မတ် ၂၆၊ ၂၀၁၅
M-Media
– စစ်သွေးကြွများက ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မွတ်စလင်လူငယ်များအား သိမ်းသွင်းခြင်းကို တိုက်ဖျက်ရန်နှင့် မွတ်စလင်လူငယ်များ၏ နုနယ်သော နှလုံးသားကို စိုးမိုးနိုင်ရန်အတွက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။
“ဒါဟာ နှလုံးရည်တိုက်ပွဲပါပဲ” ဟု တန်နက်ဆီးပြည်နယ် မန်ဖစ်မြို့ရှိ Rhodes ကောလိပ်မှ ဆရာဖြစ်ပြီး မွတ်စလင်ပညာရှင် ယာစိရ် ကွာဒီက ပြောကြားခဲ့သည်။ ၎င်းမှာ Facebook နှင့် YouTube ကဲ့သို့ ဆိုရှယ်မီဒီယာများတွင် ပရိတ်သတ်အမြောက်အများရှိသူလည်း ဖြစ်သည်။
မကြာမီက IS အဖွဲ့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် ကွာဒီမှာ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် နည်းပညာကုမ္ပဏီများနှင့် ချိတ်ချက်ဆောင်ရွက်နေသည့် မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။
YouTube မှ ကျင်းပပြီး မွတ်စလင်ခေါင်းဆောင်များ၊ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူများနှင့် အွန်လိုင်းအစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေသော တက်ကြွလှုပ်ရှားသူ အများအပြား တက်ရောက်ခဲ့ကြသည့် လော့စ်အိန်ဂျလိစ် တွေ့ဆုံပွဲတွင်လည်း ကွာဒီက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို အင်တာနက်တွင် အစွန်းရောက်အုပ်စုများအား ဆန့်ကျင်တိုက်ဖျက်ရေးကို စိတ်ဝင်စားသော “တီထွင်ကြံဆသူများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့များအတွက် အလုပ်ရုံဆွေးနွေးပွဲ” ဟု YouTube က ဖော်ပြခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အမေရိကန်အစိုးရမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ပြီး ဒဏ်ရာရနေသော တိုက်ခိုက်ရေးသမားများထံသို့ ခန့်ညားသည့်လူငယ်တစ်ဦးက သွားရောက်အားပေးနေပုံကို ရိုက်ကူးထားသော IS ၏ အားကျဖွယ်ကောင်းသည့် ၀ါဒဖြန့် ဗီဒီယိုကိုလည်း ပြသခဲ့သည်။
တက်ရောက်လာသူများကမူ အဆိုပါဗီဒီယိုက အလွန် အထင်ကြီးလောက်စရာကောင်းသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
မွတ်စလင်လူငယ်များ အွန်လိုင်းစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို ဗာဂျီးနီးယားတွင် တည်ထောင်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှာဟဒ် အမာနွလ္လာဟ်ကလည်း အစွန်းရောက်များနှင့် ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်များမှာ ၎င်းတို့၏ ဘ၀ကို ၀ါဒဖြန့်ချီရေးတွင် မြှုပ်နှံထားကြည်ဟု ပြောကြားခဲ့သည်။
FBI မှ ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်ကိုမေးက အဆိုပါ လူသစ်စုဆောင်းရေး ဗီဒီယိုမှာ လူငယ်များ၏ မတည်ငြိမ်သော စိတ်ပိုင်ဆိုင်ရာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
တန်ပြန်ဗီဒီယိုများ
YouTube၊ Facebook နှင့် Twitter တို့တွင် ၀ါဒဖြန့်မှုများဖြင့် ကြုံတွေ့နေရသောကြောင့် မွတ်စလင်များကလည်း IS အဖွဲ့အား တန်ပြန်သည့် ဗီဒီယိုများကို ဖြန့်ချီခဲ့ကြသည်။
“မွတ်စလင်တွေကို တစ်နည်းမဟုတ် တစ်နည်း သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ချေဖျက်ချင်ပါတယ်။ ပြီးတော့ ဒါမျိုးဟာ ခွဲခြားမှုခံနေရပါလားဆိုတဲ့ အသိမျိုးကို ခံစားရစေပြီး အစွန်းရောက်တွေရဲ့ သတင်းစကားတွေကို လူငယ်တွေ ပိုပြီးလက်ခံလာနိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ဘာသာရေးဆိုင်ရာ တက္ကသိုလ် အစ္စလာမ့်ရေးရာဌာနမှ ဥက္ကဌဖြစ်သူ ဂျီဟဒ် တာ့က်က ပြောကြားခဲ့သည်။
IS အဖွဲ့အား တွန်းလှန်သည့် အားထုတ်မှုများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့်အနေဖြင့် အစ္စလာမ့်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ထားသည့် “Shakes with Shaykhs” အမည်ဖြင့် အွန်လိုင်းဗီဒီယို စီးရီးကိုလည်း တာ့က်က YouTube တွင် လွှင့်တင်ထားသည်။
တာ့က်ကမူ အဆိုပါ ဗီဒီယိုများမှာ ခေတ်ရေစီးကြောင်းအတွင်း အစ္စလာမ်ကို နားလည်မှု တိုးပွားလာရန်နှင့် မွတ်စလင်အများစု လက်ခံထားသည့် အမြင်များကို ပိုမိုသိမြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Onislam
Comments