6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၅
M-Media

images

– မြန်မာနိုင်ငံအနောက်ပိုင်းရှိ  အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာမွတ်စလင်များနေထိုင်ရာ ဤ ဒုက္ခသည်စခန်းများတွင် အင်တာနက်တဲများကို လွယ်လွယ်ကူကူ သတိပြုမိမည်မဟုတ်။ ၎င်းတို့ထံမှ ထွက်လာသည့် အဖြူထည် စိတ်ခံစားမှုများအား လစ်လျူရှုရန် အလွန်ပင်ခက်၏။

တဲများမှာ ထရံများဖြင့် ကာရံထားပြီး သက်ကယ်မိုးထားသည်။ သို့ရာတွင် အရေးပါဆုံးက ထိုင်းနှင့် မလေးရှားနိုင်ငံများကို ပြောင်းရွှေ့ သွားကြသော ဆွေမျိုးများနှင့် အဆက်အသွယ် လုပ်ပေးသော ဖုန်တက်နေသည့် ကွန်ပျူတာများဖြစ်သည်။ အင်တာနက်လိုင်းက ပင့်ကူအိမ်များဖြင့် ရှုပ်ထွေးနေသည့် အမိုးတွင် ထိုးထားသော ဆဲလ်ဖုန်းများမှ လာသည်။

ချက်ပြုတ်ရာနေရာများမှ မီးခိုးများက ယိုင်နဲ့နဲ့ ထရံများကြားမှ ထွက်လာသည်။  အသံများကဆူနေသည်။ ဖုန်းခေါ်ပေးသူက ၎င်း၏ အကြောင်းများအား အနားရှိလူတိုင်းကို ပြောနေသည်။

ထိုအရာများက မနှစ်မြို့စရာကောင်းသော အခြေအနေမျိုးတွင် နေထိုင်နေရသည့်  မြန်မာနိုင်ငံမှ နိုင်ငံမဲ့ ရိုဟင်ဂျာများ၏ အတွင်းကျကျ ပုံရိပ်များ ဖြစ်လေသည်။ မြန်မာနိုင်ငံရှိ ပြည်သူများကလည်း ၎င်းတို့အား တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်အခြေချလာသူများဟု မှတ်ယူနေကြသည်။ အဆိုပါ ဒုက္ခသည်စခန်းများက လူကုန်ကူးသူများ မျက်စိကျသည့် နေရာများဖြစ်ပြီး ၎င်းတို့မှ လှေဖြင့် ကူးသွားသူများနှင့် ဒုက္ခသည်စခန်းတွင် ကျန်ရစ်ခဲ့သူများထံမှ အကျိုးအမြတ်ကို ရရှိကြသည်။

ဒီကနေ့မှာ ပျော်ရွှင်စရာနေ့ပင်ဖြစ်၏ အသက် ၅၆ နှစ်အရွယ် ဖာတီမာတစ်ယောက် သားဖြစ်သူ၏ ဇနီးလောင်းရွေးချယ်မှုကို သဘောကျနေသည်။ သန့်ရှင်းရေးအဖြစ် သူမ အလုပ်လုပ်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အင်တာနက်ကဖေးတစ်ခုတွင် ထိုင်နေကာ  Skype ကဲ့သို့သော အက်ပလီကေးရှင်းဖြင့် သားဖြစ်သူနှင့် ဆက်သွယ်ပြောဆိုနေခြင်း ဖြစ်သည်။

“ဒါပေါ့။ သား သူ့ကို လက်ထပ်ရမယ်နော်။ ဒါနဲ့ အသားဖြူဖြူလေးလားဟင်” ဟု ဖာတီမာက သားဖြစ်သူအား မေး၏။ သူမ၏သားက သူ၏ချစ်သူကို နောက်တစ်ခေါက်ခေါ်ဆိုမှုတွင် ပြမည်ဟု ကတိပေးသည်။

အခြားသောပြောဆိုမှုများကတော့ သတိရကြောင်းနှင့် ကြုံတွေ့ရသော အန္တရာယ်များအကြောင်း ဖြစ်သည်။

အဆိုပါအင်တာနက်ဆိုင်သို့ ရောက်လာကြသူအများစုက မလေးရှားကုဒ်နံပါတ်များနှင့် တယ်လီဖုန်းနံပါတ်များကို ရေးထားသော စာရွက်အပိုင်းအစများနှင့်ဖြစ်သည်။ ထိုဖုန်းနံပါတ်များက ရိုဟင်ဂျာထောင်ပေါင်းများစွာကို နှစ်စဉ် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးနေသော လူကုန်ကူးသူများ၏ ဖုန်းနံပါတ်များဖြစ်သည်။ ၎င်းတို့က မလေးရှားနယ်စပ်နှင့်နီးသည့် ဝေလံခေါင်ဖျားသော ဒေသရှိ နေအိမ်များတွင် ရိုဟင်ဂျာများအား ထိန်းသိမ်းထားကာ ပြန်ပေးငွေများ တောင်းကြသည်။

