ဧပြီ ၈၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ဆုံးနေသည့် တိုက်စစ်မှူး နေးမာအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ် နေးမာမှာ ရာသီအစမှ စတင်ကစားခဲ့သည့် လာလီဂါ ပွဲ ၂၀ အတွင်း ၁၇ ဂိုးသွင်းယူနိုင်ကာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၅ ပတ်အတွင်း ဂိုးပေါက်ပျောက်ခဲ့သည်။ အန်းရစ်ကမူ နေးမာမှာ ဂိုးမသွင်းနိုင်သော်လည်း အသင်းအတွက် ကူညီပေးခဲ့သည်ဟု ဆိုသည်။
“နေးမာရဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ဟာ အဆင့်မြင့်ကစားသမား တစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီး ဂိုးတွေပြန်သွင်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ပြီးတော့ သူဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက်တော့ အများကြီး ကူညီပေးပါတယ်” ဟု အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဝေဖန်ခံနေရသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာကိုလည်း အန်းရစ်က ကာကွယ်ခဲ့သည်။
“အင်နီယေစတာရဲ့ စွမ်းဆောင်ရည်အတွက်လည်း ကျွန်တော်တို့ ကျေနပ်နေပါတယ်။ သူဟာ ပွဲရဲ့အခြေအနေအားလုံးမှာ အသင်းအတွက် အများကြီး ပေးဆပ်လေ့ရှိသူပါ။ ပြီးတော့ သူဟာ ပွဲစောင့်ကြည့်ရတာကိုလည်း ပျော်ရွှင်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို တိုးတက်စေချင်ပြီး ပိုလည်း ကောင်းစေချင်ပါတယ်” ဟု အန်းရစ်က ထပ်လောင်းပြောကြားခဲ့သည်။
လာလီဂါတွင် ဒုတိယနေရာမှ ရီးယဲလ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်မှုနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့မှာ လက်ရှိအချိန်တွင် တစ်ပန်းသာသည့် အနေအထား၌ ရှိနေသော်လည်း ချန်ပီယံဘွဲ့အား ရှရှိထားခြင်းမဟုတ်ကြောင်း၊ မိမိတို့ ကစားပုံ တိုးတက်အောင် ဆောင်ရွက်နိုင်သည့်တစ်လျှောက်လုံး ဇယားတွင် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်သော်လည်း ကစားရန် ပွဲများစွာ ကျန်ရှိနေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal.com
Comments