ဧပြီ ၂၃ ၊ ၂၀၁၅
M-Media
သတင်း- သီဟ
ရှမ်းပြည်နယ် ကလောမြို့တွင် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က အသက် ၁၃ နှစ် အရွယ်ရှိ ကျောင်းသားတဦး သူငယ်ချင်းများနှင့် ရေကူးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ရာ ကလောမြို့ခံ တဦးမှ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ မောင်သူရိန်မင်းထွန်းဟာ သူငယ်ချင်း(၂) ယောက်နှင့် အတူ အိမ်မှ လူကြီးမိဘများ မသိအောင် ရေကူးကန်၌ ရေကူးရန် သွားခဲ့ကြောင်း၊ သင်္ကြန်တွင်းကာလဖြစ်၍ ရေကူးကန် ပိတ်ထားသောကြောင့် လူငယ်(၃)ဦး ကလောမြို့နှင့် (၅) မိုင်အကွာ ရေယားရွာ အောက်ဘက် ညောင်ထောက်ရေတံခွန် ရေသွားကူးခဲ့ကြောင်း၊ သူငယ်ချင်း(၃) ဦး ရေကူးရင်း မောင်သူရိန်မင်းထွန်း ရေနစ်သွား၍ ကျန်သူငယ်ချင်း (၂) ဦး လိုက်ဆယ်ရာမှ မမှီတော့ကြောင်း၊ မောင်သူရိန်မင်းထွန်းရေနစ်ရာ မှ ပြန်မပေါ်လာသဖြင့် ကျန် လူငယ်(၂) ယောက်မှာ ကျောင်းသားကလေး အရွယ်များဖြစ်၍ လူကြီးမိဘများ၏ အရိုက်ခံရမည်ကို ကြောက်ရွံ၍ မည်သူကိုမျှ အကြောင်းမကြားဘဲ နေလိုက်ကြောင်း၊ မောင်သူရိန်မင်းထွန်း မိဘများမှ ၄င်းတို့၏သားပျောက်ဆုံး၍ မေးမြန်းသည့် အခါ၌လဲ မသိဘူးလို့ ပြောကြားခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့မှ လူငယ်(၂) ယောက်ထဲမှ တယောက်က ဖြစ်စဉ်ကို ပြောပြပြီး ရေနစ်သည့် နေရာကို လိုက်ပြခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့တွင် မောင်သူရိန်ထွန်း ရေနစ်ခဲ့သည့် ညောင်ထောက်ရေတံခွန်မှာ အလောင်းပြန်တွေ့ခဲ့ပြီး မျက်နှာမှာ ဂဏာန်းကိုက်ထား၍ အနည်းငယ်ပျက်ဆီးနေကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် မောင်သူရိန်မင်းထွန်းအား ကုလားက သတ်လိုက်သည့် ဟု လှုံ့ဆော်သည့် သတင်းများမိမိတို့ ကြားသိရကြောင်း၊ အဆိုပါကိစ္စမှာ လုံးဝ မှားယွင်းနေပြီး မောင်သူရိန်မင်းထွန်းနှင့် ရေအတူ သွားကူးခဲ့သည့် သူငယ်ချင်း (၂) ယောက်မှာ ဗုဒ္ဓဘာသာဝင် ကလေးငယ်များသာ ဖြစ်ပြီး မွတ်စလင်များ လုံးဝမဟုတ်ကြောင်း ကလောမြို့ခံ ကပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ မှ ၄င်းရဲ့ စာမျက်နှာထပ်တွင် ကလောမှ ကျောင်းသား ရေနစ်သေဆုံးမှုကို လူမျိုးရေး/ဘာသာရေး အဓိကရုဏ်းများဖြစ်စေမည့် အချက်အလက်အမှား များစွာဖြင့် ရေးသားပြီး အကြိမ်များစွာ ဖြန့်ဝေခဲ့တာကိုတွေ့ပါတယ်။ ၄င်းက အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို အကြမ်းဖက်ဖျက်ဆီးရန် ရေးသားခဲ့ပြီး အခြေခံဥပဒေမှ တရားဝင် အသိအမှတ်ပြုထားသည့် ဘာသာတရား တခုအားလည်း ရင့်သီးရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် လှုံ့ဆော်ရေးသားနေတာကိုလည်း တွေ့ရပါတယ်။
ဦးနေမျိုးဝေနှင့် ၄င်း၏ ပါတီဝင်များမှာ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး ဆိုရှယ်မီဒီယာမှတဆင့် အမုန်းတရားများ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများတွင် လူမျိုးရေး/ဘာသာရေး အမုန်းပွားစေမည့် ကိစ္စရပ်များ လှုံဆော်ဟောပြောခြင်း ကို ပြောင်ပြောင်းတင်းတင်း လုပ်ဆောင်နေသည့်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။
Comments