ဧပြီ ၂၄ ၊ ၂၀၁၅
M-Media
– တစ်နေ့သော ကြာသာပတေးနေ့၌ အသက် ၃၄ နှစ်အရွယ် နာတာလီယာ ပွန်ဆီ ဒဲလ် လီယွန်မှာ ဆန်တာဘာဘရာ ရပ်ကွက် လူကုန်ထံများနေထိုင်ရာ နေရာရှိ မိခင်ဖြစ်သူထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုရပ်ကွက်အတွင်းရှိ လူနေတိုက်ခန်းများကဲ့သို့ သူမမိခင်၏ ကွန်ဒိုတိုက်ခန်းတွင် လုံခြုံရေးကင်မရာစနစ်၊ ဂိတ်ပေါက်ဝ၊ ဧည့်ကြိုစားပွဲနှင့် လုံခြုံရေးတစ်ဦးရှိသည်။ ညနေ ၅ နာရီကျော်ကျော်လောက်တွင် လုံခြုံရေးက သူမအား ဖုန်းခေါ်ပြီး ဧည့်သည်တစ်ယောက် ရောက်နေသည်ဟု ပြောသည်။ ဘယ်သူလဲဟုကြည့်ရန် အောက်ဆင်းလာစဉ် ခေါင်းစွပ်ဝတ်ထားသည့် လူစ်တစ်ယောက် ပေါ်လာပြီး သူမ၏ မျက်နှာကို ပူနေသော အရည်ဖြင့် လောင်းချလိုက်လေသည်။
“ပထမတော့ ကျွန်မက ရေပဲထင်တာပေါ့။ ဒါပေမယ့် သူက နောက်တစ်ခေါက် ထပ်လောင်းချတယ်။ ပြီးတော့ အဲဒီအချိန်မှာ စပြီး လောင်တော့တာပါပဲ။ သွေးပူနေတာကြောင့် ချက်ခြင်းတော့ ကျွန်မ မနာသေးဘူး။ ဘာမှမမြင်ရတော့ဘူးဆိုတာ သိလိုက်ရတဲ့အခါမှာ ကျွန်မ စအော်တော့တာပဲ” ဟု သူမက ဆိုသည်။
ပွန်ဆီ ဒီ လီယွန်မှာ အိမ်တွင်းရေပိုက် သန့်ရှင်းသည့် အရည်များတွင် များသောအားဖြင့် တွေ့ရသည့် ဆာလဖျူရစ်အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း ထိုအက်ဆစ်က သူမ၏ အ၀တ်အစားကို တစ်စစီစားသွားသည်။ သူမက၏ အရေပြားထဲသို့ စိမ့်ဝင်သွားပြီး အပြင်အရေပြားအလွှာက အရည်ပျော်ကျလာသည်။
မျက်နှာသွင်ပြင် ပျက်ဆီးသလောက်ဖြစ်သွားပြီး ခန္ဓာကိုယ်၏ ၂၄ ရာခိုင်နှုန်းကို လောင်ကျွမ်းပျက်ဆီးစေခဲ့သည့် မတ်လ ၂၇ ရက် အဆိုပါတိုက်ခိုက်မှုမှာ တစ်နှစ်စွန်းစွန်းပင် ရှိလာခဲ့ပြီ။ သူမ၏ ဒဏ်ရာဒဏ်ချက်များကို လူသိရှင်ကြား ထုတ်ပြခြင်းမပြုသော်လည်း သူမ၏ ကိစ္စက မီဒီယာများတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားပြီး၊ တစ်နိုင်ငံလုံးတွင် ကန့်ကွက်သံတွေ ညံသွားသည်။ #FuerzaNataliaPoncedeLeón (ပွနှ်ဆီ ဒီ လီယွန်အတွက် အင်အား) ဟူသည့် အမည်ဖြင့် အွန်လိုင်း လှုပ်ရှားမှုကိုလည်း Twitter တွင် သိန်းနှင့်ချီ၍ ဖြန့်ကြသည်။ သူမကဲ့သို့ ခံစားရသူများအတွက် တရားမျှတမှုကို တောင်းဆိုသည့် ချီတက်ဆန္ဒပြမှုကိုလည်း မြို့တော်ဘိုကိုတာတွင် ပြုလုပ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ကြသည်။
