ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
M-Media
– အီရတ်တွင်ဖြစ်ပွားနေသော လက်ရှိအခြေအနေအတွက် အမေရိကန်ကို အပြစ်တင်ရမည်ဖြစ်ပြီး ဆီးရီးယားအရေးတွင်လည်း အိမ်နီးချင်း အီရန်နိုင်ငံက ၀င်ရောက်ညှိနှိုင်းပေးရန် ကုလသံတမန်ဟောင်း လက်ခ်ဒါ ဘရာဟီမီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ယူအေအီးနိုင်ငံ ရှာဂျာတွင်ပြုလုပ်သည့် ၂၀၁၅ နိုင်ငံတကာ အစိုးရများ ဆက်သွယ်ရေးဖိုရမ် IGCF တွင် လက်ခ်ဒါက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုက အီရတ်တွင် လက်နက်ကိုင်အဖွဲ့များ ဖြစ်ပေါ်စေမည့် ၀န်းကျင်ကို ဖန်တီးပေးခြင်းဖြစ်ပြီး IS ကဲ့သို့ အဖွဲ့များ အခြေတည်လာစေရန် အကူအညီဖြစ်စေခဲ့သည်ဟု ဆိုသည်။
“အမေရိကန်ကို အပြစ်တင်ရမှာပါ။ IS ပေါ်ထွက်လာဖို့ အခြေအနေတွေကို သူက ဖန်တီးပေးခဲ့တာပါပဲ” ဟု သံတမန်ရေးရာတွင် နှစ်ပေါင်း ၄၀ ကျော်ကျင်လည်ခဲ့သည့် အယ်လ်ဂျီးရီးယား နိုင်ငံရေးသမား ဘရာဟီမီက ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ကျူးကျော်ခဲ့ပြီးသည့်နောက် နိုင်ငံရေးဆိုင်ရာ မညီမျှများကြောင့် အီရတ်တွင် IS အဖွဲ့ပေါ်ထွက်လာပြီး တစ်ဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့သည်။ ထို့နောက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် ဆီးရီးယားအတိုက်အခံများက အာဆတ်အစိုးရအား လက်နက်ကိုင်တော်လှန်ပြီး ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးသည့် အချိန်တွင်လည်း IS အဖွဲ့မှာ ဆီးရီးယားအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကာ နယ်မြေအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် ဘရာဟီမီက ဆီးရီးယားနှင့် အီရတ်တို့အား လွှမ်းမိုးမှုရှိသော အီရန်အနေဖြင့် အဆိုပါ နိုင်ငံ ၂ ခု၏ နိုင်ငံရေးအဖြေထုတ်ရာတွင် ပါဝင်ရမည်ဟုလည်း ဆိုသည်။
ဘရာဟီမီမှာ ဆီးရီးယားပြည်တွင်းစစ် ချုပ်ငြိမ်းရေဆောင်ရွက်ရန် ကုလနှင့် အာရပ်လိဂ်တို့မှ ပါဝင်သော အထူးအဖွဲ့ကို ဦးဆောင်၍ ၂၀၁၄ ခုနှစ် မေလတွင် ဆီးရီးယားသို့ သွားရောက်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့သည်။
“အရှုံးတွေကနေ ကျွန်တော်တို့ သင်ယူပါတယ်။ ဒေသတွင်းကလူတွေက ပြောင်းလဲမှုအစစ်အမှန်ကို လိုချင်ကြတာဖြစ်ပြီး အမြင်လှရုံ ပြောင်းလဲမှုမျိုးမဟုတ်ဘူးလို့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ မပြောင်းလဲချင်တဲ့အစိုးရတွေကတော့ သားကောင်ဖြစ်သွားပါလိမ့်မယ်”
Ref: alarabiya
Comments