မေ ၁၂ ၊ ၂၀၁၅
ရေးသား ပြုစုသူ- ပါမောက္ခဒေါက်တာအောင်ဇော်
၁၉ ရာစု ကုန်ခါနီး အန်ဂျူမန်မဇ်ကာရီ အိလ်မီရာက ကြီးမှူးသည့် မဒ်ရာစာ မုဟာမက်ဒီယာတွင် အူရဒူ၊ ပါရှင်းနှင့် အရဗီဘာသာရပ်များ ဆည်းပူးခဲ့သည်။ ထိုကျောင်းမှပင် ဘာသာရေး အခြေခံများကို ပါရှင်းနှင့် အရဗီ ဘာသာစကားများဖြင့် သင်ယူခဲ့သည်။ ထိုအခြေခံများသည်ပင် ဆရာ့အား ပညာရှိ သုခမိန်အဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်။
၁၉၄၈ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသော ကုရ်အာန် ကျမ်းတော်မြတ် ဘာသာပြန် ပထမဆုံး ညှိနှိုင်းအစည်းအဝေးတွင် မစ္စတာ ဟာဂျီမီးရ်စူလိုင်မာန်သည် ၀န်ကြီးဦးရာရှစ်၊ ၀န်ကြီးဦးခင်မောင် လတ်၊ မောင်လာနာ မဟ်မူဒ်ဒါဝူဒ် ဟာရှင်မ် ယူစွဖ်၊ ပါမောက္ခ ဆရာကြီး အဟ်မဒ်ကာစင်တို့နှင့်အတူ ပါဝင်ခဲ့ သည်။ ထိုအစည်းအဝေးက လုပ်ငန်းများ စတင်နိုင်ရန် အလို့ငှာ (၁) စည်းကမ်းဥပဒေ ရေးဆွဲရေး ကော်မတီ (၂) ဘဏ္ဍာရေး ကော်မတီ (၃) စာပေပရိပတ္တိ ကော်မတီဟူ၍ ကော်မတီ ၃ ရပ် ဖွဲ့စည်းခဲ့ရာ မစ္စတာ မီးရ်စူလိုင်မာန်သည် စာပေပရိပတ္တိ ကော်မတီ၌ ပါဝင်ခဲ့သည်။
၁၉၄၈ ခု မေလ ၁ ရက်နေ့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးအဖွဲ့ Islamic Society ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအဖွဲ့၏ စာပေပရိယတ္တိဆိုင်ရာ အတွင်းရေးမှူးအဖြစ် ဟာဂျီ မီးရ်စူလိုင်မာန်အား ရွေးချယ် တင်မြှောက်ခဲ့သည်။ အဖွဲ့၏ ဦးစွာပထမ စတင်ဆောင်ရွက်သည့် လုပ်ငန်းမှာ ကုရ်အာန်ကျမ်းမြတ်ကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားခြင်း ဖြစ်သည်။ လုပ်ငန်းနှင့် စပ်လျဉ်း၍ စာပေပရိယတ္တိ ကော်မတီက တင်ပြသော စည်းကမ်းနည်းလမ်းနှင့် အကြံပေးချက်များကို အဖွဲ့လက်ခံအတည်ပြုခဲ့သည်။
၁၉၅၀ ပြည့်နှစ် နိုင်ဝင်ဘာလတွင် ဘာသာပြန် လုပ်ငန်းများအစပြုနိုင်ခဲ့သည်။ ဦးစွာ မောင်လာနာ ဃာဇီ မုဟမ္မဒ် ဟာရှင်မ်အား တာဝန်ခံ ဘာသာပြန်မှူးအဖြစ် ၁၉၅၀ ခု နိုဝင်ဘာလ ၁ ရက်နေ့တွင် တာဝန်ပေးခဲ့သည်။ မောင်လာနာသည် ၂ နှစ်တိုင်တိုင် ဘာသာပြန် လုပ်ငန်းကို တစ်ဦးတည်း အာရုံစိုက်၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘာသာပြန် လုပ်ငန်း ပိုမိုများပြားလာသည့်အခါ ၁၉၅၂ ခု နိုဝင်ဘာ ၁ ရက်နေ့တွင် မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခါန်အား တွဲဖက် ဘာသာပြန်မှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ထပ်မံခန့်အပ်ခဲ့သည်။
မြန်မာဘာသာပြန်ဆိုပြီးသော စာမူကြမ်းများ သဘာပတိပါမောက္ခ ဆရာကြီး အဟ်မဒ်ကာစင်၊ မောင်လာနာ မဟ်မူဒ်ဒါဝူဒ် ဟာရှင်မ်ယူစွဖ်၊ မောင်လာနာ အိဗ်ရာဟီမ် အဟ်မဒ်မဇာဟိရီ၊ မောင်လာနာ အစ္စမာအီလ်ဂိုရာ၊ ဦးဘသောင်း၊ ဟာဂျီမီးရ် စူလိုင်မာန်တို့ ပါဝင်သော ကုရ်အာန် ဘာသာပြန်ကော်မတီသို့ တင်ပြသည်။ ထိုကော်မတီက လွတ်လပ်စွာ စီစစ်ဝေဖန် တည်းဖြတ်ပြီးမှ နောက်အတည်ပြုသော စာမူကိုသာလျှင် စတင် ပုံနှိပ်ခြင်း ဖြစ်သည်။ ကုရ်အာန်ဘာသာပြန် လုပ်ငန်းတွင် ဟာဂျီမီးရ် စူလိုင်မာန်၏ အကြံဥာဏ် ထည့်ဝင်မှုမှာ မနည်းလှဟု သိရသည်။
ကုရ်အာန်ကျမ်းတော်မြတ်ကို မြန်မာဘာသာပြန်ဆိုရေးနှင့် ပတ်သက်၍ ၁၉၅၄ ခု သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံတော် ၀န်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ ခဲ့ကြသည်။ ထိုတွေ့ဆုံပွဲသို့ ၀န်ကြီး ဦးရာရှစ်၊ ပါဠိပါမောက္ခ မစ္စတာကာစင်၊ ဒုတိယ အတွင်းဝန် ဦးဘသောင်း၊ မောင်လာနာ ဃာဇီဟာရှင်မ် စသော ပုဂ္ဂိုလ်များနှင့် အတူ မစ္စတာမီးရ် စူလိုင်မာန်လည်း ပါဝင်သည်။