“ကျွန်မရဲ့ အဖြစ်အပျက်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အပေါက်တစ်ပေါက်ကို ဖွင့်ထုတ်လိုက်တာပါပဲ။ ဖြစ်ပျက်တာတွေ အားလုံးအတွက် ကျွန်မ ဘာမှ မပြင်ဆင်နိုင်ခဲ့ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်း၌ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူအရေအတွက်မှာ နှစ်စဉ် ၁၅၀၀ နီးပါးရှိသည်ဟု ထိုတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့ လာနေသည့် Acid Survivors Trust International (ASTI) က ဆိုသည်။ ထိုအဖွဲ့မှာ လန်ဒန်အခြေစိုက်ဖြစ်ပြီး အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သည်။ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အများစုမှာ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ကြသည်။ သို့သော်လည်း ထိုရာဇ၀တ်မှုက ကိုလံဘီယာနိုင်ငံတွင် ဖြစ်နေကြ ရာဇ၀တ်မှုအဖြစ် လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။
တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာတွင် အက်ဆစ်ဖြင့်တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်က ၁၀၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ် အတွင်း ၁၀၀၀ နီးပါး ရှိခဲ့သည်။ တစ်ယောက်ချင်း တိုက်ခိုက်မှုတွင်တော့ ကိုလံဘီယာမှာ ကမ္ဘာပေါ်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်မှုအမြင့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဟု ASTI ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဖ်ရှားက ပြောကြားခဲ့သည်။
ကိုလံဘီယာတွင်ဖြစ်ပွားသည့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကို အမျိုးသားနှင် အမျိုးသမီးများပါ ခံစားရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တိုက်ခိုက်ခံရသူ ၉၂၆ ဦးတွင် ၅၆၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၃၆၁ ဦးမှာ အမျိုးသားများဖြစ်သည်ဟု National Institute of Legal Medicine and Forensic Sciences အဖွဲ့မှ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် ဖော်ပြထားသည်။
သို့သော်လည်း ဘိုဂိုတာရှိ အမျိုးသမီးအဖွဲ့ကို ဦးဆောင်သူ မာသာ လူစီယာဆန်းချက် ဆီဂူရာကတော့ ထိုတိုက်ခိုက်မှုများ ဆောင်ရွက်သည့် နည်းလမ်းနှင့် ထိုနောက်ကွယ်မှ ရည်ရွယ်ချက်မှာ လိင်အလိုက် ကွဲပြားသည်ဟုဆိုသည်။
“တိုက်ခိုက်ခံရသူ အမျိုးသားအများစုဟာ ခေါင်းအောက်ပိုင်းကို တိုက်ခိုက်ခံရပါတယ်။ အမျိုးသမီးတွေကျတော့ မျက်နှာနဲ့ လည်ပင်းကို လောင်းချခံရတယ်။ (တိုက်ခိုက်သူတွေမှာ) မိန်းကလေးတွေရဲ့ ရုပ်ဆင်းသွင်ပြင်ကိုဖျက်ဆီးဖို့ဆိုတဲ့ သိသာထင်ရှားတဲ့ ရည်ရွယ်ချက် ရှိနေပါတယ်။ တကယ်လို့ အဲဒီမိန်းကလေးတွေဟာ သူတို့နဲ့အတူ မရှိတော့ဘူးဆိုရင် ဘယ်သူနဲ့မှ အတူမရှိရဘူးဆိုတဲ့ သဘောမျိုးပေါ့ရှင်” ဟု သူမက ပြောကြားခဲ့သည်။
