မေ ၂၀ ၊ ၂၀၁၅
M-Media
သက်ဝေနှင်းရေးသည်။
ယခုလက်ရှိတွင်ရရှိပြီး ယခုလက်ရှိတွင် သိမြင်နေရသော လူ့ဘဝသည် တစ်ကြိမ်တစ်ခါသာရရှိ၍ တစ်ကြိမ်တစ်ခါသာ သေဆုံးကြရသည်ဆိုသည့် အသိသည် လူတိုင်း၌ရှိ၏။
လူသည် အသက်ရှင်နေထိုင်ခြင်းနှင့် သေဆုံးခြင်းကြား၌ရှိသော ကာလအတွင်း၊ အချိန်နှင့်ဖြစ်တည် မှုများသည် ပြန်လည်အစားထိုးမရနိုင်တော့မည့်အရာများသည်သာ ဖြစ်၏။
လူသည်အမိဝမ်း၌ သန္ဓေတည်ပြီးနောက် ရက်ပေါင်းသုံးရာကျော်ခင်မှာပင် အမိဝမ်းမှကျွတ်၍ လူ့လောကအတွင်းသို့ရောက်ရှိပြီး ဘဝတစ်ခုကို ရရှိပိုင်ဆိုင်၏။ ထိုအချိန်မှစ၍ လူ့ဘဝ တစ်လျှောက်လုံးတွင် စတင် ရရှိခဲ့ပြီးလေသော အရာမှန် သမျှသည် နောင်ထပ် တစ်ကြိမ် နောက်ထပ်၍ ထပ်တူ ရရှိမလာတော့ပေ။ ဖြစ်ခဲ့ပြီးသော အရာများသည် (အဖြစ်အပျက်များကို မဆိုလို၊ ဘဝ၏ အစိတ်အပိုင်းများကို ဆိုခြင်း) နောက်ထပ် တစ်ဖန် အစားထိုး၍ ရောက်ရှိမလာခဲ့တော့ပေ။ အစားထိုး၍ ရရှိခဲ့ပါလျှင်လည်း ပထမရှိပြီးသားအချိန်နှင့်နေရာ ခံစားချက်သည် ထပ်တူတော့ဖြင့် မကျနိုင်။ အဓိကအားဖြင့် ဆိုလိုချင်သည်မှာ လူတစ်ယောက် စတင်ဖြစ်ရှိလာသည့် အသက် အရွယ်အပိုင်းအခြားကို စ၍ကြည့်မည်ဆိုလျှင် ကလေးဘဝအရွယ်မှသည် တစ်စတစ်စ တစ်ရက်ပြီးတစ်ရက် တဖြည်းဖြည်း ကြီးပြင်းလာလေသော အခါ ကျန်ရစ်ခဲ့ပြီဖြစ်သော ထိုကလေးဘဝသည် နောက်ထပ် တစ်ခါမည်သို့ မည်သို့မှပြန်လည် မရရှိနိုင်တော့ပေ။ ဖြစ်ပြီးခဲ့ပြီဖြစ်သော အချိန်၊ ကျန်ခဲ့ပြီဖြစ်သော နေရာတို့သည် နောက်ဆုံးလက်လွှတ်လိုက်ရပေ၏။ ဤသို့ပင်တည်း မိမိအတွက်ကောင်းခြင်းကိုသော် လည်းကောင်း၊ ဆိုးခြင်းကိုသော်လည်းကောင်း ၎င်းရရှိ လက်ခံလိုက်ရသော အချိန်အား သတ္တိရှိစွာနှင့်အသုံးချတတ်ရန် လိုအပ်ပေသည်။
လူသည်ဘဝတစ်ခုဖြစ်လာပြီဆိုလျှင် မည်သည်ကိုမျှ အပိုင်တွက်ထား၍ မရနိုင်ပေ။ လူ့ဘဝကြီးသည် မသေချာခြင်း မရေရာခြင်းများသည်သာ အချိန်ပြည့်စိုးမိုး၏။ မိမိသည် မိမိ၏သတ္တိနှင့် မိမိ၏အသိတို့ကို သေချာရေရာအောင် ထိန်းသိမ်း ထိန်းကျောင်းပေးဖို့ကိုသာ အတတ်နိုင်ဆုံး ကြိုးစားရယူရပေမည်။ မနေ့ကဆိုသော ဖြစ်ပြီး ပျက်ပြီးသည့်အရာများ၊ ကျန်ရစ်ခဲ့ပြီဖြစ်သော အကြောင်းအရာတို့အား မည်သို့မျှ ပြန်၍ အစားထိုးလိုချင်၍မရနိုင်ပေ။ ထို့ကြောင့် မနေ့ကဆိုသော၊ မနေ့ကဆိုသည်မှာ မရှိတော့သော အရာပင်ဖြစ်၏။
ထိုနည်းတူစွာပင် မနက်ဖန်ဆိုသည်မှာလည်း မရေရာ မသေချာသော အရာတစ်ခုပင်ဖြစ်၏။ မိမိ၏လက်ရှိအချိန်နှင့် လက်ရှိနေရာသည် မိမိဘဝအတွက် အခရာပင်တည်း။ ထိုနည်းတူစွာ လူ့လောကကြီးအတွင်းတွင် အတူတကွရောက်ရှိနေထိုင်ကြလေသော လူသားများ၏ နေရာသည်လည်း ပြန်လည်အစားထိုးမရနိုင်သော ရုပ်ဝတ္တုများပင်ဖြစ်၏။ နေရာကိုဘာညာနှင့်သာ အစားထိုး၍ ရချင်ရမည်။ ထိုနေရာနှင့် ထိုသည်၌ရှိခဲ့လေပြီးသော ပထမပုဂ္ဂိုလ်၊ ပထမလူသားသည်ကား ပြန်လည်၍မရရှိနိုင်တော့ပေပြီတကား။