တစ်ဦးအား လွှတ်ပေးရန် ကန်ဒေါ်လာ ၁၂၀၀ မှ ၁၈၀၀ အထိ တောင်းကြသည်။ တစ်နေ့လျှင် ၁ ဒေါ်လာ သို့မဟုတ် ၂ ဒေါ်လာခန့်ဖြင့်သာ အသက်ရှင်နေထိုင်နေရသော ရိုဟင်ဂျာများအတွက် အလွန်များပြားသည့် ငွေဖြစ်သည်။

လူကုန်ကူးသူတစ်ယောက်က ရာဟာနာ၏ အသက် ၁၂ အရွယ် သားဖြစ်သူကို လွှတ်ပေးရန် ကန်ဒေါ်လာ ၁၄၀၀ တောင်းနေသည်။ အခြားသောရိုဟင်ဂျာအမျိုးသမီးများနည်းတူ အမည်တစ်လုံးသာပြောပြသည့် ရာဟာနာက ဒေါ်လာ ၁၁၀၀ ကို ပို့ပေးပြီး သွားပြီဖြစ်သော်လည်း လူကုန်ကူးသူက အကျေလိုချင်နေသည်။

အနည်းဆုံးတော့ သူမအား သားဖြစ်သူနှင့် စကားအနည်းငယ် ပြောခွင့်ပြုသည်။ အသက်ရှင်သေးသည်ဆိုသော သက်သေအတွက် ဖုန်းခေါ်ဆိုမှု၏ အစတွင် ထိုကဲ့သို့ပေးပြောလေ့ရှိပြီး ပြန်ပေးငွေ အကျေမပေးမချင်း ဆွေမျိုးများနှင့် ပြောဆိုမှုကို လူကုန်ကူးသူများက ခွင့်မပြုချေ။

မလေးရှားဖုန်းနံပါတ်အား ရာဟာခေါ်သည့်အခါ တစ်ဘက်မှ အမျိုးသားတစ်ဦးက ဖြန်ဖြေသည်။ “သားနဲ့ စကားပြောချင်လို့ပါ” ဟု သူမက ထိုအမျိုးသားအား ပြောလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အသံးတိုးတိုးတစ်ခု ထွက်လာပြီး “အမေလား” ဟု မေးသည်။

ရာဟာနာတစ်ယောက် မျက်လုံးအိမ်တွင် မျက်ရည်များပြည့်လာပြီး သူမ၏ မေးရိုးများကလည်း ၀မ်းနည်းမှုကြောင့် တုန်လာသည်။ သူမက အလျင်အမြန်ပင် အားပြန်တင်းလိုက်သည်။

“အမေ ပိုက်ဆံပို့ပေးမယ်နော်။ ပြီးရင် သူတို့သားကိုလွှတ်ပေးမှာပါ” ဟု သားဖြစ်သူအား ရာဟာနာက နှစ်သိမ့်သည်။ ဖုန်းပြောပြီးနောက် ရာဟာနာတစ်ယောက် တွေဝေနေပြီး သားဖြစ်သူအတွက် ရတက်မအေးဖြစ်နေသည်။

“ကျွန်မသားက သူနေမကောင်းဘူးလို့ပြောတယ်။ ဘာပဲစားစား ပြန်အန်တယ်တဲ့”

လူယုံတော်

ရခိုင်ဗုဒ္ဓဘာသာဝင်များက အနီးရှိ စစ်တွေမြို့မှ ရိုဟင်ဂျာများကို မောင်းမထုတ်ခင် ၂၀၁၂ ခုနှစ်မတိုင်ခင်အထိ သဲချောင်းရွာလေးမှာ တံငါရွာလေးတစ်ခုဖြစ်သည်။ ထိုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၂၀၀ သေဆုံးကာ ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယနေ့တွင်တော့ သဲချောင်းရွာမှာ ညစ်ပတ်ပေကျံနေပြီး လူများစုပြုံနေသည့် ဒုက္ခသည်စခန်းဖြစ်နေပေသည်။ ထိုဒုက္ခသည်စခန်းများတွင် နေထိုင်သူအများစုအတွက်တော့ ထိုင်းနိုင်ငံသို့ လှေဖြင့် ထွက်ပြေးခြင်းသာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေသည်။

ထိုကဲ့သို့ ထွက်ခွာသွားမှုများအတွက် အသက် ၂၉ နှစ်အရွယ် ကျော်းသိန်းဆိုသူက အခွင့်အရေးတစ်ခုနှင့် ဆောင်ရွက်ပေးနေသည်။

၂၀၁၂ ခုနှစ်အထိ ၎င်းမှာ ရွာတွင်းရှိ တံငါသည်များကို ရေခဲနှင့် ဓာတ်ဆီများ ရောင်းချသူဖြစ်သည်။ ယခုတွင်တော့ အင်တာနက်တဲတစ်ခုကို ၎င်းက ဖွင့်ထားသည်။ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို တစ်မိနစ် ၁၀၀ ကျပ်ဖြင့် ၀န်ဆောင်မှုပေးပြီး ၎င်း၏ လက်တော့ပ် ၃ လုံးမှာ လူမပြတ်တမ်းရှိနေသည်။