ပွန်ဆီ ဒီ လီယွန်အား ရန်ပြုတိုက်ခိုက်သူမှာ ဆယ်နှစ်နီးအပါးအရင်က သူမ သိခဲ့သည့် ဂျိုနသန် ဗီဂါဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ဂျိုနသန်က တိုက်ခိုက်မှုမပြုလုပ်ခင် ၆ လအရင်တည်းက အက်ဆစ်ကို ၀ယ်ယူထားခဲ့ပြီး လီယွန်အား ခြောင်းမြောင်း ကြည့်ရှုနေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ လီယွန်၏ မိခင်ဖြစ်သူ နေထိုင်ရာ အဆောက်အဦးတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းက မီဒီယာများသို့ ပေါက်ကြားပြီးနောက် ဂျိုနသန်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဂျိုနသန် မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်နှင့်ပတ်သက်၍ သတင်းအချက်အလက် ပေးနိုင်သူကို ပီဆို ၇၅ သန်း (ကန်ဒေါ်လာ ၄၀၀၀၀နီးပါး) ပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။
ပွန်ဆီ ဒီ လီယွန်၏ ထိုအမှုကို အာရုံစိုက်မှုနှင့် လျင်လျင်မြန်မြန် တုံ့ပြန်မှုတို့က ခြွင်းချက်ပုံစံမျိုး ဖြစ်နေသည်။ ကိုလံဘီယာအစိုးရက သာမန်အားဖြင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှု ဖြစ်စဉ်များအတွက် ထိုကဲ့သို့ မြင့်မားသည့်ဆုငွေများ မထုတ်ဖူးသလို၊ ဖမ်းဆီးမှုများလည်း သိပ်မလုပ်ခဲ့။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဖြစ်ပွားခဲ့သော ထိုရာဇ၀တ်မှုအတွက် တစ်ဒါဇင်အောက်သော သူများကိုသာ တရားစွဲဆိုခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများက အများဆုံး ၅ နှစ် သို့မဟုတ် ၆ နှစ်ထောင်ဒဏ် လောက်သာဖြစ်သည်ဟု ဆီဂူရာက ဆိုသည်။
“နာတာလီယာ(ပွန်ဆီ ဒီ လီယွန်)ကို ကိုယ်စားပြုတဲ့ရှေ့နေက တိုင်းပြည်ရဲ့ ထိပ်တန်းရှေ့နေဖြစ်ပြီး လူကုန်ထံ အသိုင်းအ၀ိုင်းက လာတာပါ။ အမျိုးသမီးအများစုကတော့ ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ သူတို့မှာ များသောအားဖြင့် ကိုယ်စားပြုမယ့် ဒါမှမဟုတ် သူတို့အတွက် တရားရုံးမှာ ရင်ဆိုင်ပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ တရာခံတွေလွတ်မြောက်မှုက ဒီနိုင်ငံမှာ တော်တော်လေးမြင့်နေပါတယ်။ ပြီးတော့ ဒီလိုသရဲဘောကြောင်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့သူတွေက အေးအေးဆေးဆေး ဖြစ်နေပါတယ်”
အသက် ၄၂ နှစ်အရွယ်ရှိ အက်စ်ပီရန်ဇာ ရန်ဂျဲလ်၏ ဧည့်ခန်းတွင် ဖိုင်တွဲသုံးတွဲရှိသည်။ ထိုဖိုင်တွဲများတွင် သူမမှာ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ရသည့် သက်သေများဟု ဆိုသော တိုင်ကြားချက်၊ ရဲတပ်ဖွဲ့မှတ်တမ်းနှင့် ဆေးမှတ်တမ်းများ တစ်ခုချင်းစီတိုင်းကို တွဲထားသည်။ ပထမဆုံး အထောက်အထားက ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ခင်ပွန်းဟောင်း၏ ဆိုးဆိုးရွားရွား ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရသည့် အထောက်အထားဖြစ်သည်။
