မေ ၁၆ ၊ ၂၀၁၅
M-Media
– မျှော်လင့်ချက်ကင်းမဲ့နေသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ ရာပေါင်းများစွာကို တင်ဆောင်လာသော သစ်သားငါးဖမ်းလှေတစ်စီးမှာ ထိုင်းနိုင်ငံနှင့် မေလေရှားနိုင်ငံအကြားရှိ အက်ဒမန်ပင်လယ်ပြင်တွင် မျောနေသည်ကို ကြာသာပတေးနေ့က တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ မကြာသေးမီ သီတင်းပတ်များအတွင်း ပင်လယ်ပြင်သို့ထွက်လာကြပြီး မည်သည့်နိုင်ငံမှ လက်ခံရန် ဆန္ဒ မရှိသည့် လူထောင်ပေါင်များစွာ၏ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်သည်။
ဂျာနယ်လစ်များကို တင်ဆောင်သွားသည့် သင်္ဘောတစ်စီး အဆိုပါ စက်လှေနားသို့ ကပ်သွားသည့်အခါတွင် “ကျွန်တော်တို့ကို ကူညီပါ။ ကျွန်တော့်မှာ သောက်စရာရေ မရှိဘူး” ဟု အော်ဟစ်သံများ ထွက်ပေါ်လာသည်။ “ကျွန်တော့်ကို ရေပေးပါ”
နေရောင်မှ အကာကွယ်ရရန် ပလက်စတစ် တာလပတ်နှင့် အတူ ဆောင့်ကြောင့်ထိုင်နေရသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပြည့် တင်ဆောင်ထားသည့် အစိမ်းရောင်နှင့် အနီရောင်ဆေးသုတ်ထားသော ထိုသင်္ဘောကို မလေးရှား အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်သည်ဟု လှေပေါ်တွင် လိုက်ပါလာသူများက ပြောကြားခဲ့သည်။
၎င်းတို့က မိမိတို့မှာ လှေပေါ်တွင်နေရသည်မှာ ၃ လခန့်ရှိနေပြီး သင်္ဘောမောင်းသူနှင့် အဖွဲ့သားများမှာ လွန်ခဲ့သည့် ၆ ရက်ခန့်က လှေကို စွန့်ပစ်သွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ခရီးစဉ်တွင် ခရီးသည် ၁၀ ဦး သေဆုံးခဲ့ရပြီး အလောင်းများကို ရေထဲသို့ ပစ်ချခဲ့ရသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော် အရမ်းဆာလောင်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မြန်မြန်ကယ်ကြပါ” ဟု မြန်မာနိုင်ငံအနောက်ပိုင်းမှဟု ဆိုသည့် အသက် ၁၅ နှစ်အရွယ် မိုဟာမက်စီရက်ဂ်ျက ပြောသည်။
အကူအညီမည်မျှ ၎င်းတို့ရရှိခဲ့သည်ကို ရှင်းရှင်လင်းလင်းမသိရ။ စက်လှေနားတွင် ၎င်းတို့ ရောက်ရှိနေကြောင်း နယူးယောက်တိုင်မ်းစ်ကို အသိပေးခဲ့သည့် ထိုင်းစစ်တပ်ကတော့ ကြာသာပတေးနေ့က ရေနှင့် အစားအသောက်အချို့ကို ပေးခဲ့ပြီး သောကြာနေ့နံနက်ပိုင်းတွင် ပင်လယ်ထဲသို့ ထက်ခွာရန် ကူညီခဲ့သည်ဟု စာတွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီခရတ် ဆင်မ်စီရီက ပြောကြားခဲ့သည်။
