မတ် ၂၊ ၂၀၁၅
M-Media
သတင်း/ဓါတ်ပုံ- မိုးစက်
ရန်ကုန်။ ။ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့၊ မ.မ.လ ဌာနချုပ်မှ ဦးစီးပြီး သွေးလှူဒါန်းပွဲတစ်ရပ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးဌာနတွင် ယနေ့ မနက် (၈)နာရီမှ စတင်ကာ ပြုလုပ်ခဲ့သည်။
သွေးလှူဒါန်းပွဲ ကျင်းပခဲ့ရခြင်းအကြောင်းကို မ.မ.လ ဌာနချုပ်၏ အမျိုးသမီးရေးရာဌာနမှူးဖြစ်သူ ဒေါ်စန်းစန်းအေး (ခ) ဒေါ်ချိုက ယခုကဲ့သို့ ပြောကြားခဲ့သည်။
“ကျွန်မတို့ အဖွဲ့ဝင်တွေရော အခြားလာရောက် လှူဒါန်းတဲ့သူတွေရော လိုအပ်တဲ့ လူမျိုးဘာသာမရွေး သုံးစွဲနိုင်ရန် စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းခဲ့ကြတာပါ။ ကျွန်မ ကိုယ်တိုင်လည်း လှူဒါန်းခဲ့ပါတယ်။ ငွေနဲ့ဝယ်လို့မရနိုင်တဲ့အရာကို လှူဒါန်းခဲ့ရတဲ့ အတွက်လည်း အတိုင်းမသိပီတိဖြစ်မိပါတယ်”
မ.မ.လ အဖွဲ့အနေဖြင့် မြင့်မြတ်သောသွေး လှူဒါန်းခြင်းဖြင့် အကျိုးရှိသော လူမှုရေး၊ ဘာသာရေး လုပ်ငန်းတစ်ရပ်ကို အကောင်အထည်ဖော်ရာ ရောက်သည်ဟု ခံယူယုံကြည်ထားပြီး ယင်းသွေးလှူဒါန်းပွဲတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်ကာ လှူဒါန်းသည့်သွေးနှင့် သွေးပစ္စည်းများသည်လည်း ဘာသာလူမျိုး မခွဲခြားသည့် လူများထံသို့ ပေးသွင်း စီးဆင်းခြင်းဖြင့် လူမျိုးဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးစေသည့် လူသားဝါဒကို တစ်နည်းအားဖြင့် အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပေသည်ဟု မ.မ.လ ဌာနချုပ်မှ ဥက္ကဌဖြစ်သူ အလ်ဟာဂ်ျ ဦးမြင့်ထွန်းမှ ဆိုသည်။
သွေးလှူဒါန်းပွဲတွင် လာရောက်သွေး လှူဒါန်းခဲ့သော သာကေတမြို့နယ်မှ ကိုမင်းမင်းကလည်း “ကျွန်တော်က ဒီမှာအမြဲလှူနေကြပါ။ ဒါနဲ့ဆို (၁၄) ကြိမ်လောက်ရှိပြီ။ ကျွန်တ်ေလှူလိုက်တဲ့သွေးကို တကယ်လိုအပ်နေတဲ့ သူတွေ အတွက် သုံးစွဲခွင့်ရမယ်ဆိုရင်တော့ ကျွန်တော်အရမ်းကို ပီတိဖြစ်မိမှာပါ။အခုလို လှူရတဲ့ အတွက်လည်း အရမ်းကိုဝမ်းသာမိပါတယ် ” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ဘာသာ၊ လူမျိုးမခွဲခြားဘဲ မေတ္တာ တရားကို အရင်းပြုပြီး စုပေါင်းသွေး လှူဒါန်းပွဲကို (၄) လလျှင် တစ်ကြိမ်ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် (၁၇) ကြိမ်မြောက်ရှိပြီဖြစ်ပြီး သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် လှူဒါန်းသူ (၁၅၀) ကျော်မှ (၃၀၀) ကျော် ထိရှိကြောင်း မ.မ.လ ဌာနချုပ်မှ ထုတ်ပြန်ထားသည်။
Comments