ဧပြီ ၁၃၊ ၂၀၁၅
M-Media
– ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ကစားခဲ့ရာမှာတော့ ချယ်ဆီးက နောက်ကျအနိုင်ဂိုးနဲ့ ၃ မှတ်ရပြီး ချန်ပီယံဖြစ်ဖို့ အတော်လေး နီးစပ်လာပါတယ်။ မန်ချက်စတာ ဒါဘီမှာတော့ မန်ယူက ပုံစံကောင်းကို ဆက်ထိန်းပြီး အနိုင်ပြတ်သားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ လက်ရှိချန်ပီယံ မန်စီးတီးတို့ ပွဲအစပိုင်းကစားပုံ အတော်လေးကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ယူရဲ့ထိန်းချုပ်မှုကို ခံလိုက်ရပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ အဂူရိုက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း မန်စီးတီးတို့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တာက မန်စီးတီးတို့ အရှုံးဆီကို ဦးတည်သွားစေခဲ့ပါတယ်။ မန်ယူနောက်ခံလူ အက်ရှက်လေးယန်းက ၁၄ မိနစ်မှာ ချေပဂိုး သွင်းပေးခဲ့ကာ ၂၇ မိနစ်မှာ ဖယ်လိုင်နီက ဦးဆောင်ဂိုး ထပ်သွင်းနိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ မန်ယူတို့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ၆၇ မိနစ်မှာ မာတာ၊ ၇၃ မိနစ်မှာ စမောလင်းတို့က ဂိုးတွေထပ်သွင်းပေးခဲ့ကာ မန်ယူရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ မန်စီးတီးအတွက် ဒုတိယချေပဂိုးကိုတော့ အဂူရိုကပဲ ၈၉ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒီပွဲအရှုံးဟာ မန်စီးတီးတို့ရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲမြောက်အရှုံးလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းရဲ့ ရလဒ်ကို ကျေနပ်ပေမယ့် ကစားပုံကိုတော့ မကျေနပ်ဘူးလို့ ပြောခဲ့ပါတယ်။ ပယ်လီဂရီနီကတော့ မန်ယူဟာ မိမိတို့အသင်းထက် ပိုကောင်းခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ ချယ်ဆီးက ကစားပုံမကောင်းခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ၈၈ မိနစ်မှာ ရရှိခဲ့တဲ့ ချယ်ဆီးရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုကို ဖာဘရီဂတ်စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် တစ်ပွဲလျော့ ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ဒီပွဲနိုင်လိုက်တာကြောင့် ချန်ပီယံဖြစ်ဖို့ အနိုင်ကစားရမယ့်ပွဲ တစ်ပွဲလျော့သွားပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ကျူပီအာရ်က တန်းမဆင်းရအောင် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
အဝေးကွင်းမှာ ကစားခဲ့ရတဲ့ အာဆင်နယ်က အလယ်တန်းလူ ရမ်ဆေးရဲ့ ၁၂ မိနစ် သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ဆဲပါ။ ပွဲအစ စောစောပိုင်းကတည်းက ဂိုးရနိုင်တဲ့အခွင့်အရေးကို ရခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ ကန်သွင်းချက် ဘေးထွက်သွားခဲ့ပါတယ်။ တန်းမဆင်းရဖို့ အားကုန်ထုတ်ခဲ့တဲ့ ကျူပီအာရ်က အာဆင်နယ်ထက် ပိုကောင်းခဲ့ပြီး ဂိုးသမား အော့စ်ပီနာရဲ့ ကာကွယ်မှုကောင်းတာကြောင့်လည်း အာဆင်နယ်တို့ ကံကောင်းသွားခဲ့တာပါ။ ဒီပွဲအနိုင်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ နောက်ဆုံး ၈ ပွဲဆက် အနိုင်ဖြစ်ပြီး ၀င်းဂါးကတော့ ပွဲအပြီးမှာ ဘန်လေကို ချီးကျူးခဲ့ပါတယ်။
ပါဂျူးကိုင်တွယ်ပြီးနောက်မှာ ရလဒ်ကောင်းလာတဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း ဆန်းဒါးလန်းအိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဥရောပ၀င်ခွင့်မှန်းနေတဲ့ စပါးကတော့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲကထွက်ဖို့ ကြိုးစားနေတဲ့ လက်စတာက အဝေးကွင်းမှာ ၀က်စ်ဘရွန်းရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို နောက်ကလိုက်ချေပပြီး ဒုတိယပိုင်း နာကျင်အချိန်ပို ဂိုးကြောင့် အဖိုးတန်အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဆွမ်ဆီး ၁-၁ အဲဗာတန်
ဆောက်သက်တမ် ၂-၀ ဟာလ်းစီးတီး
ဆန်းဒါးလန်း ၁-၄ ခရစ္စတယ်ပဲလေ့စ်
စပါး ၀-၁ အက်စတွန်ဗီလာ
ဝက်စ်ဘရွန်း ၂-၃ လက်စတာ
ဝက်စ်ဟမ်း ၁-၁ စတုတ်
ဘန်လေ ၀-၁ အာဆင်နယ်
ကျူပီအာရ် ၀-၁ ချယ်ဆီး
မန်ယူ ၄-၂ မန်စီးတီး
Comments