အဆိုပါ လှေစီးဒုက္ခသည်ပြဿနာက ဒေသအတွင်း ရင်ဆိုင်နေရသော ရွှေ့ပြောင်းအခြေချမှု ပြဿနာ၏ သတိပြုမိစေသော ဥပမာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစု ညှင်းပမ်းနှိပ်စက်မှုနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆင်းရဲမွဲတေမှုကြောင့် စွန့်ခွာ ထွက်ပြေးလာကြသည့် ဒုက္ခသည်အရေအတွက် ခန့်မှန်းခြေ ၆၀၀၀ မှ ၂၀၀၀၀ အထိ ပင်လယ်ထဲတွင် ရှိနေကြသည်။ နိုင်ငံများကတော့ တစ်ယောက်နှင့်တစ်ယောက် လက်ညှိုးထိုးနေကြပြီး ကိုယ်တိုင်တာဝန်ယူရန် ငြင်းဆန်နေကြသည်။
ရွှေပြောင်းသူအများစုက မလေးရှားသို့ဦးတည်မည်ဟု ထင်ရသည်။ သို့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ၁၅၀၀ ကျော်ကို ကယ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက ရွှေ့ပြောင်းလာသူများကို တင်ဆောင်လာသော နောက်ထပ်လှေ များကို ပင်လယ်ထဲသို့ ပြန်ပို့မည်ဟု ၎င်းတို့၏ သဘောထားကို ကြေညာခဲ့သည်။
ယခုအလအတွင်း ထိုပြဿနာကို ဆွေးနွေးရန် ဒေသတွင်းညီလာခံတစ်ခု ကျင်းပသွားမည်ဆိုသည်မှ လွဲ၍ ထိုင်းတာဝန်ရှိသူများက ထိုကိစ္စ စလာကတည်းက ၎င်းတို့၏ တရားဝင်ပေါ်လစီကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်းမရှိ။ ကြာသာပတေးနေ့က ရွှေပြောင်း အခြေချလာသူများ၏ စက်လှေကို သွားရောက်တွေ့ဆုံခဲ့သည့် ထိုင်းရေတပ်သင်္ဘောမှ တပ်မှူးဖြစ်သူ ဗီရာပွန် နက်ပရာစစ်က ထိုသင်္ဘောမှာ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်ဒိုနီးရှားရေတပ်က လူထောင်ပေါင်းများစွာ ပါလာသော လှေတစ်စီးကို အင်္ဂါနေ့က ပင်လယ်ထဲ ပြန်ပို့ခဲ့ပြီး မလေးရှားသို့သွားရန် တိုက်တွန်းခဲ့သည်။ မလေးရှားအာဏာပိုင်များကလည်း စုစုပေါင်း အနည်းဆုံး လူ ၈၀၀ ခန့်ပါဝင်သည့် လှေ ၂ စီးကို ဗုဒ္ဓဟူးနေ့က ပင်လယ်ထဲ ပြန်လွှတ်ခဲ့သည်။
“အခု ကျွန်တော်တို့ဖြစ်နေတာက ရေထဲမှာ ဘောလီဘောပုတ် ကစားနေကြတာပါ။ လူ့အသက်တွေနဲ့ ဘောလီဘော ပုတ်နေကြတာလေ။ အဆုံးသတ်က ဘာလဲ? ကျွန်တော် သိပ်ပြီး အစိုးရိမ် မကြီးချင်ပါဘူး။ ဒါပေမယ့် ဒီလူတွေကို မပြုစုဘူး၊ မကြာခင်မှာ ကမ်းပေါ်ကို ကယ်ဆယ်မထားဘူးဆိုရင် အလောင်းတွေပြည့်နေတဲ့ စက်လှေတွေကို ကျွန်တော်တို့ တွေ့ရတော့မှာပါ” ဟု ဘန်ကောက် အခြေစိုက် ပြောင်းရွှေ့ခြေချသူများ အတွက် နိုင်ငံတကာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုးလိုရီက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒေသတွင်း အစိုးရများအနေဖြင့် အခွင့်ကောင်းမယူဘဲ ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။
“ဒါဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုက်မှု အလားအလားပါပဲ” ဟု အဆိုပါရုံးမှ အကြီးတန်း ကာကွယ်ရေးတာဝန်ရှိသူ ဂျက်ဖရီ ဆာဗေ့ဂ်ျက ပြောကြားခဲ့သည်။