“သူ့ရဲ့ နှုတ်နဲ့ စော်ကားတာတွေ၊ ကိုထိလက်ရောက်စော်ကားတာတွေကို ဆယ်စုနှစ်တစ်ခု ကျော်လောက် သည်းခံလာခဲ့ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်မရဲ့သားကိုခေါ်ပြီး သူဆီက ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ ကျွန်မရဲ့အိမ်ကိုရောက်လာပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ ကျွန်မတို့ အတူပြန်မနေဘူးဆိုရင် နောင်တနဲ့ နေသွားရမယ်လို့လည်း ပြောပါတယ်” ဟု ရန်ဂျဲလ်က ဆိုသည်။
နောက်နေ့ နေ့လည်ပိုင်းတွင် သူမ ဘုရားကျောင်းသို့သွားသည့်လမ်းတွင် ထိုအမျိုးသားက သူမအား အက်ဆစ်ဖြင့် ပက်ခဲ့လေသည်။ ထိုတိုက်ခိုက်မှုကြောင့် သူမ၏မျက်နှာနှင့် ရင်ဘတ်တို့တွင် အနာရွတ်များဖြစ်ခဲ့ပြီး ရွှေရောင်ဆံပင်ရှည်ကိုလည်း ဆုံးရှုံးခဲ့ရသည်။
“မှန်ကြည့်တဲ့အခါတိုင်း ကျွန်မကိုယ်ကျွန်မ မမှတ်မိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ကျွန်မရဲ့ မျက်နှာကိုသာ ပျက်ဆီးစေတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀တစ်ခုလုံး ပျက်ဆီးစေခဲ့တာပါ” ဟု ရန်ဂျဲလ်က မျက်ရည်ကိုသုတ်၍ ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ ကားအရောင်းခန်းမတွင် ၁၂ နှစ်ကြာ လုပ်ကိုင်ခဲ့ရသော သူမ၏ အလုပ်ကိုလည်း ပေးဆပ်ခဲ့ရသည်။ သူမမှာ လက်ရှိအချိန်တွင် မသန်းစွမ်းသူတစ်ယောက် ဖြစ်နေပြီး ယခင်သူမရရှိခဲ့သည့် ၀င်ငွေ၏ ၃ ပုံတစ်ပုံသာရှိသော ထောက်ပံ့ကြေးကို ရယူနေရသည်။ လကုန်လျှင်တော့ ၉ နှစ်အရွယ် သားဖြစ်သူနှင့်အတူ နေထိုင်နေရသည့် တိုက်ခန်းမှလည်း မဖြစ်မနေ ဖယ်ပေးရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ထိုတိုက်ခန်းအား ဆက်လက်ငှားနေရန် မတတ်နိုင်သော ကြောင့်ဖြစ်လေသည်။
သူမ၏ အမှုတွဲအား ရဲတပ်ဖွဲ့သို့ သွားရောက်ပြသခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိသေး။
“အလုပ်အကိုင်နဲ့ကျွန်မဘ၀ ကျဆုံးသွားတာကို မြင်ရတာ မလွယ်ပါဘူး။ ပြီးတော့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူဟာ လွတ်သွားကောင်းလွတ်သွားမယ်ဆိုတာလည်း ကျွန်မသိပါတယ်။ ကျွန်မရဲ့ ယုံကြည်ချက်နဲ့ ကျွန်မရဲ့သားလေးကြောင့် ကျွန်မ ဒီလို ဆက်လုပ်နေတာပါ။ ဒါတွေဟာ ကျွန်မကို ရှင်သန်စေတဲ့ အရာပါပဲ” ဟု ရန်ဂျဲလ်က ပြောကြားခဲ့သည်။
