ဆရာချွန်(ယင်းတော်) ရေးသည်။
(ကမ္ဘာ့အလင်းစာစောင် အတွဲ-၄၊ အမှတ်-၄၆၊ (၁၉၅၆-ခုနှစ်၊ အောက်တိုဘာလထုတ်) စာမျက်နှာ ၂၈-၃၁မှ ဆောင်းပါးကို အစအဆုံးမူရင်းအတိုင်း ကူးယူတင်ပြချက်ဖြစ်ပါသည်။)
ခံတပ်ဗိုလ်ကရင်
——————
ဗဒုံမင်းတရား(ခေး)ဘိုးတော်ဦးဝိုင်း ဘုန်းတောက်စဉ် ၁၁၄၇-ခုနှစ်၊ ခြစ်ခြစ်တောက် ပူပြင်းသော နွေရာသီနေရောင်အောက်၌ ရတနာပူရဌာနနေပြည်တော်၏ ပြ လမ်းမ,ကြီးငယ် အသွယ်သွယ်တို့တွင် ကျော၌ အထည်ထုပ်ကြီးကို ပိုးလျက် လက်တဘက်၌ တလံသာသာရှိ တုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ အသားဂျုံသွေးရောင် အသက်(၂၀) ခန့် ပထန်လူမျိုးတစ်ဦးသည် အသံမာကြီးဖြင့် အထည် များကို လှည့်လည်အော်ဟစ်ရောင်း ချနေသည်ကို တွေ့မြင်နိုင်ပေသည်။
အနောက်တိုင်းဖြစ် အထည်ချောများကိ အသုံးပြုလိုကြသောနေပြည်တော် သူနေပြည်တော်သား တို့မှာ သူရောက်လာလျှင် အထူးပီတိဖြစ်ကြသည်။ သူ့ထက်ငါလုယက်ဝယ်ယူကြသဖြင့် လက်မလည် နိုင်အောင်ပင် ရောင်းချနေရ လျက်ရှိပေသည်။
သူကလည်း မြို့တော်သို့ ရောက်လိုက်လျှင် အထူးပီတိဖြစ်လျက် မြို့တော်သူမြို့တော်သားတို့အား တအိမ်တက်ဆင်းနှုတ်ဆက်ရင်း ၀င်ထွက်လှည့်လည် အထည်များကို ရောင်းချလေတော့ မြို့တော်သူ မြို့တော်သားများကလည်း ကလေးကအစ သူ့အား မြင်လိုက်လျှင် “ဒိုကရင်လာပြီ၊ ဒိုကရင်လာပြီ”ဟု ဆီးကြိုနှုတ်ဆက်ကြသည်။
သို့ဖြင့် ဒိုကရင်သည် ဌာနေပြည်တော်သူပြည်တော်သားတို့၏ သိကျွမ်းခင်မင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ ထိုသို့ သိကျွမ်းခင်မင်ခဲ့ကြသူတို့အထဲတွင် အိမ်နိမ့်စံတော်ဘုရား စစ်ကိုင်းမင်သားကလေးနှင့် အထူးသိကျွမ်းခင်မင်ပေသည်။ အိမ်နိမ့်စံတော်ဘုရား ကလေးသည် ဒိုကရင်၏ အင်္ဂါလက္ခဏာနှင့် ရိုးသား ရဲရင့်တည်ကြည်သော စကားတို့ကြောင့်လည်းကောင်း၊ လျင်မြန်ဖျတ်လတ်ခြင်းနှင့် အားကိုးရာမဲ့ တစ်ဦး ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း အထူးသနား ချစ်ခင်မိပေတော့သည်။
အဗ္ဗဒွလ်ကရင်(ခေါ်) ဒိုကရင်ကလည်း တော်ဘုရားလေး၏ စံအိမ်တော်ကို တည်အိမ်ပြုကာ ၄င်းမှပင် လှည့်လည်၍ အထည်များကို ရောင်းချလေ့ရှိသည်။
တော်ဘုရားလေးသည် ဒိုကရင်၏ သွားလာနေထိုင်ပုံတို့ကို အမြဲအကဲ ခတ်လျက်ရှိပေသည်။ ဒိုကရင်အား အိမ်တော်သို့ ရောက်လျှင် အာသောအချိန်များ၌ အငြိမ်မနေတတ်။ တော်ဘုရားလေး၏ စီးတော်မြင်းကို ကိုင်တွယ်ကျွေးမွေးခြင်း၊ သက်တော်စောင့်ကိုယ်တော်စောင့် အစုသား၊ အဆောင်တော် ကိုင် အစုသားတို့အား စနစ်တကျ တိုက်တွန်းခြင်း၊ စံအိမ်တော်၏ အတွင်းအပြင်အမှိုက်သရိုက်များကို လှဲခတ် ရှင်းလင်းခြင်းစသည့်ကိစ္စတို့ဖြင့် အချိန်ကို အသုံးပြုပေသည်။ ထိုအချင်းအရာများကို တော်ဘုရား လေးသည် အထူးနှစ်သက် သဘောကျပေသည်။
