစ်သေးသူများကို မြန်မာနိုင်ငံသားများနည်းတူ ပါဝင်မဲပေးခွင့် မရှိသင့်ဟု အထက်ပါတီတခု၏ ထုတ်ပြန်ချက်တွင် ပါဝင်နေသည်။
မြန်မာပြည်တွင် White Card များကို မဲထည့်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများ၏ နိုင်ငံရေးကံကြမ္မာကို ထိပါးအောင် တရားဝင် ခွင့်ပြုထားခြင်းမျိုး ဖြစ်နေသည်ဟုလည်း ပြောဆိုနေပါသည်။ နိုင်ငံရေး ခေါင်းဆောင်လုပ်လိုသူများသည် မိမိဆန္ဒအလျောက် ဥပဒေဘောင်ကျော်သော စကားများ လက်လွတ်စပယ် မပြောသင့်ပါ။
ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်များနှင့် ၀ဒေသမှ White Card ကိုင်ဆောင်သူများကို နိုင်ငံခြားသား ဆိုမည်လား။ ထိုဒေသမှ လွှတ်တော်အမတ်များကမူ သူတို့ဒေသမှာ White Card ထုတ်ပေးထားကာ မကြာမီ နိုင်ငံသား စိစစ်ရေးကတ် လဲပေးမည်ဟု ပြောဆိုထားပြီး ယခုအချိန်ထိ မထုတ်ပေးသေးကြောင်း လွှတ်တော်တွင် ရှင်းပြသည်။
ယနေ့ထိ White Card အကြောင်း ဆွေးနွေးလိုသော နိုင်ငံရေးခေါင်းဆောင်များ၊ စာပေပညာရှင်များသည် White Card ၏ ဥပဒေကြောင်းနှင့် လူ ၇ သန်းနီးပါး ရခိုင်ပြည်မှာ White Card ကိုင်ဆောင်နေရခြင်း၏ သမိုင်းကြောင်းကို လေ့လာသိရှိထားရန် လိုပေသည်။
နိုင်ငံတကာမှာ အမြဲနေထိုင်လိုသူ နိုင်ငံခြားမှ တရားဝင်လာရောက်သူများကို Green Card ထုတ်ပေးသည်။ မြန်မာ White Card သည် နိုင်ငံခြားသားများကို ထုတ်ပေးခြင်းမဟုတ်၊ ၁၉၅၁ ခုနှစ် ပြည်တွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ၁၃ အရ နိုင်ငံသားများကို အမျိုးသားမှတ်ပုံတင်ကတ် ပျောက်ပျက်ပါက အရေးပေါ် ယာယီထုတ်ပေးသော လက်မှတ်သာ ဖြစ်သည်။ တနည်း အမျိုးသားမှတ်ပုံတင် ကိုယ်စား အထောက်အထားတခု ဖြစ်သည်။
မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူများ ၀င်မလာဆဲတသဲသဲ ဖြစ်နေသယောင် ရုံးထိုင်စားပွဲခင်း၍ ယာယီသက်သေခံလက်မှတ် White Card ထုတ်ပေးခြင်းမျိုး ရှင်းပြခြင်းမှာ တရားဥပဒေ စိုးမိုးရေးကို အနှောက်အယှက် ဖြစ်နေပါသည်။ အမျိုးသားမှတ်ပုံတင်ကတ်ကိုသော်လည်းကောင်း၊ ယာယီသက်သေခံကတ်ပြားကို သော်လည်းကောင်း ပြည်တွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ် ၃၃ အရ နိုင်ငံခြားသားများအား ထုတ်ပေးခွင့် မရှိပါ။ နိုင်ငံသား မဟုတ်သူများကို White Card ထုတ်ပေးထားသည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက ပြောဆိုနေခြင်းသည် ပို၍ တရားမဲ့သောစကား ဖြစ်သည်။
နိုင်ငံခြားသားများကို ဥပဒေအရ ချုပ်ကိုင်နိုင်သည်။ စည်းကမ်းမဲ့ တိုင်းပြည်တွင် တွေ့ရှိပါက အရေးယူ အပြစ်ပေးနိုင်သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ဥပဒေ၊ Immigration Emergency Act အစရှိသည်တို့ ရှိပေသည်။ အချိန်မရွေး ခိုးဝင်လာသူ၊ နယ်စပ်ခြေကျွံ ၀င်ရောက်လာသူများကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေများ မြန်မာနိုင်ငံတွင် တည်ရှိနေပါသည်။