ရွှေပြောင်းလာသူအများစုမှာ ၎င်းတို့၏ လူကုန်ကူးသူများက အစားသောက်နှင့် ရေနည်းနည်းပေးကာ စွန့်ပစ်သွားခဲ့သည်ဟု ယုံကြည်ရသည်။
အင်ဒိုနီးရှား စစ်တပ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဗိုလ်မှူးကြီး ဖူအဒ် ဘက်စ်ယာက မိမိတို့အနေဖြင့် အင်ဒိုနီးရှားရေပိုင်နက် အတွင်းသို့ အခွင့်မရှိဘဲ ၀င်ရောက်ချင်သည့် ရိုဟင်ဂျာများ စက်လှေအပါအ၀င် မည်သည့်စက်လှေကို မဆို ပင်လယ်ထဲသို့ ပြန်လည် ပို့ဆောင်သွားမည်ဟု ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။
လူ ၅၀၀ ခန့်ပါဝင်သော စက်လှေတစ်စီးကို ပီနန်ကျွန်းမှ မလေးရှားအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ထဲသို့ ပြန်ပို့ ခဲ့ပြီးနောက် ပြည်ထဲရေး ဒုတိယ၀န်ကြီး ၀မ် ဂျူနိုက်ဒီက
“ကျွန်တော်တို့ဆီက ဘာမျှော်လင့်တာလဲ။ ကျွန်တော်တို့ရဲ့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေအပေါ် ကျွန်တော်တို့ တော်တော် ကောင်းခဲ့ပြီးသွားပြီ။ သူတို့ကို လူပီသစွာ ကျွန်တော်တို့ ဆက်ဆံခဲ့တယ်။ ဒါပေမယ့် သူတို့တွေ ကျွန်တော်တို့ရဲ့ ကမ်းခြေတွေမှာ ဒီလို သောင်လာတင်နေလို့တော့ မရပါဘူး။ သူတို့ကို ဒီက မကြိုဆိုဘူးဆိုတာကိုတော့ ကျွန်တော်တို့ ပြောရပါမယ်” ဟု ပြောကြားခဲ့သည်။
မလေးရှား အာဏာပိုင်များအား နယူးယောက် တိုင်မ်းစ်မှ မေးမြန်းရာတွင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသည့် နိုင်ငံမဲ့ လူမျိုးစုဖြစ်သော ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ မလေးရှား သို့မဟုတ် အင်္ဂလားဒေ့ရှ် နိုင်ငံများသို့ အများဆုံး သွားရောက်ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစုလိုက် အပြုံလိုက်ပြောင်းရွှေ့လာမှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ထွက်ခွာလာမှုတွင် တိုးတက်စရာ အကြောင်းအရင်းတစ်ခုပင် မရှိဟု အက်ဒမန် ပင်လယ်ပြင်တွင် ပြောင်းရွှေ့ပြောင်းသူများကို နောက်ယောင်ခံလိုက်နေသော လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် အာရကန်ပရောဂျက်မှ စီမံခန့်ခွဲရေးမှူး ခရစ်လီဝါက ပြောကြားခဲ့သည်။ ရိုဟင်ဂျာများ၏ ၀င်ငွေနှင့် စားရေးသောက်ရေးကို ထိခိုက်စေသော ငါဖမ်းခွင့်ပါမစ် တင်းကျပ်ခြင်း အပါအ၀င် နှောက်ယှက် ဟန့်တားခံရမှု တစ်ပုံတစ်ပင်က ရိုဟင်ဂျာများ အတွက် ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်ဟု သူမက ဆိုပြီး မြန်မာအစိုးရကလည်း ၎င်းတို့၏ ၁ သန်းမျှရှိသော ရိုဟင်ဂျာများမှာ နိုင်ငံသားများ မဟုတ်ဟု အခိုင်အမာပင် ပြောကြားထားသည်။