ထို့ကြောင့်ပင် ပုဂ္ဂိုလ်လူတစ်ဦးနှင့်တစ်ဦး၊ ယခုတစ်နေ့တွင် တွေ့ဆုံကြ အတူတကွရှိနေကြခြင်း အပေါ်တွင် အလေးအနက်ထား၍ တစ်ဦးအပေါ်တစ်ဦး လေးစားကြည်ညို ချစ်ခင်စွာဖြင့် ဆက်ဆံခြင်း၊ တစ်ဦး၏တန်ဖိုးအားတစ်ဦးမှ နားလည်သိတတ်ခြင်းစသည့် အလေးထားမှုလိုအပ်ပေသည်။ လူသားတစ်ဦးနှင့်တစ်ဦး စာနာ နားလည်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးပင်တည်း။
လူသားမျိုးနွယ်ဆက်များ ပေါက်ဖွားရှင်သန်မှုအတွက် အဓိကအကျဆုံးဖြစ်သော လူယောင်္ကျား လူမိန်းမတို့ကြားတွင် ထားရှိကြသော ချစ်ခြင်းမေတ္တာ၏ ထုတည်ပမာဏတွင် ပထမဦးစွာဖြစ်ပေါ် ထားရှိခဲ့ကြသော ထုတည်ပမာဏသည် ရှင်သန်ကြီးထွား အားကောင်းလှပေသည်။ တစ်ဦးအပေါ်တွင် တစ်ဦးထားရှိ ပေးအပ်ခဲ့ကြသည့် ဤချစ်ခြင်းမေတ္တာ၏ ထုထည် ပမာဏ အတိုင်းအတာအလျောက် ပေးအပ်သောသူထံမှ လက်ခံရယူသည့် သူသည် တစ်ဘက်သောသူ ပေးသော ပမာဏအားပြည့်ဝစွာ နားလည်လက်ခံနိုင်ကြရပေမည်။
တစ်ဖက်မှပေးသော အချိန်ကာလတွင် ဖြစ်ရှိနေသည့် ချစ်ခြင်း၏ ထုထည်ပမာဏအား တစ်ခြားတစ်ဖက်မှ ထုထည်တူစွာပြည့်ပြည့်ဝဝ မခံယူခဲ့ပါလျှင် မခံယူတတ်ခြင်းကြောင့် မရရှိခဲ့ပါလျှင် သင်တကယ် အလိုရှိပြီဆိုသည့်အချိန်၌ အရာရာသည် နောက်ကျအကြီး နောက်ကျခဲ့လေပြီဆိုသည့်အသိနှင့် နောင်တတို့သာ သင်ပိုင်ဆိုင်ရပေလိမ့်မည်။ သွေးမတော် သားမစပ်ကြသော ယောက်ျားနှင့် မိန်းမတို့ကြားတွင် ဖြစ်ပေါ်ပေါက်ဖွားလောသော ချစ်ခြင်းမေတ္တာသည် အချိန်ကာလ တစ်ခုအတွင်းတွင် အတိုင်းအတာတစ်ခုအထိသာ ရှင်သန်ပေါက်ဖွားပေလိမ့်မည်။ ပေးအပ်သူနှင့် ခံယူသူတို့ကြား ဤအတိုင်းအတာနှင့် ဤအချိန်ကာလသည် လွန်၍သွားခဲ့ပြီး အနောက်၌ကျန်ရစ်ခဲ့ပြီဆိုလျှင် (Romance) ဟုခေါ်သော လူသားတို့၏ (စိတ်ကူးယဉ်အချစ်) များသည် တစ်စတစ်မှေးမှိန်၍ လာပေလိမ့်မည်။
ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် မိမိတို့ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင်၊ မိဘအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင် ယောင်္ကျားအိမ်ထောင်ဦးစီးသည် ငါသည်သာတန်ဖိုးရှိသည် ငါသည်သာ အခရာကျသည်ဆိုပြီး မိမိကိုယ် မိမိတန်ဖိုးမြှင့်ထားမည်။ သို့တည်းမဟုတ် အိမ်ထောင်တစ်ခုတွင် အသာစီးရထားပြီးသော ငါသည်သာ အဓိကကျသည် ငါသည်သာ အခရာကျသည်ဟု အခြားတစ်ဖက်သို့ငဲ့ မကြည့်ဘဲ မိမိ၏ တစ်ဖက်သတ် အယူဝါဒများနှင့်သာ ရှင်သန်လျှောက်လှမ်းကြမည်ဆိုပါက မည်သို့မျှ အေးချမ်းသာယာ၍ ချိန်ခွင်လျှာညီမှု ရရှိတော့မည် မဟုတ်ပေ။ တန်ဖိုးဆိုသည်မှာ သူ့နေရာနှင့်သူရှိပေ၏။
တစ်ဦး၏တန်ဖိုးကိုတစ်ဦးမှ သက်ရှိထင်ရှားရှိနေစဉ် ကာလအတွင်း နားလည်သိရှိမှသာ လက်လွှတ် ဆုံးရှုံးလိုက်ရပြီ မရှိတော့ပြီ။ ပြန်လည်မရနိုင်တော့ပြီဆိုသည့်အချိန်ကာလသို့ ရောက်လျှင် နောင်တနှင့်ကြေကွဲမှုတို့လျော့ပါးလိမ့်မည်တည်း။
သက်ဝေနှင်း
Comments