ယခု ရခိုင်ပြည်နယ်မှ ယာယီသက်သေခံကတ် ကိုင်ဆောင်သူများသည် မူလက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်သူများ ဖြစ်ကြသည်။ သို့မဟုတ် ထိုသူများ၏ သားမြေးများ ဖြစ်ကြသည်။ မြန်မာ ဘင်္ဂလား နယ်စပ်သည် လုံခြုံမှုအပြည့်ရှိသော အဖြူရောင်နယ်မြေ ဖြစ်နေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီး ဖြစ်သည်။
၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ ပြဋ္ဌာန်းခြင်းမပြုခင် အမျိုးသား မှတ်ပုံတင်သည် နိုင်ငံသားဖြစ်ခြင်း၏ တခုတည်းသော အထောက်အထား ပေတံဖြစ်ခဲ့သည်။ အလုပ်ဝင်ခြင်း၊ အရောင်းအ၀ယ်ပြုခြင်း၊ ခရီးသွားခြင်း၊ နိုင်ငံခြားသွားရန် ပတ်စ်ပို့ထုတ်ခြင်း စသည့် ကိစ္စအရပ်ရပ်ကို ထိုကတ်ပြားဖြင့် ပြုလုပ်ခဲ့ရသည်။
ဝန်ထမ်းမှတ်တမ်း၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းများတွင်လည်း ထိုကတ်ပြားအမှတ်ကို နိုင်ငံသားဇယားတွင် ရေးသွင်းသည်။ ရခိုင်ပြည်နယ်တွင် ၁၉၉၀ ခုနှစ်၌ ယာယီ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်သူများကို လ၀ကပုံစံ နိုင် (၂) ဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ရယူရန် လျှောက်လွှာတင်စေခဲ့သည်။ လ၀က မြို့နယ်ရုံးများတွင် ထိုပုံစံများ ယနေ့ထိရှိနေသည်။ လူထုသို့ လျှောက်လွှာလက်ခံရရှိကြောင်း ထုတ်ပေးသော ပြေစာများလည်း ရှိနေသည်။
၎င်းသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သံသယဖြစ်နေသူများအား လျှောက်လွှာတင်ရသော ပုဒ်မ ၆၅ ပါ ပုံစံမဟုတ်ပါ။ ထို့အပြင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုများ တင်ရသော ပုံစံလည်းမဟုတ်ပါ။ နိုင်ငံသား စိစစ်ရေးကတ်အတွက် လျှောက်လွှာတင်စေခဲ့ပြီး နှစ်အနည်းငယ် စောင့်ဆိုင်းပြီး စိစစ်ရေးကတ်ပြား ထုတ်ပေးမည့်အစား White Card (ခ) ယာယီသက်သေခံကတ် ထုတ်ပေးခဲ့သည်။ ထိုစဉ်က ရခိုင်ဒေသရှိ UNHCR က White Card ကို ပန်းရောင်ကဒ် (နိုင်ငံသား စိစစ်ရေးကတ်) ဖြင့် လဲပေးရန် အစိုးရမှာ အစီအစဉ်ရှိကြောင်း ပြည်သူများသို့ ရှင်းပြခဲ့သည်။
ယနေ့တိုင် White Card အဖြူကတ် ကိုင်ဆောင်သူများကို လွှတ်တော်အတွင်းအပြင်မှ ခိုးဝင်ဘင်္ဂါလီ နိုင်ငံခြားသား၊ နိုင်ငံသားမဖြစ်သေးသူများ စသဖြင့် အမည်အမျိုးမျိုးတပ်ခြင်းသည် လူမျိုးတမျိုးကို သိက္ခာချခြင်း ဖြစ်နေသည်။ အပြစ်ရှိသည်ဟု ထင်ရသူတယောက်ကို အပြစ်ရှိကြောင်း သက်သေမပြနိုင်လျှင် စီရင်ချက်မချနိုင်သေးသရွေ့ တရားခံဟု မစွပ်စွဲနိုင်ပါ။ စွပ်စွဲပြီး အပြစ်မထင်ရှားလျှင် ပြန်တရားစွဲနိုင်သည်။
