မေ ၁၈၊ ၂၀၁၅
M-Media
– လွန်ခဲ့သည့် နှစ် ၄၀ ကျော်က အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပြီးနောက် ကိုးမားရောဂါခံစားခဲ့ရသည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ သူနာပြုတစ်ဦးမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
အသက် ၆၈ နှစ်အရွယ် အာရူနာ ရှန်ဘောက်ဆိုသူဖြစ်ပြီး သူမအလုပ်လုပ်သည့် KEM ဆေးရုံတွင် ၁၉၇၃ ခုနှစ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ကာ ထိုအဖြစ်အပျက်အတွင်း တိုက်ခိုက်မှုကြောင့် ဦးနှောက်ပျက်ဆီး၍ ကိုးမားရောဂါ ခံစားခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အဓမ္မပြုကျင့်မှုအတွက် မည်သူ့ကိုမျ တရားမစွဲနိုင်ခဲ့ဘဲ တိုက်ခိုက်မှုတွင် ပါဝင်သူကို ဓားပြတိုက်မှုဖြင့်သာ တရားစွဲဆိုခဲ့သည်။
ရှန်ဘောက်အား ကုသနေသည့်ဆေးရုံမှ ၀န်ထမ်းများက ရှန်ဘောက်ကို အတင်း အစာကျွေးမှုအား ရပ်တန့်ရန် စာရေးဆရာမ ပင်ကီ ဗီရာနီက အသနားခံခဲ့သော်လည်း အိန္ဒိယတရားရုံးချုပ်က ၂၀၁၁ ခုနှစ်တွင် ပယ်ချခဲ့သည်။ ဗီရာနီမှာ ဝေဒနာခံစားနေရသော ရှန်ဘောက်အား ဆေးထိုး၍ အဆုံးစီရင်ရန်အတွက်လည်း အခြေအတင် ပြောဆိုခဲ့သည်။
အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကာဗီတာ ကရစ်ရှ်နန်က ရှန်ဘောက်၏ အဆိုပါအဖြစ်အပျက်က ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှု ရှိခဲ့သော်လည်း အိန္ဒိယအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ လျော့ကျ၍ မသွားဟု
ပြောကြားခဲ့သည်။
“ဒီအဖြစ်အပျက်က အလုပ်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး တော်တော်လေး စကားပြောပါတယ်။ မုဒိမ်းကျင့်တဲ့ယဉ်ကျေးမှုက ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး ပိုလည်း ဆိုးလာပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုခံရဖို့အတွက် တော်တော်လေး အားနည်းသူတွေ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုကို ပြောင်းလဲဖို့အတွက် လုပ်စရာတွေအများကြီး ရှိနေတုန်းပါပဲ” ဟု သူက ဆိုသည်။
ရှန်ဘောက်ကွယ်လွန်မှုအတွက် ဆိုရှယ်မီဒီယာအသုံးပြုသူများက ၀မ်းနည်းကြောင်း၊ လေးစားကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ကြသည်။
Ref: Aljazeera
Comments