ရန်ဂျဲလ်၏ အခြေအနေက မကြာခဏ ဆရာဝန်ထံသွားပြရသည့် အခြေအနေမျိုးဖြစ်ပြီး နလန်ပြန်ထလာဖို့အတွက် ခရင်မ်များ အခြားပစ္စည်းများကိုလည်း သုံးရသည်။ သူမ၏ ကုသမှုအတွက် နိုင်ငံတော်က ကျခံမည်ဟု ယူဆရသော်လည်း သူမလိမ်းနေသည့် ခရင်မ်များကို အလှပြင်ပစ္စည်းများဟု သတ်မှတ်သောကြောင့် ဆေးဖိုးတောင်းဆိုမှုကို မကြာခဏ ငြင်းပယ်ခြင်း သို့မဟုတ် လစ်လျူရှုခြင်းခံရသည်ဟု သူမကဆိုသည်။
“မိတ်ကပ်ဘူးတွေနဲ့ နေရောင်ခံခရင်မ်တွေလို အရာတွေဟာ ကျွန်မရဲ့ ကုသမှုအတွက် အရေးပါတဲ့အရာတွေ ဖြစ်တယ်လို့ EPS (ကျန်မာရေးအာမခံဌာန) ကို ကျွန်မက ပြောပြပါတယ်။ ဥပဒေအရ ကျွန်မဟာ အထောက်အပံ့ရယူဖို့ အခွင့်ရှိပါတယ်”
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ကိုလံဘီယာကွန်ဂရက်စ်က ဥပဒေအမှတ် ၁၆၃၉ ကို ပြဌာန်းလိုက်သည်။ ထိုဥပေဒက အက်ဆစ်ရာဇ၀တ်မှု သားကောင်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်ပြီး ဥပဒေသုံးခု ပါဝင်သည်။ ၎င်းတို့မှာ အက်ဆစ်များ ရောင်းချခြင်းကို ကန့်သတ်သည်။ တိုက်ခိုက်သူများအတွက် ပြစ်ဒဏ်ကိုတိုးမြှင့်ထားသည်။ တိုက်ခိုက်ခံရသူများကို နိုင်ငံတော်မှ အခမဲ့ ကုသပေးရန် လိုအပ်သည်ဟုလည်း ထိုဥပဒေတွင် ဖော်ပြထားသည်။
ထိုဥပဒေဖြစ်လာရန် တွန်းအားပေးသူထဲက တစ်ဦးမှာ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂီနာပိုတက်စ်ဖြစ်သည်။ သူမမှာ ကိုလံဘီယာနိုင်ငံတွင် ပထမဆုံး လူသိရှင်ကြားဖြစ်ခဲ့သော အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ဖြစ်သည်။ ထိုအချိန်ကတည်းက သူမ၏ အကျိုးအမြတ်မယူသော အဖွဲ့ Rebuilding Faes မှ တစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကိစ္စအတွက် ပြောရေးဆိုခွင့် ရှိလာခဲ့သည်။
“ကျွန်မဖြစ်တုန်းက ထောက်ပံ့ပေးတဲ့စနစ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မလောင်သွားတာက တော်တော်ဆိုးပါတယ်။ ဘယ်သူမှ ဘာလုပ်ရမယ်ဆိုတာ မသိပါဘူး” ဟု ပိုတက်စ်က ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ် သူမ တိုက်ခိုက်ခံရပြီးကတည်းက ခွဲစိတ်ကုသမှုကို ၂၅ ကြိမ်ကျော် ဆောင်ရွက်ခဲ့ရသည်။ အများစုမှာ သူမ၏ အဖြစ်အပျက်အတွက် သနားကြသည့် ဆရာဝန်များက အခမဲ့ဆောင်ရွက်ပေးခြင်း၊ သို့မဟုတ် ဒေသတွင်းဖောင်ဒေးရှင်းများနှင့် ဘိုဂိုတာ အမျိုးသမီးအဖွဲ့တို့ကဲ့သို့ အစိုးရအေဂျင်စီများက ကူညီပေးကြခြင်း ဖြစ်သည်။
“တိုက်ခိုက်ခံရသူအများစုက သူတို့ဆေးကုသဖို့အတွက် ပေးစရာ ဘာမှမရှိပါဘူး။ ဒါဟာ လှဖို့ပဖို့အတွက် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ။ လုပ်စရာတွေတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီဥပဒေက အနည်းဆုံး ကုသရေးအတွက် လမ်းကြောင်းတစ်ခု ချပေးလိုက်တာပါပဲ” ဟု ပိုတက်စ်က ဆိုသည်။