ယခု လူမျိုးတမျိုးကို ဆန္ဒအလျောက် ခိုးဝင်ဘင်္ဂါလီဟု စွပ်စွဲနေခြင်းသည် ထိုစွပ်စွဲသူများ နိုင်ငံရေးခေါင်းဆောင် ဆိုသူများ၏ သိက္ခာနှင့် ပတ်သက်နေသည်။ ထိုနိုင်ငံရေးခေါင်းဆောင်များ စေ့စပ်စွာ လေ့လာမှု မရှိဘဲ သံယောင်လိုက်ပြီး အမျိုးသားရေးသံစဉ်များ ထုတ်နေခြင်းသည် မြန်မာ့ဒီမိုကရေစီ၏ အားနည်းချက် ဖြစ်နေသည်ဟု သုံးသပ်ပါသည်။ နိုင်ငံရေးပါတီ တည်ထောင်၍ နိုင်ငံရေးပြုလုပ်ခြင်းမှာ လူတစုအတွက် မဖြစ်သင့်ပေ၊ အားလုံးအတွက် ဖြစ်သင့်ပေသည်။ လူမျိုးဘာသာ အသားအရောင် မခွဲခြားဘဲ အားလုံးအကျိုး သယ်ပိုးနိုင်ရန် လိုအပ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ယခု ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ၏ ဘိုးဘွားများကို နိုင်ငံသားအဖြစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့် ရွေးချယ်ခံပိုင်ခွင့်များ ပြုခဲ့သည်။ ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲမှတ်တမ်းမှာ ထင်ရှားစွာ တွေ့ရှိနိုင်သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံစီမံ အုပ်ချုပ်သူများသည် လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းက ပါဝင်စွန့်စားခဲ့သော ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ သူတို့က ယနေ့ အဖြူကတ် ကိုင်ဆောင်သူများ၏ မိဘများကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးခဲ့သည်။ နိုင်ငံသားအဆင့် မခွဲခြားခဲ့ပါ။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပေဒမှာ နိုင်ငံသားတမျိုးတည်းသာ ရှိခဲ့သည်။
ကုန်အောင် စုံအောင် ပြောရလျှင် ၁၉၅၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲမှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအထိ ရခိုင်မြောက်ပိုင်းမှ White Card ကိုင်ဆောင်သူများနှင့် ၄င်းတို့၏ မိဘဘိုးဘွားများသည် မဲပေးခွင့် ရွေးချယ်ခံပိုင်ခွင့်များ ရှိခဲ့ပါသည်။
မိမိနှင့်မတူသူများသည် နိုင်ငံခြားသား ဖြစ်ရမည်ဟု ဥပဒေရှိနေလျှင်လည်း ၄င်းဥပဒေသည် အဓမ္မဆန်သော၊ အနိုင်ကျင့်လိုသော ဥပဒေသာ ဖြစ်မည်။
White Card ဖြင့် ရွေးချယ်ခံခွင့် အခွင့်အရေးကို ပိတ်ထားသည့်အပြင် မဲပေးခွင့်မပြုရန် နှိုးဆော်ခြင်း၊ ကန့်ကွတ်ဆန္ဒပြနေခြင်းများသည် ဥပဒေနှင့်မညီ၊ ဒီမိုကရေစီ စံနှုန်းလည်းမကိုက်၊ မိမိတို့အတွင်းဆန္ဒ၏ တိုက်တွန်းချက်သာ ဖြစ်ပါသည်။
တိုင်းပြည်ကို တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ဆန္ဒအလျောက် အုပ်ချပ်မည်ဆိုက ထိုတိုင်းပြည် မတိုးတက်နိုင်၊ ဒီမိုကရေစီနှင့် မညီညွတ်ပါ။ ပြည်သူအားလုံး၏ အခြေခံရပိုင်ခွင့်ကို အာမခံချက် မပေးနိုင်ပါက ခွဲခြားဆက်ဆံသော ဥပဒေဖြစ်နေပါက ထိုဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
(ကျော်မင်းသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အနိုင်ရခဲ့သော အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သည်။)
ဓါတ်ပုံအညွှန်း- ရခိုင်ပြည်နယ် မြောက်ပိုင်းနေ White Card ကိုင်ဆောင်သူတဦး (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
http://burma.irrawaddy.org/opinion/viewpoint/2015/02/19/71388.html
Comments