“ပြဿနာတွေက စုပေါင်းနေတာပါ။ သူတို့ရဲ့ ဘ၀တွေဟာ ဆိုးပြီးရင်း ဆိုးလာပါတယ်” ဟု လီဝါက ထည့်သွင်းပြောကြားခဲ့သည်။
ပင်လယ်ထဲတွင် တစ်ကြိမ်တည်း ထိုကဲ့သို့ လူအများကြီးဖြစ်နေရသည့် အကြောင်းအရင်းမှာ လူကုန်ကူးမှုကို ထိုင်းနိုင်ငံက ဖြိုခွင်းခြင်းမှ မရည်ရွယ်သော အကျိုးဆက်၏ အစိတ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ယခုလအတွင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ အလောင်း ၃၃ လောင်း ပါဝင်သည်ဟု ယုံကြည်ရသော အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များမှာ နိုင်ငံတောင်ပိုင်းရှိ လူကုန်ကူး စခန်း အမြောက်အမြားကို စီးနင်းခဲ့ကာ ဒါဇင်နှင့်ချီသော ရဲအရာရှိနှင့် အကြီးတန်း အရာရှိများကို လူကုန်ကူးမှုတွင် ကြံရာပါဖြင့် စွဲချက်တင်ခဲ့သည်။
အဆိုပါ လူကုန်ကူးစခန်းက လမ်းကြောင်းတစ်ထောက်နားရာ နေရာများဖြစ်ပြီး မလေးရှားသို့ ၀င်ရောက်ရန်အတွက် ကာယကံရှင် သို့မဟုတ် ၎င်းတို့၏ မိသာစုများက လူကုန်ကူးသူများကို ပိုက်ဆံ မပေးနိုင်မချင်း အကျဉ်းချထးသည့်အခြေအနေမျိုးတွင် မကြာခဏ ထိန်းသိမ်းထားသော နေရာများဖြစ်သည်။ ထိုစခန်းများမှာ ဆိုးရွားသလောက် ထိုစခန်းများ မရှိတော့သည့်အတွက် ရွှေ့ပြောင်းလာသူများ ပင်လယ်ထဲတွင် သောင်တင်နေကြပြီး ၎င်းတို့အား လူကုန်ကူးလာသူများကလည်း ထိုင်းနိုင်ငံ အတွင်းသို့ ခြေချရန် ကြောက်ရွံ့နေကြသည်။
“သူတို့ရဲ့ စီးပွားရေးအခြေနေဟာ ထိုင်းနိုင်ငံ စစ်ဆင်ရေးတွေရဲ့ ကြားဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံး သူတို့ပြန်လုပ်မှာပါ။ လူမှောင်ခို ကုန်ကူးတာဟာ သိပ် အကျိုးအမြတ်များပါတယ်။ အခု သူတို့ စောင့်နေတာပါ” ဟု မစ္စတာ လိုရီက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအခြေချသူများမှာ ရောက်ရှိပါက အလုပ်ရမည်ဟူသော ကတိနှင့်အတူ မလေးရှားသို့ ၀င်ရောက်ရန်အတွက် အခြေခံအားဖြင့် ကန်ဒေါ်လာ ၁၈၀၀ ခန့် ပေးရလေ့ရှိသည်ဟု လီဝါက ဆိုသည်။
သို့သော်လည်း လမ်းတစ်လျှောက်တွင် ၎င်းတို့မှာ ခြိမ်းခြောက်အကြပ်ကိုင်၍ ငွေပိုမိုတောင်းခံမှုများကို မကြာခဏ ခံကြရပြီး အများစုမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ပြောင်းရွှေ့အခြေချသူများကို မကြာသေးမီအချိန်အထိ မသိမသာ ၀င်ရောက်ခွင့်ပေးထားသော မလေးရှားသို့ မရောက်ကြ။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက်အစွန်းရှိကမ်းသို့ တနင်္ဂနွေနေ့တွင် မြောပါဆိုက်ရောက်လာသော စက်လှေပေါ်တွင် ပါဝင်သည့် ခရီးသည်များနှင့် တွေ့ဆုံမေးမြန်းမှုများက ပင်လယ်ပြင်၌ ၎င်းတို့ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ဆိုးရွားသော အခြေအနေနှင့် ထိုကဲ့သို့ အန္တရာယ်ရှိသောခရီးကို တွန်းပို့ခဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုတို့အကြောင်း သိရှိခဲ့ရသည်။
