ဧပြီ ၁၅၊ ၂၀၁၅
M-Media
– အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကို ယမန်နေ့က အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အီရတ်စစ်တပ်၏ IS အဖွဲ့အား တွန်းလှန်မှုအတွင်း တိုးတက်မှုများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူးပြောဆိုလိုက်ပြီး မဟာမိတ်တပ်ဖွဲ့များကလည်း ထင်ရှားသည့် တိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ၏ အကူအညီဖြင့် အီရတ်စစ်တပ်မှာ IS အဖွဲ့က သိမ်းပိုက်ထားသော နယ်မြေ၏ လေးပုံတစ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အိုးဘားမားကမူ အောင်မြင်မှုမှာ နေ့ချင်းညချင်း မဖြစ်ပေါ်လာသ်ာလည်း မိမိတို့အနေဖြင့် အောင်မြင်ခဲ့သည်ဆိုသည်ကို ထင်ထင်ရှားရှား တွေ့ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အာဘာဒီ ၀ါရှင်တန်သို့ လာရောက်မှုတွင် အမေရိကန်ဦဆောင်သည့် လေကြောင်းမှတိုက်ခိုက်မှု အရှိန်မြှင့်ရန်နှင့် လက်နက်များ ပိုမိုတင်ပို့ရန် အမေရိကန်အား တောင်းဆိုမည်ဟု မျှော်လင့်ထားသော်လည်း အိုဘားမားနှင့်တွေ့ဆုံစဉ်အတွင်း အာဘာဒီက ထိုကဲ့သို့ သီခြားတောင်းဆိုမှုများ မလုပ်ခဲ့ပေ။
အိုဘားမားကမူ တွေ့ဆုံစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အမေရိကန်က ပေးနိုင်သော အကူအညီများအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် အီရတ်နှင့် မဟာမိတ်များ၏ ဘုံရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားချင်သည်ဟု အိုဘားမားက ဆိုသည်။
IS ၏ ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် အီရတ်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ထပ်တိုးထောက်ပံ့သွားမည်ဟု အိုဘားမားက ထည့်သွင်းကြေညာခဲ့သည်။
အာဘာဒီကမူ IS မှ သိမ်းပိုက်ထားသည့် နယ်မြေများ လွတ်မြောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထပ်မံကတိပြုခဲ့သည်။
အိုအားမားက IS အား တိုက်ခိုက်မှုအတွင်း ပါဝင်သူများအားလုံးမှာ အီရတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိရမည်ဖြစ်ပြီး အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။
“နီးကပ်နေတဲ့ အိမ်နီးချင်းအဖြစ် အီရန်ဟာ အီရတ်နဲ့ အရေးပါတဲ့ဆက်ဆံရေးရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ စုပေါင်းတပ်တွေအနေနဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဖို့ အရေးကြီးပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
အာဘာဒီကလည်း IS အား တိုက်ခိုက်မှုအတွင်း ကူညီမှုများကို ကြိုဆိုသော်လည်း အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာအား ကျူးကျော်မှုကို လက်မခံဟု ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လုံးဝသည်းမခံဟု ပြောကြားခဲ့ပြီး အရပ်သားများအပေါ် ရက်စက်မှုများတွင် ပါဝင်သူ မည်သူ့ကိုမဆို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ကတိပြုခဲ့သည်။
Ref: Channelnewsasia
Comments