ဝန်ကြီးချုပ်က ပထမနှစ် ကုန်ကျမည့်ငွေ နှစ်သောင်း ငါးထောင်ကျပ်တန် ချက်လက်မှတ်ကို ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ ကိုယ်စား မြန်မာနိုင်ငံ အစ္စလာမ် အသင်းကြီး၏ အတွင်းရေးမှူး ၀န်ကြီး ဦးရာရှစ်အား ပေးအပ်ပြီး မိန့်ခွန်းမြွက်ကြားရာတွင် အဆိုပါ ဘာသာပြန် လုပ်ငန်းကြီး ဆုံးခန်းတိုင် ရောက်သည်အထိ နှစ်စဉ် ဆက်လက် လှူဒါန်းပါဦးမည်ဟုလည်း ကတိပေးခဲ့သည်။
ဝန်ကြီးချုပ်က – ယနေ့ပြီးစီးသမျှသော ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း အဖွင့် ကဏ္ဍသည် မြန်မာစာပေ လောကတွင် ထူးခြားသော အထောက်အပံ့ ဖြစ်စေသည့် ကျမ်းတစ်စောင်ဖြစ်သည် ဟု ချီးကျူးခဲ့သည်။
ဆရာသည် တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများ အသင်းနှင့် အမြဲ အဆက်အသွယ် ရှိသည်။ ကူညီပံ့ပိုးသည်။ အပတ်စဉ် ဘာသာရေး ဟောပြောပွဲများတွင် ပါဝင်သည်။ ၁၉၆၂ ခု နိုဝင်ဘာလ ၃ ရက်နေ့ အသင်းတွင် နောက်ဆုံး ဟောပြော ခဲ့သည်။ ခေါင်းစဉ်မှာ Islam in the World of Today ဖြစ်သည်။ စာပေပြိုင်ပွဲများတွင်လည်း အကဲဖြတ် ဒိုင်လူကြီး တစ်ဦးအဖြစ် တာဝန်ယူ စစ်ဆေးပေးသည်။ ၁၉၆၂-၆၃ ပြိုင်ပွဲတွင် ပထမဆုကို မုဟမ္မဒ် ဆူလေမန် (ယခု ဗလီရှေ့ဆောင်)၊ ဒုတိယဆုကို မုဟမ္မဒ် အစ္စမေး (ယခု ဆေးတက္ကသိုလ် ကထိက (ငြိမ်း) ဦးမြတ်သူ) တို့က ရရှိသည်။ ကျန်ကျောင်းသားများက နှစ်သိမ့်ဆု ရရှိကြသည်။
ဆရာသည် သုတေသန ၀ါသနာပါသည်။ အစောပိုင်း ကာလ ၁၉၃၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင် လူကြီးဖြစ်သည်။
ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများ၏ ရာသက်ပန် နာယကကြီး တစ်ဦး ဖြစ်သည်။ ဥပဒေရေးရာများသာမက ဘာသာရေး၊ လူမှုရေး ကိစ္စများအတွက်ပါ များစွာအားထားရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။
ဆရာသည် ၁၉၆၂-၆၃ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် မွတ်စလင် ကျောင်းသူကျောင်းသားများ အသင်း ခေတ်ကြေးမြင် မဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍတွင် The Word Zirbad ဆောင်းပါးကို ဖော်ပြသည်။
မြန်မာနိုင်ငံတွင် မိဘနှစ်ဦးအနက် တစ်ဦးသို့မဟုတ် နှစ်ဦးစလုံး ဗမာမှ ပေါက်ဖွားလာသူ မွတ်စလင်များကို ဇေရဘာဒီဟု ခေါ်ကြောင်းဖြင့် ဆောင်းပါးကို အစပြုသည်။ ပြီးလျှင် ပါရှင်း ရင်းမြစ်ကို ကြံဆပြီး အဘိဓာန် အဆိုများ၊ အရှေ့အလယ်ပိုင်း သမိုင်း၊ အရှေ့တောင် အာရှသမိုင်း ကမ္ဘာ့သမိုင်းများကို အခြေခံ၍ ရှင်းပြသည်။ လေအောက်အရပ် ဟူသော အဆိုကို ကြိုဆိုဟန်ရှိသည်။ အူရဒူ ၀တ္ထုတစ်ပုဒ် ဖြစ်သည့် ဘဂိုဘဟာ Chahar Derwaish တွင် ဇေရဘတ် ဘုရင်မကြီး၏ အုပ်စိုးရာ နယ်မြေဟု ဖော်ပြသည်မှာ ထူးခြားသည်။ စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဤသုတေသန ဆောင်းပါးသည် မွတ်စလင်ကျောင်းသူ ကျောင်းသားများအသင်း ၁၉၃၅ ခု ဇန်န၀ါရီ လတွင် ထုတ်ဝေသည့် The Cry စာစောင် အတွဲ-၂- အမှတ် ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရှေးကျသော လက်ရာတစ်ပုဒ် ဖြစ်သည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များစာအုပ် မှ ကူးယူဖော်ပြပါသည်။
Comments