မေ ၁၂၊ ၂၀၁၅
M-Media
– နာဆာကနေ အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ထားတဲ့ Mars Curiosity ဂြိုဟ်ဆင်းယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ်ရဲ့ အသက်ရှူမှားလောက်စရာ နေ၀င်ဆည်းဆာ ပုံရိပ်ကို ရိုက်ကူးပေးပို့ခဲ့ပါတယ်။
ရောက်စုံဓာတ်ပုံဖြစ်တဲ့ အဲဒီဓာတ်ပုံဟာ အင်္ဂါဂြိုဟ်ပေါ်ရောက်ပြီး ၉၅၆ ရက် (အင်္ဂါဂြိုဟ် နေ၀င်နေထွက်ဖြင့် ရက်ကို သတ်မှတ်သည်) အကြာ ၂၀၁၅ ခုနှစ် ဧပြီ ၁၅ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး နာဆာက ယမန်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာမြေရဲ့ နေ၀င်ဆည်းဆာနဲ့ ကွာခြားတာကတော့ အင်္ဂါဂြိုဟ်ပေါ်က နေ၀င်ဆည်းဆာ အချိန် ကောင်းကင်ရဲ့ အရောင်ဟာ တော်တော်လေး လှပညက်ညောတဲ့ အပြာရောင်ဖြစ်နေတာပါပဲ။
သိပ္ပံပညာရှင်တွေကတော့ ဒီလိုအပြာရောင်ဖြစ်တာဟာ အင်္ဂါဂြိုဟ်ရဲ့ လေထုထဲမှာရှိတဲ့ အမှုန်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံဟာ Mars Curiosity ယာဉ်ကနေ ပေးပို့တဲ့ ပထမဆုံး ရောင်စုံဓာတ်ပုံလည်းဖြစ်ပါတယ်။
Ref: The Independent
Comments