တစ်နေ့သောအခါ တော်ဘုရားလေးသည် ဒိုကရင်အား ရှေ့တော်သို့သို့ ခေါ်၍ “အဆောင်တော် ကိုင် အမှုထမ်း”အဖြစ် ဆောင်ရွက်ရန် မိန့်တော်မူလေသည်။
ချစ်ခင်စွဲလမ်း၍ နေသော သူငယ်ချင်းတို့၏ စိတ်ဓာတ်သည် ခွဲခွာနေထိုင်ရမည်ကို အလွန်ဝန်လေး တတ်ပေသည်။ သို့ဖြင့် ဒိုကရင်ကလည်း တော်ဘုရားလေး၏ အမိန့်တော်ကို နာခံဆောင်ရွက်နိုင်ရန် အတွက် ဗမာပြည်၌ ရိုးမြေကျနေထိုင်ရန် သန္နိဋ္ဌာန်ပြုလိုက်လေတော့သည်။ ထိုအခါမှစ၍ ဒိုကရင်သည် တော်ဘုရားလေး၏ စံအိမ်တော်အဆောင်တော်ကိုင် အမှုတော်ထမ်းဖြစ်လာလေသည်။
ဒိုကရင်သည် အဆောင်တော်ကိုင် အမှုတော်ကို ထမ်းရွက်ရသောအခါ၌လည်း သူတစ်ဦးထက် ထူးကဲ၍ ဆောင်ရွက်တတ်ခြင်း သခင်၏ အလိုကို ကြိုတင်သိမြင် တတ်ခြင်းစသည်ဖြင့် လိမ္မာရေးခြားရှိကြ သောကြောင့် တော်ဘုရာလေး၏ အထူးအရေးပေးခြင်းခံရပေသည်။ တော်ဘုရားလေးသာမက အိမ်တော်သူ အိမ်တော်သားများကပင် ဒိုကရင်အား ထူးကဲချစ်ခင်ကြ၍ အရေးပေးကြပေသည်။
အိမ်နိမ့်စံတော်ဘုရားလေးသည် ၁၁၁၈-ခုနှစ်၌ တော်မူရသောအခါ အရှင်မြှင့် ကျွန်တင့်ဆိုသည့် စကားကဲ့သို့ အဆောင်တော်ကိုင် ဒိုကရင်အား စစ်ဗိုလ်ရာထူးကို ချီးမြှင့်ခန့်အပ်ပြန်သည်။
စစ်ဗိုလ်ကလေးဒိုကရင်ကား စစ်သားများအပေါ်၌ စီမံအုပ်ချုပ်ခြင်း၊ ငယ်သားတို့အား ဖော်ရွေခြင်း၊ သဘောထားကြီးခြင်း၊ ငယ်သားတို့၏ ချစ်ခင်လေးစားခြင်းခံရခြင်းတို့သည် ရပ်တန့်၍ မနေပဲ ရှေ့သို့ တိုးတက်မည့်ဒိုကရင်၏ အရည်အချင်းများပေတည်း။
ကသည်းအရေးတော်ပုံ
—————————-
၁၁၈၂-ခုနှစ်၌ လက်အောက်ခံကသည်းပြည် ပုန်ကုန်ခြားနားသဖြင့် တော်ဘုရားလေး(ခေါ်) ဘကြီးတော် စစ်ကိုင်းမင်းချီတက်နှိမ်နင်းရာ စစ်ဗိုလ်ကလေး ဒိုကရင်လည်း သူ၏ တပ်သားများနှင့်အတူ ချီတက်ရလေသည်။ ဒိုကရင်သည် သက်စွန့်ကြိုးပမ်း ရွပ်ရွပ်ချွံချွံကွပ်ကွဲတိုက်ခိုက်ရာ ကသည်း အရေးတော်ပုံကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေသည်။
ဤသို့စစ်ဗိုလ်ကလေးဒိုကရင်သည် အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်ကြောင်း ဘကြီးတော် မင်းတရားကြားသိတော်မူလေလျှင် စစ်ဗိုလ်ကြီးရာထူးသို့ တိုးတက်ချီးမြှင်ခြင်း ခံရပြန်လေသည်။ ထိုအခါ မှစ၍ စစ်ဗိုလ်ကြီးဒိုကရင်အား ခံတပ်ဗိုလ်ဒိုကရင်ဟု ခေါ်တွင်ကြလျက် ထင်ပေါ်ကျော်ကြားလာလေသည်။