ထိုဥပဒေအရ ဈေးသည်များမှာ အက်ဆစ် မည်သူဝယ်သွားသည်ဆိုသည်ကို နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန INVIMA သို့ အကြောင်းကြားရန် လိုအပ်သည်။ နောက်ထပ် ၁၈ လ ကြာပြီးသောအခါ သတ်မှတ်ထားသည့် ဓာတုဗေဒပစ္စည်း ၇ မျိုးကို ၀ယ်ယူသူများက တစ်ချိန်တွင် ၅ လီတာအထိသာ ၀ယ်ယူခွင့်ရှိမည်ဟု ပြဌာန်းချက်တစ်ခု ထပ်ထည့်ခဲ့သည်။ ထိုဥပဒေတွင် တိုက်ခိုက်သူများအနေဖြင့် ပုံပျက်သွားအောင် အထူးသဖြင့် မျက်နှာကို ထိခိုက်သွားအောင် လုပ်ပါက ထောင်ဒဏ် ၁၆ နှစ်အထိ ကျခံရမည်ဟု ထောင်ဒဏ်ကိုလည်း ထပ်တိုးခဲ့သည်။
ဘိုဂိုတာမြို့တော်ကောင်စီမှ အမျိုးသမီးဖြစ်သူ အိုလ်ဂါ ဗစ်တိုးရီးယား ရူဘီယိုက ထိုဥပဒေအား ချီးကျူးခဲ့သော်လည်း ဆောင်ရွက်စရာများ အများကြီးရှိနေသေးသည်ဟု ပြောကြားခဲ့သည်။
“ထောင်ဒဏ်အားဖြင့်တော့ ဒီဥပဒေဟာ တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဒီရာဇ၀တ်မှုတွေကို ဘယ်လိုကဏ္ဍခွဲမလဲဆိုတာ ကျွန်မတို့ ပြန်တွက်ဖို့ လိုနေတုန်းပါပဲ။ တစ်ချက်က အက်ဆစ်နဲ့တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က ပုဂ္ဂိုလ်ရေး ဒဏ်ရာအနတရဖြစ်အောင် တိုက်ခိုက်မှုလို့ပဲ သတ်မှတ်ပါတယ်။ တိုက်ခိုက်ခံရသူတွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘ၀မှာဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီသတ်မှတ်ချက်နဲ့ မမျှဘူးဆိုတာ ပြသနေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
ဆေးကုသမှု တိုးတက်လာရန်နှင့် ကိုလံဘီယာရှိ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူများအတွက် တရားမျှမှုကို ဆောင်ကျဉ်းပေးရန် ပွန်ဆီ ဒီ လီယွန်က သူမ၏ကိစ္စအပေါ် အာရုံစူးစိုက်မှုကို အသုံးချခဲ့သည်။ သူမက ဖောင်ဒေးရှင်းတစ်ခုထူထောင်ရန် ဆောင်ရွက်နေသည်။ ထိုဖောင်ဒေးရှင်းမှတစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်ခံရသော ရန်ဂျဲလ်ကဲ့သို့ သူများကို ကူညီရန် မျှော်လင့်နေသည်။
“ကျွန်မဟာ ရှေ့နေတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ ကုထုံးပညာရှင်တစ်ယောက် ဖြစ်လာရပါမယ်။ ကျွန်မ အများကြီး သင်ထားပြီးပါပြီ” ဟု ပွန်ဆီ ဒီ လီယွန်က ပလက်စတစ်ဆာဂျရီပညာရှင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ဆိုင်မွန်ဘိုလီဗာဆေးရုံရှိ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် ပြောကြားခဲ့သည်။ “ဒီသံသရာထဲမှာ ကျွန်မ နေသားကျသွားပါပြီ။ ဒါပေမယ့် ဒီအတွေ့အကြုံက ကျွန်မရဲ့မျက်စိကို ဖွင့်ပေးပြီး တကယ့်ကို မတူညီတဲ့ လမ်းကြောင်းဆီကို ခေါ်သွားပါတယ်”
