မေ ၂၊ ၂၀၁၅
M-Media
– ပါတီမှ အဆိုပြုပါက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် သို့မဟုတ် မည်သူနှင့်မဆို တိုင်းပြည်၏အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။
အမေရိကန်တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအား တွေ့ဆုံရန် ၀ါရှင်တန်သို့ ရောက်ရှိနေသည့် ဦးရွှေမန်းမှာ Carnegie Endowwment for International Peace အဖွဲ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်း၏ ပါတီမှာ စစ်တပ်လွှမ်းမိုးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ပြင်းပြသော ရည်မှန်းချက်များ ရှိနေသော်လည်း နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ရန်မှာ အချိန်နည်းသွားပြီဟု ထည့်သွင်း ပြောကြားခဲ့သည်။
၎င်း၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယခင်စစ်အာဏာရှင်များက ဖွဲ့စည်းထားသည့် လူမှုရေးလှုပ်ရှားမှုအဖွဲ့အား အသွင်ပြောင်းထားခြင်း ဖြစ်ပြီး စစ်ဘက်အရာရှိဟောင်းများစွာ ပါဝင်သည့် ပါတီလည်းဖြစ်သည်။
ပါတီမှ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းပါက ဆောင်ရွက်မည်လားဟု မေးမြန်းရာတွင် ဦးရွှေမန်းက
“သေချာတာပေါ့။ တကယ်လို့ ပါတီက ကျွန်တော့်ကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီး လက်ခံမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် နိုင်ငံခြားသားအား လက်ထပ်ထားသည့်အတွက်ကြောင့် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ အခြေခံဥပဒေ၏ တားမြစ်မှုကို ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိလားဟု မေးမြန်းရာတွင်လည်း ဦးရွှေမန်းက မိမိတို့မှာ သူငယ်ချင်းကောင်းများဖြစ်ပြီး တစ်ချိန်တည်းတွင် ပြိုင်ဘက်ကောင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။
“ရွေးကောက်ပွဲပြီးရင် ညွှန့်ပေါင်းစိုးရအဖွဲ့ ဖွဲ့နိုင်ခြေရှိမလားဆိုတဲ့ မေးခွန်းကို ခင်ဗျားတို့က မေးနေပါတယ်။ အမှန်ပါပဲ… တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သူ(ဒေါ်စု)နဲ့ ပူးပေါင်းဖို့ ဒီနေ့လည်း အဆင်သင့်ဖြစ်နေတယ်။ နက်ဖြန် ပြီးတော့ အနာဂတ်အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူနှင့် နိုင်ငံကိုကြည့်သည့် မည်သည့်ပါတီနှင့်မဆို၊ မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်မှုအတွက် ဖြစ်နိုင်ချေနှင့်ပတ်သက်၍လည်း ဦးရွှေမန်းက လွှတ်တော်တွင် စစ်သား ၂၅ ရာခိုင်နှုန်းထည့်သွင်းထားမှု အပါအ၀င် အချို့သော ပြင်ဆင်မှုများမှာ အခြားသော ပြင်ဆင်မှုများထက် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွင် ပြည်သူ့ဆန္ဒ ခံယူရန် လိုအပ်မည်ဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International မှ ကိုယ်စားလှယ် တီ ကူမားရ်၏ မေးခွန်းအား ဖြေကြားရာတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဘင်္ဂါလီဟု သုံးနှုန်းခဲ့သည့်အတွက် ဦးရွှေမန်းမှာ ဝေဖန်မှုကို ခံခဲ့ရသည်။
ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူအများစု အပါအ၀င် ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်းမှာ လူ့အခွင့်ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
ဦးရွှေမန်းကမူ အခြေခံအခွင့်အရေး၊ နိုင်ငံတိုင်းက လေးစားရမည့် ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ လွှတ်တော်တွင်း ကော်မတီတစ်ခုကို ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Reuters
Comments