တဖန် ၁၁၈၃-ခုနှစ်တွင် အာသံဘုရင်စန္ဒြကန္တာရှိန်သည် အင်္ဂလိပ်များ၏ သွေးထိုးမှုကြောင့် ပုန်ကန် ခြားနားလေရာ ခံတပ်ဗိုလ်ဒိုကရင်အား မြင်းတပ်ကို ဦးစီး ကွပ်ကဲစေလျက် ချီတက်နှိမ်နင်းလေရာ အောင်မြင်လေသည်။
အာသံက ပြန်လာသောအခါ ယွန်းပြည်သို့ သံအမတ်ဖြင့် စေလွှတ်ခြင်းခံရပြန်သည်။ ယွန်းပြည် ၌ အမှုတော်ကို ထမ်းရွက်ရာတွင် မင်းနှစ်ပါး၏ ချစ်ကြည်ရေးသည် အထူးအောင်မြင်ပေသည်။ ယွန်းပြည်မှ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပြီးနောက် မကြာမီ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူသွားလေတော့သည်။
ထို့ကြောင့် “ခံတပ်ဗိုလ်ဒိုကရင်”အတွက် ဘကြီးတော်မင်းတရားသည် အထူးဝမ်းနည်းကြေကွဲ လျက် အသည်းစွဲကာ ကျန်ရှိခဲ့ပေသည်။
ဗိုလ်ချုပ်ဝလီခါန်
——————-
ဘကြီးတော်မင်းတရားလည်း မကြာမီနတ်ရွာ စံလေလျှင် ရွှေဘိုမင်း(ခေါ်) သာယာဝတီမင်း ထီးနန်း တက်သည်။ ခံတပ်ဗိုလ်ဒိုကရင်၌ သားဝလီခါန်နှင့် ဘိုးတူတို့ကျန်ရစ်ခဲ့လေရာ သာယာဝတီမင်းသည် ခံတပ်ဗိုလ်ဒိုကရင်၏ သား ၀လီခါန်ကို အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။
ဝလီခါန်သည် ဤကဲ့သို့ရဲရင့်ခြင်း၊ ဆင်ရေးမြင်းရေး၌ ကျွမ်းကျင်ခြင်း၊ အထူးသဖြင့် မြင်းစီးနှင့် လှံထိုး၌ သူတဦးထ် ထူးကဲကျွမ်းကျင်သဖြင့် ဘ၀ရှင်မင်းတရားကြီး အထူးနှစ်သက်သဘောကျပေသည်။ ဘ၀ရှင်ရွှေဘိုမင်းတရားသည် ၀လီခါန်၏ လုပ်ရည်ကြံရည်တို့ကို သဘောကျနှစ်သက်တော်မူလှသဖြင့် မြင်းတပ်ဗိုလ်ချုပ်အဖြစ် တိုးတက်ချီးမြှင့်ခန့်အပ်ပြန်သည်။ ထိုအခါမှစ၍ ဗိုလ်ချုပ်ဝလီခါန်ဟု ထင်ပေါ်ကျော်ကြားခဲ့ပေသည်။
ရွှေဘိုမင်းတရားနောက် ပုဂံမင်းတရားကလည်း ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ၁၂၁၄-ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယအရေးတွင် ၀လီခါန်သည် မြင်းတပ်ကို ကွပ်ကဲ လျက် သွေးသောက်ကြီးဦးပို(ယင်းတော်)တို့နှင့်အတူ ကုန်းကြောင်းမှ ချီတက်ကြလေသည်။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်လျက် ဇေယျဝတီ ပန်းကျောင်းအရပ်တို့မှ ရွပ်ရွပ်ချွံချွံခုခံရာ အားမမျှသဖြင့် နောက်ပိုင်း ဆုတ်ခွာခဲ့ရသည်။
သို့ရာတွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို တဘက်မှ ရန်သူတို့ပင် တွေ့မြင်အံ့သြ ကြပေသည်။