အခြားသောဝန်ဆောင်မှုများကိုလည်း ၎င်းက ဆောင်ရွက်ပေးသည်။ နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေသည့် ရိုဟင်ဂျာများက ၎င်းတို့၏ငွေများကို ဆွေမျိုးများထံသို့ ပုံမှန်ပို့ပေးသည်။ ထိုသို့ပို့ပေးမှုကို ရခိုင်ပွဲစားတစ်ဦး၏ စစ်တွေရှိ ဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသည်။ ထိုပွဲစားက ကျော်သိန်းထံသို့ ငွေသားများလာပို့ပေးပြီး ၎င်းက ၀န်ဆောင်ခ ၁.၅ ရာခိုင်နှုန်း နုတ်ကာ သက်ဆိုင်ရာ ဆွေမျိုးများသို့ ပြန်ပေးလေသည်။

သူ၏ တဲပုတ်က ပြန်ပေးငွေ ဒေါ်လာထောင်ချီ၍ စီးဆင်းနေသော နေရာလည်းဖြစ်သည်။ ထိုပတ်ဝန်းကျင်ရှိသူများက အနီးအနားရှိ ရွာမှ ရိုဟင်ဂျာပွဲစားတစ်ဦးကို ပေးရန် ကျပ်ငွေအထပ်လိုက်ကို ကျော်သိန်းထံသို့ လာအပ်ကြသည်။ ထိုကဲ့သို့ ပို့ပေးမှု သို့မဟုတ် လူကုန်ကူးသူနှင့် တိုက်ရိုက်ဆက်သွယ်မှုအတွက် မည်သည့်ဝန်ဆောင်ခမှ မယူဟု ၎င်းက ဆိုသည်။

“သူတို့ (ပြန်ပေးသမားတွေက) ကျွန်တော့်ကိုယုံတယ်။ ကျွန်တော်ကတော့ သူတို့ကိုမယုံဘူး” ဟု ကျော်သိန်းက ဆိုသည်။

ယခင်က ရိုဟင်ဂျာများအနေဖြင့် မလေးရှားသို့ လှေဖြင့်သွားရန် ဒေါ်လာရာပေါင်းများစွာပေးရသည်ဟု ကျော်သိန်းကဆိုသည်။ အခုတော့ ကမ်းနှင့်ဝေးဖို့ ဒေါ်လာအနည်းငယ်သာပေးရတော့သည်။

အသွားခရီးက အခမဲ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းနှင့် မလေးရှားသို့ရောက်သည့်အခါ လှေစီးသူများကို ထိန်းသိမ်းထားခြင်းက ၎င်းတို့အတွက် အကျိုးအမြတ်ပိုရသည်ကို လူကုန်ကူးသမားများက သိရှိခြင်းကြောင့်ဖြစ်သည်။

ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပွဲစားများကလည်း လှည့်နေပြီး လူကုန်ကူးသူများထံသို့ ၎င်းတို့ ပို့ပေးသူတိုင်းအတွက် ရှာကြေးရသည်ဟု ကျော်သိန်းကဆိုသည်။

အဘ်ဒူလ် ကာဒရ်ဆိုသူက ၁၄ နှစ်အရွယ်သမီးဖြစ်သူ ပျောက်သွားခြင်းအတွက် ထိုပွဲစားများကို အပြစ်တင်သည်။ တစ်မနက် အိမ်နီးနားချင်းအိမ်သို့ သွားရောက်ခဲ့ပြီးနောက် သူမကို ထပ်မတွေ့ရတော့။

သူမမှာ ယခုအချိန်တွင် ထိုင်း သို့မဟုတ် မလေးရှားရှိ ဒုက္ခသည်စခန်းတွင်ရှိနေသည်။ လူကုန်ကူးသူများက သမီးဖြစ်သူအတွက် အဘ်ဒူလ်ကာဒရ်ထံမှ ကန်ဒေါ်လာ ၁၅၀၀ တောင်းသည်။ ပိန်ပိန်သေးသေး ဆိုက်ကားနင်းသူ ကာဒရ်တစ်ယောက် ထိုငွေကိုမပေးနိုင်။

“သမီးကို တောင်ပေါ်ကနေ ကန်ချလိုက်မယ်လို့ သူတို့က ကျွန်တော့်ကိုပြောတယ်” ဟု ကာဒရ်က ဆိုသည်။

သမီးဖြစ်သူအား လက်ထပ်ချင်သူတစ်ဦးကိုရှာ၍ ၎င်းထံမှ ပြန်ပေးငွေကို တောင်းပါဟု ကာဒရ်က ပြန်ပေးသမားများအား ပြောထားသည်။ သမီးဖြစ်သူအား ရောင်းစားခွင့် ပေးထားသည်ကို သူသိနေသည်။

“ကျွန်တော်မှာရှိတာအားလုံးက သောကတွေပဲဗျာ။ ဘာမှ မှ မတတ်နိုင်တာ” ဟု ၎င်းက ဆိုလေသည်။

ref:reuters
လေးမောင် ဘာသာပြန်သည်။

Leave a Reply