ယခုလက်ရှိ သူမ၏ နိစ္စဓူဝကိစ္စများမှာ ဆရာဝန်များနှင့် သွားရောက်တွေ့ဆုံခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုအသစ်များကို ရှာဖွေစူစမ်းခြင်းတို့ ပါဝင်လေသည်။ သူမမှာ အရေးပြား ဖြတ်ထုတ် အစားထိုးခြင်းအပါအ၀င် ခွဲစိတ်ကုသမှုကို ၁၁ ကြိမ်ပြုလုပ်ခဲ့ရပြီး လက်မောင်းနှင့် ၀မ်းဗိုက်တို့ရှိ အမာရွတ်များကို ကာကွယ်ရန် အသားကပ်ဝတ်စုံကိုလည်း ၀တ်ရသည်။
သူမ၏ အမှုက နိုင်ငံတကာ အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သော Physicians for Peace မှ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရသည်။ အဆိုပါအဖွဲ့မှာ သူမနှင့် ကိုလံဘီယာရှိ အခြားသော အက်ဆစ်လောင်ကျွမ်းသည့် လူနာများကို ဆေးဘက်ဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းများဖြင့် ကုသရန် စပါယ်ရှယ်လစ်များကို လွှတ်ပေးသည်။
“ကျွန်မရဲ့မျက်နှာကအသားက ဟော်လန်က ဒီအရေပြားအတုနဲ့ လုပ်တာပါ။ ပြီးတော့ ဒီမျက်နှာဖုံးအသစ်တွေကိုလည်း ဒီတစ်ပတ်မှာ ကျွန်မ ရပါတယ်” ဟု သူမ၏ မျက်နှာအား နေရောင်ခြည်၊ ညစ်ညမ်းသောအရာများနှင့် လူအများကြည့်ရှုမှုမှ ကာကွယ်ပေးသည့် အထူးပြုလုပ်ထားသော ပိုလီကာဘွန်နိတ် မျက်နှာဖုံးကို ချွတ်နေစဉ် ပြောကြားခဲ့သည်။
အက်ဆစ်ကြောင့်ဖြစ်သည့် နက်နဲသောဒဏ်ရာများက သူမ၏ နှာခေါင်း၊ ပါးနှင့် လက်မောင်းတို့တွင် ထင်ထင်ရှားရှား ရှိနေသော်လည်း သူမ၏ မျက်လုံးနှင့် အပြုံးက အ၀ါရောင်နံရံတွင် ချိတ်ထားသော ယခင်ပုံမှ မျက်လုံး၊ အပြုံးများနှင့် ဆင်တူနေသည်။ ထိုပုံကို စာနယ်ဇင်းနှင့် ဆိုရှယ်မီဒီယာများတွင်လည်း ဖော်ပြကြသည်။
သူမအားတိုက်ခိုက်သူ၏ ရုံးချိန်မှာ ဧပြီလနှောင်းပိုင်းတွင် ပြန်စမည်။ ထိုရုံးချိန်းတွင် သူမက သက်သေထွက်ဆိုရန် စီစဉ်ထားပြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၎င်းနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည် ဖြစ်လေသည်။
“ကျွန်မဟာ ထင်ထားတာထက်ကိုပိုပြီး ခံနိုင်ရည်ရှိနေပါတယ်။ လက်လျော့လိုက်ဖို့စဉ်းစားတဲ့ အချိန်တွေ၊ အသက်မရှင်ချင်တော့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မဟာ ကျွန်မရှေ့မှာရှိတဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ၊ ဒါမျိုး တစ်ခြားတစ်ယောက်ကို ထပ်မဖြစ်စေဖို့ ကြိုးစားရမယ်ဆိုတာ ကျွန်မ သိနေပါပြီ”
Al jazeera တွင် ဖော်ပြခဲ့သည့် “Survivors of acid attacks in Colombia fight for justice” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Photo- AFP/Getty Images/Al Jazeera
Comments