၎င်းနောက်မင်းတုန်းမင်းတရား လက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို နှစ်သက် သဘောကျသဖြင့် မြင်းတပ်ဗိုလ်ရာထူးဖြင့်ပင် အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ဘ၀ရှင် မင်းတုန်းမင်းတရားသည် အမရပူရမှ ရတနာပုံနေပြည်တော်သို့ ရွှေ့ပြောင်းတော်မူသောအခါ ဗိုလ်ချုပ်ဝလီခါန်အား မင်္ဂလာတံခါးအရှေ့ဘက် ကျုံးထောင့်အနီးတွင် နေရာချထားပေသည်။
ဗိုလ်ချုပ်ဝလီခါန်သည် တော်ဘုရားကြီး မင်းတုန်းမင်း၏ အသက်တော်ကို ပန်းတိမ်မင်းသား အရေး၊ မြင်းကွန်းမင်း မြင်းခုံတိုင်မင်းအရေးတို့၌ ရွပ်ရွပ်ချွံချွံအသက်စွန့်၍ ကာကွယ်ခဲ့ပေသည်။
တခါသော် ထွန်တုံးပူတက်အရပ်၌ ရှမ်းသူပုန်တို့တောင်ပေါ်မှ ဆင်းလာ စုဝေး၍ နေပြည်တော်ကို ထိပါးရန် ကြံစည်သည်ကို ဗိုလ်ချုပ်ဝလီခါန်ကြားသိ၍ ရုတ်ချည်း မြင်းသည်တော်ဌာနသားတို့နှင့် လိုက်လံ တိုက်ခိုက်ရာ ရှမ်းတို့အကြံပျက်၍ ထွက်ပြေးကြရလေသည်။
တဖန် ရှမ်းပြည်၌ ရှမ်းစော်ဘွားအချို့ ပုန်ကန်ထကြွရာ ဘ၀ရှင်မင်းတုန်းမင်းတရား အမိန့်တော်ဖြင့် ဗိုလ်ချုပ်ဝလီခါန်သည် ဗိုလ်ဦးကာဗိုလ်ဦးပဲ(ယင်းတော်ရွာ)တို့နှင့် ရှမ်းပြည်သို့ ချီတက်နှိမ်နင်းရာ အောင်မြင်ခဲ့ပေသည်။ ထိုအရေး၌ ရှမ်းပြည်တွင် ဗိုလ်ဦးပဲ(ယင်းတော်)ကျဆုံးခဲ့ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ထမ်းကောင်းလှသဖြင့် မင်းတုံးမင်းတရားကြီးနှင့် မိဖုရားကြီးခေါင်ကြီးတို့ အထူးအရေးပေးခဲ့သည်။
မင်းတုံးမင်းတရားကြီး နာမကျန်းဖြစ်စဉ် မင်းသွေးမင်းသားတို့အား ဖမ်းဆီး၍ ကြေးတိုက်သွင်း အကျဉ်းချထားသည်ကို ဗိုလ်ချုပ်ဝလီခါန်သည် မိဖုရားခေါင်ကြီးထံ ၀င်ရောက်၍ ရဲဝံ့စွာဖြင့် ဤသို့ပြုမူတော် မမူရန် သံတော်ဦးတင်သေးသည်။
သို့ရာတွင် အချည်းနှီးဖြစ်ခဲ့သည်။ လက်လှမ်းမီရာမင်းသွေးမင်းသားတို့ကို လျှို့ဝှက်စွာလိုက်လံ အကြောင်းကြားသောကြောင့် အချို့မင်းသားမင်းသွေးတို့ အသက်ဘေးမှ ချမ်းသာရာခဲ့ကြသည်။
မင်းတုံးမင်းတရားမရှိသည့်နောက် သားတော်သီပေါင်းမင်းလက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ဆက်လက်ထမ်းရွက်စေသည်။ ဗိုလ်ချုပ်ဝလီခါန်သည် အသက်ခြောက်ဆယ်နီးပါးခန့်ရှိပြီ ဖြစ်သော်လည်း သန်မာတောင့်တင်းစွာဖြင့် အမှုတော်ကို ထမ်းရွက်နိုင်သေးသည်။
အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်သဖြင့်လည်းကောင်း၊ လုပ်ရည်ကြံရည်ကောင်းမွန်သဖြင့် လည်းကောင်း၊ သီပေါမင်းတရားသည် အထူးအားရနှစ်သက်တော်မူကာ ဖခမည်းတော် လက်ထက်က ဆောက်လုပ် လှုဒါန်းခဲ့သော ဗိုလ်ချုပ်ဝလီခါန်၏ ရပ်ကွက်ရှိ ဗလီကို တိုးချဲ့ပြုပြင်ဆောက်လုပ်ပေး သနား တော်မူလေသည်။
