ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
M-Media
– ရုရှား၏ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်မှာ မော်စကိုမြို့လည်ကောင်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
နမ်စတော့ဗ်မှာ ယမန်နေ့က စားသောက်ဆိုင်တစ်ခုမှ ညစာစာပြီး အမျိုးသမီးတစ်ဦးနှင့် ဗာစီလ်ယက်ဗ်စကီး စပွတ်စ် တံတားတွင် လမ်းလျှောက်ပြန်လာစဉ် ကားတစ်ဦးပေါ်မှ သေနတ်ဖြင့် လေးချက်ဆက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့ကမူ အခင်းဖြစ်ပွားသည့်အချိန်တွင် အဖြူရောင်ကားသုံးစီးရှိခဲ့သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး နမ်စတော့ဗ်နှင့်အတူရှိနေသည့် အမျိုးသမီးကိုမူ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
နမ်စတော့ဗ်၏ မိသားစုကမူ ယနေ့နံနက် စောစောတွင် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး ရှေ့နေဖြစ်သူ ဗာဒင်မ် ပရိုဟိုရောဗ့်ကမူ နမ်စတော့ဗ်မှာ ပြီးခဲ့သည့်လများအရင်က ဆိုရှယ်မီဒီယာပေါ်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများစွာ ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
အသက် ၅၅ နှစ်အရွယ်ရှိ နမ်စတော့ဗ်မှာ နိုင်ငံရေးလောကအတွင်း ကျင်လည်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုရှိပြီဖြစ်ပြီး ၁၉၉၁ မှ ၁၉၉၇ ခုနှစ်အထိ နီဇီအဂိုရော့စကီး ဒေသ၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ ၎င်းမှာ သမ္မတ ဘောရစ်ယဲလ်ဆင်၏ လက်ထက်တွင် စွမ်းအင်ဝန်ကြီးနှင့် လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် နမ်စတော့ဗ်မှာ လစ်ဘရယ်လှုပ်ရှားမှုများနှင့် ပါတီများတွင် ပါဝင်ခဲ့ပြီးသမ္မတပူတင်၏ ၎င်း၏အစိုးရကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။
Ref: RT
Comments