လူကုန်ကူးသူများက စက်လှေအား ပိုက်ဆံပေထားသူများဖြင့် တတ်နိုင်သမျှပြည့်အောင် ဖြည့်ချင်သောကြောင့် စက်လှေမထွက်မီ လနှင့်ချီ၍ ခရီးသည်များက စက်လှေပေါ်တွင် စောင့်ကြရသည်။
အများစုကို သင်္ဘောဝမ်းထဲတွင် အတင်းအဓမ္မနေခိုင်းပြီး အရှေ့မှလူက တစ်လက်မမှ မကျော်အောင် ဆောင့်ကြောင့် ထိုင်ကြရသည်။ နေ့စဉ်နေထိုင်း ၎င်းတို့ကို ထမင်းနှင့် ခေါက်ဆွဲပြုတ် အနည်းငယ် ကျွေးပြီး ရေအနည်းငယ်ကိုသာ တိုက်လေသည်။ ပင်လယ်ပြင်သို့ တိုက်ရိုက်မြင်နေသည့် လှေကြမ်းပြင်မှ အပေါက်က ၎င်းတို့အတွက် အိမ်သာဖြစ်သည်။
ခရီးသည်များတွင် ဆုတောင်းသူများလည်းရှိပြီး စကား တိုးတိုးပြောသူများလည်းရှိသည်။ ၎င်းတို့၏ တိုးတိုးသာသာပြောနေမှုကို လှိုင်းမူး၍ တစ်ခါတစ်ရံ အန်သည့် အခြားသော ခရီသည်များ၏ အသံက လွှမ်းမိုးသွားသည်။
“သာယာနာပျော်ဖွယ်အသံ မရှိပါဘူး။ ငိုသံချည်းပါပဲ” ဟု အသက် ၄၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက် ကာရှင်မ်က ပြောကြားခဲ့သည်။
ခရီးစဉ်၏ ၇ ရက်မြောက်နေ့တွင် သင်္ဘော၏ ထိုင်းလူမျိုး ကပ္ပတိန်က လှေကို ပင်လယ်ထဲ၌ ရုတ်တရပ် ရပ်လိုက်သည်ဟု ၎င်းတို့က ပြောသည်။ နောက်နေ့တွင် သေနတ်သမားများက ရှပ်ပြေးယာဉ်ဖြင့် ရောက်လာပြီး သင်္ဘောပေါ် တက်ကာ ရွှေ့ပြောင်းလာသူများထံမှ အဖိုးတန် ပစ္စည်းများကို ဓားပြတိုက်ကြသည်။
ကပ္ပတိန်နှင့် သင်္ဘောသားများက သေနတ်သမားများနှင့် အတူ ပြေးသွားပြီး စက်လှေအား စွန့်ပစ်သွားခဲ့လေသည်။
ရန်ခိုင်ပြည်နယ် ကျောက်တော်ခရိုင်မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ဟာရှင်က အစားအစာ၊ ရေ အနည်းငယ်နှင့် ခနော်ခနဲ့ သစ်သားစက်လှေများဖြင့် ထိုကဲ့သို့ သွားရသည့် အန္တရာယ်က မြန်မာနိုင်ငံတွင် ရှိနေရသည့် အန္တရာယ်နှင့် စာလျှင် တော်သေးသည်ဟု ဆိုသည်။
“အန္တရာယ်လာမယ် ဆိုတာတော့ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အခြားနည်းလမ်း မရှိဘူးလေ။ ပင်လယ်ပြင်ထက် ပို အန္တရာယ်ရှိတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေနေရတာ” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းတို့မှာ ကံကောင်းခဲ့ပြီး နောက် တစ်ရက်အကြာတွင် စက်လှေက အင်ဒိုနီးရှားနိုင်ငံသို့ ရောက်သွားသည်။ ၎င်းတို့ရောက်သည့် အချိန်က လှေများကို ပင်လယ်ပြင်သို့ ပြန်ပို့မည့် ပေါ်လစီ မရှိသေးသည့်အချိန် ဖြစ်သည်။