၁၂၄၈-ခုနှစ်၊ သီတင်းကျွတ်လတွင် နေပြည်တော်ရတနာပုံ၌ အုံးအုံးကျွက်ကျွက်ဆူပူလှုပ်ရှားလျက် ရှိပေသည်။ ရပ်ကွက်တိုင်းမှ ဆော်မောင်းများ တညံညံဖြင့် စစ်သံပေးကာ ဟစ်ကြွေးလျက် စစ်ထွက်ရန် ပြင်ဆင်နေကြပေသည်။
ဗိုလ်ချုပ်ဝလီခါန်တို့ရပ်ကွက်မှလည်း ဆော်မောင်းသံတည်တည်ဖြင့် သြဇာရှိ၍ ခန့်ငြားလှသော အသံနှင့် ငယ်သားတို့အား စစ်မိန့်ပေးနေသောဗိုလ်ချုပ်ဝလီခါန်၏ အမိန့်သံကို ကြားရှိသူတို့မှာ စိတ် တက်ကြွ၍ တကြွကြွဖြစ်နေကြသည်။
ဗိုလ်ချုပ်ဝလီခါန်သည် နန်းတော်ဘက်သို့ လှည့်ပြီး သက်စွန့်ကြိုးပမ်း ထမ်းရွက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဆော်မောင်းသံ ညံစေလျက် နေပြည်တော်မှ ထွက်ခွာကာ ရန်သူများ လာရာသို့ ချီတက်သွား ကြလေသည်။ သို့ရာတွင် နေပြည်တော်မှ ဆုတ်ခွာပြန်လည်ခဲ့ရန် စာချွန်တော်ရောက်ရှိလာပြန်သဖြင့် ဆုတ်ခွာပြန်လည်ရပေသည်။ ဗိုလ်ချုပ်ဝလီခါန်ကား ရန်သူတို့နှင့်မတွေ့လိုက်ရသဖြင့် စိတ်မကျေပဲ အမိန့်တော်ဖြစ်၍သာ အလျှော့ပေးလိုက်ရဟန်တူ၏။
စိတ်မကျေနိုင်သော ဗိုလ်ချုပ်ဝလီခါန်သည် နေပြည်တော်ကို အင်္ဂလိပ်တို့သိမ်းပြီးနောက် အင်္ဂလိပ်များက အမှုတော် ဆက်လက်ထမ်းရွက်ရန် ပြောလာသော်လည်း မိမိအရှင်သခင်၏ ကျေးဇူးသစ္စာ တော်ကို စောင့်ထိန်းလိုသည်နှင့်အညီ ရာထူးကို လက်မခံပဲ ၎င်း၏ ရပ်ကွက်၌ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်ခဲ့ရာမှ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားပေသည်။ “ရဟေမတွလ္လာဟ်” ထိုပုဂ္ဂိုလ်အားလုံး ချမ်းမြေ့ပါစေသော်။
(ဤဆောင်းပါးဖြစ်မြောက်နိုင်ရန် ပြောကြားခဲ့သော ကွယ်လွန်သူ ကျွန်တော့် ဘကြီးဦးဘိုးမင်း အားလည်းကောင်း၊ ကျွန်တော့်ဘေး “သွေးသောက်ကြီးနေမျိုးရဲတင် ရန်အောင်ဦးပို”အားလည်းကောင်း ဂုဏ်ပြုပါ၏။)
မှတ်ချက်။ ။“ဒိုကရင်” မှာ အများသူငါခေါ်ကြသော နာမည်ဖြစ်၍ နာမည်ရင်းမှာ အဗ္ဗဒွလ်ကရင်မ် ဖြစ်သည်။
ဆရာချွန်(ယင်းတော်)
*ဆောင်းပါးတွင်ပါဝင်သည့် ခုနှစ်များမှာ မြန်မာကောဇာသက္ကရာဇ် ဖြစ်ပါသည်။
*ဓါတ်ပုံ အညွှန်း- ပါမောက္ခဒေါက်တာအောင်ဇော်ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ- ၂ တွင်ပါရှိသည့် ဓါတ်ပုံဖြစ်ပါသည်။
* Typing M-Media ဝိုင်းတော်သားများ
Comments