မေ ၂၊ ၂၀၁၅
M-Media
– မိမိတို့၏ ကမ်းလှမ်းသော စာချုပ်ကို ပယ်ချသော်လည်း လာမည့်နွေရာသီတွင် ရောင်းချသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက အသင်း၏ အလယ်တန်းလူ ရဟီးမ် စတာလင်အား သတိပေး ပြောဆိုလိုက်သည်။
အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် စတာလင်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းဖြင့် အသင်းမှ အောက်တိုဘာလတွင် ကမ်းလှမ်းခဲ့သည့် စာချုပ်အား ငြင်းပယ်ခဲ့ပြီး ရာသီကုန်မှသာ အပြောင်းအရွှေ့အတွက် စကားပြောမည်ဟု ပြောကြားခဲ့သည်။
ဧပြီလတွင် စတာလင်မှာ အသင်း၏ ခွင့်ပြုချက်မရဘဲ မီဒီယာနှင့် အင်တာဗျူးလုပ်ခဲ့ပြီး ထိုအင်တာဗျူးတွင် ၎င်း၏ အနာဂတ်အတွက် ပြောကြားမှုများ ရှိခဲ့သောကြောင့် အသင်းမှ ဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော်လည်း ရော်ဂျာကမူ စတာလင်ကို မည်သည့်အခြေအနေမျိုးတွင်မှ ထွက်ခွာခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“သက်တမ်းတိုးစာချုပ်အတွက် သဘောမတူရင်တောင်မှ ဒီနွေရာသီမှာ ရဟီမ်း (စတာလင်)ဟာ ဘယ်မှသွားရမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ သူ အိမ်ကိုလာပြီး ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒါဟာ ဘောလုံးဘက် တစ်ဖက်တည်းအတွက် မဟုတ်ပါဘူး။ သူ့ရဲ့ ကောင်းကျိုးအတွက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ငယ်သေးပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူ တော်တော်လေး ဖြတ်ကျော်ပြီးပါပြီ။ ဒါ့ကြောင့် သူ့ကို ကျွန်တော် အကြမ်းဖျင်းစကားပြောထားပြီး၊ သူဟာ
ယခုအချိန်မှာ အကောင်းဆုံးနေရာကို ရောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် အသင်းမှာ စတာလင်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မိမိတို့၏ သဘောထားအပေါ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း မိမိတို့အသင်းမှာ စတာလင်အတွက် ယခုအချိန်တွင် အကောင်းဆုံး နေရာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal
Comments