မေ ၁၆၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံမှ ထွက်ပြေးလာရပြီး အိန္ဒိယသမုဒ္ဒရာထဲတွင် မျောပါနေသော နိုင်ငံမဲ့ ရိုဟင်ဂျာများကို နေရာထိုင်ခင်းပေးရေး စဉ်းစားပေးရန်အတွက် အမေရိကန်က ထိုင်းနိုင်ငံကို ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း အဆိုပါ ရွှေ့ပြောင်းလာသူများကို ပင်လယ်ထဲသို့ ပြန်မလွှတ်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် တာနာဆက်စ် ပါတီမာပရာဂေါန်နှင့် ကြာသာပတေးနေ့ကညပိုင်းက ရိုဟင်ဂျာများအရေး ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။
ရွှေ့ပြောင်းလာသူ ၈၀၀ နီးပါးကို အင်ဒိုနီးရှားနိုင်ငံက သောကြာနေ့တွင် ကယ်တင်ခဲ့သော်လည်း အခြားသင်္ဘောများကို ပင်လယ်ထဲသို့ ပြန်ပို့ခဲ့သည်။ ကုလသမဂ္ဂကမူ အစားအသောက်နှင့် ရေများ တစ်ဖြည်းဖြည်းလျော့ပါးကာ အရှေ့တောင်အာရှ ရေပြင်တွင် မျောပါနေသော
လူထောင်ပေါင်းများစွာတို့အား ကယ်တင်ရန် တိုက်တွန်းထားသည်။
“နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို (ကြာသာပတေးနေ့) ညမှာ ဖုန်းခေါ်ခဲ့ပြီး အက်ဒမန်ပင်လယ်ထဲက ရွှေ့ပြောင်းလာသူတွေရဲ့အခြေအနေနဲ့ ထိုင်းငံက ယာယီနေရာထိုင်ခင်း လုပ်ပေးနိုင်ချေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ် ရသ်ကီက သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့မှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ဒေသတွင်းအစိုးရများက ကမ်းကပ်ခွင့်မပေးသောကြောင့် လှေများပေါ်တွင်သာ သောင်တင်နေကြသည်။
ရသ်ကီကမူ ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် ရွှေ့ပြောင်းလာသူ ၃၀၀၀ နီးပါးအား ကယ်တင်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများကို အမြန်ဆောင်ရွက်ပေးရန်နှင့်ပတ်သက်၍ အစိုးရများနှင့် အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အိမ်ဖြူတော်ကလည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာရပြီး ပင်လယ်ပြင်တွင်မျောပါနေသည့် ရိုဟင်ဂျာများကို ကယ်တင်ရေး အတူတကွ ဆောင်ရွက်ကြရန် အရှေ့တောင်အာရှနိုင်ငံများအားယမန်နေ့တွင် တိုက်တွန်းခဲ့သည်။
လွှတ်တော်သို့ ပုံမှန်ပေးပို့သော မှတ်တမ်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို တစ်နှစ်ထပ်တိုးသွားမည်ဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများနှင့် ရခိုင်ပြည်နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်
စိုးရိမ်မိကြောင်း ဖော်ပြထားသည်။
Ref: Reuters
Comments