ကလေးငယ် ၅၉ ဦး၊ ကိုဝန်ဆောင် ၅ ဦးနှင့်အတူ အမျိုးသမီး ၈၆ ဦးတို့ အပါအ၀င် ခရီးသည် ၅၈၄ ဦးမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီတွင် ဒုက္ခသည်အဖြစ် လျှောက်ထားရန် အခွင့်အရေး ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်က လနှစ်ချီ ကြာလေသည်။ယခု လတ်တလောတွင်တော့ ၎င်းတို့မှာ အာချေးပြည်နယ်ရှိ ပါယာ ဘာတန် အစိုးရအဆောက်အဦးတွင် နေကြရသည်။ ထိုနေရာတွင် ၎င်းတို့မှာ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အိပ်ကြရသော်လည်း စောင်များရှိပြီး အစားအစာနှင့် ရေလည်း ရှိနေသည်။
လုံးဝနိုင်ငံမဲ့ဖြစ်နေသော ရိုဟင်ဂျာများက ခိုလှုံခွင့်အတွက် သင့်လျော်သည့် အခွင့်အရေး ရမည်ဖြစ်သည်။ သို့သော်လည်း ထိုအုပ်စုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦးကို စီးပွားရေးအရ ပြောင်းရွှေ့လာသူများအဖြစ် မှတ်ယူမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်ရမည် မဟုတ်ဘဲ နောက်ဆုံးတွင် ပြည်တော်ပြန်ရေးကိုသာ ရွေးချယ်ရမည်ဟု ကုလသမဂ္ဂမှ မစ္စတာ ဆာဗေ့ဂ်ျက ပြောကြားခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာဟန်ဂါ ဟူစိန်က မိမိတို့မှာ ရွေးစရာမရှိဟု ဆိုသည်။ မလေးရှားတွင် အလုပ်ရမည် ဟူသော ကတိဖြင့် အဆိုပါ ခရီးအတွက် ကန်ဒေါ်လာ ၃၂၅၀ ကိုပေးရန် ၎င်း၏ ဖခင်က အိမ်နှင့်လယ်ကို ရောင်းခဲ့ရသည်။
“ကျွန်တော်တို့ အလုပ်လုပ်လို့မရဘူးလို့ အင်ဒိုနီးရှား အစိုးရကပြောရင် ဒီကလူတွေအားလုံးက “အခြားနိုင်ငံမှာ အလုပ်လုပ်ပါရစေ” လို့ ပြောကြမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဘာမှမရှိပါဘူး” ဟု သူက ပြောကြားခဲ့လေသည်။
အနာဂတ်အတွက် မေးမြန်းရာတွင် သူက ၎င်း၏ ပတ်ဝန်းကျင်တွင် စုနေသည့် ရွှေ့ပြောင်းသူများနှင့် မကြာခင်ကမှ ရောက်လာခဲ့သည့် ညစ်ပတ်နေသော ကွန်ကရစ် အဆောက်အဦးကို လက်ဖြင့်ဝှေ့ယမ်းပြ၍ “ဒါဟာ ကျွန်တော့် အနာဂတ်ပါပဲ” ဟု ပြန်လည်ဖြေကြား ခဲ့လေသည်။
(ယခုဆောင်းပါးကို အက်ဒမန်ပင်လယ်ပြင်တွင်ရောက်နေသည့် နယူးယောက်တိုမ်းစ်မှ သတင်းထောက် သော်မက်စ်ဖူလာ၊ အင်ဒိုနီးရှားနိုင်ငံ ပါယာ ဘာတန်မှ ဂျိုး ကော့ခ်ျရိန်းတို့မှ ရေးသားပြီး ဟောင်ကောင်မှ သတင်းထောက် အော်စတင် ရမ်ဇီက ကူညီပေးသည်။)
ref: The New York Times Company
လေးမောင် ဘာသာပြန်ဆိုသည်။
Comments