မေ ၁၇၊ ၂၀၁၅
M-Media
– ချယ်ဆီးသို့ ၂၀၁၃ ခုနှစ် တစ်ကျော့ ပြန်ရောက်သည့်အချိန်တွင် ခံစစ်မှူး ဂျွန် တယ်ရီမှာ စွမ်းဆောင်ရည် ကုန်သွားခဲ့ပြီဟု မိမိထင်ခဲ့ကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
နည်းပြ အန်ဒရေ ဗီလာစ် ဘိုအာ့စ်နှင့် ရာဖာ ဘင်နီတက်ဇ်တို့၏ လက်အောက်တွင် တယ်ရီမှာ ပုံမှန်နေရာ ပျောက်ဆုံးခဲ့သော်လည်း အသက် ၃၄ နှစ်အရွယ် တယ်ရီမှာ မော်ရင်ဟိုလက်အောက်တွင် နေရာပြန်ရလာကာ ယခုနှစ်တွင်လည်း ပွဲစဉ်တိုင်း ပါဝင်ခွင့်ရခဲ့သည်။ ထို့ပြင် ၎င်း၏ စွမ်းဆောင်ရည်များကြောင့် PFA ၏ တစ်နှစ်တာ အကောင်းဆုံးအသင်းတွင်လည်း ပါဝင်ခဲ့သည်။
မော်ရင်ဟိုကမူ တယ်ရီအနေဖြင့် ထိပ်တန်းခြေစွမ်းကို ပြန်ပြနိုင်သည့်အတွက် မိမိပင် အံ့သြခဲ့ရသည်ဟု ၀န်ခံခဲ့သည်။
“သူ သွားလိုက်ပြီလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူ ၂ ပွဲ ဒါမှမဟုတ် ၃ ပွဲဆက်တိုက် ကစားမှ မကစားခဲ့ရတာကိုး။ သူက နည်းပြတွေအတွက် ချွင်းချက် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ ဒဏ်ရာရသွားတာပါ။ နည်းပြတွေက သူ့အရှေ့က ကစားသမားတွေကို ပိုပြီး နှစ်သက်ခဲ့ကြပါတယ်။ တစ်ခုခုတော့ မှားနေပြီး သူ ပုံမှန်အဆင့်ကို
ပြန်မရောက်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် မိမိရောက်ရှိသည့်အချိန်၌ တယ်ရီမှာ အသင်းတွင် တစ်နှစ်သာ သက်တမ်းကျန်ရှိတော့ပြီး မိမိက ထိုတစ်နှစ်ကို အလေးထားခဲ့ကာ ဘာဖြစ်မည်ဆိုသည်ကို စောင့်ကြည့်ခဲ့ကြောင်း၊ တယ်ရီကလည်း နေရာတစ်နေရာအတွက် ထိုက်တန်သည်ကို ပြသခဲ့ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။
တယ်ရီမှာ ချယ်ဆီးနှင့် တစ်နှစ်သက်တမ်းတိုးထားပြီး မော်ရင်ဟိုကမူ တယ်ရီ၏ အားသစ်လောင်းမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်မရှိဘဲနဲ့ အခုအချိန်မှာ သူဟာ ချယ်ဆီးမှာ မရှိနိုင်တော့ဘူးဆိုတာ သူသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူမရှိဘဲနဲ့လည်း ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal
Comments