မေ ၂၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ ဆန်းတယ်လို့ မဆိုသာပေမယ့် တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အခါ (များသော အားဖြင့်) ဆောက်တည်ရာ မရဖြစ်ရကြ ပါတယ်။ ဖြစ်ဆို ဘဝတစ်လျှောက်လုံး နှောင်ဖွဲ့ထားတဲ့ သံယောဇဉ်အထုကနည်းမှ မနည်းပဲလေ။ ကိုယ်သိပ်ပြီး သံယောဇဉ်ကြီးခဲ့တဲ့သူ၊ ကိုယ်တိုင်လည်း သံယောဇဉ်ကြီးတဲ့သူ တစ်ဦးဦး လောကကြီးက ထွက်ခွာသွားတယ်ဆိုမှတော့ ရင်နှင့်အမျှ ခံစားရသည်ပဲပေါ့။ ခြွင်းချက် အနေနှင့်ကတော့ ထိန်းနိုင်တဲ့သူတွေတော့ ရှိပါတယ်။ လောကရဲ့ယာယီ သခါင်္ရသဘောကို အပြည့်အဝနှလုံးသွင်းနိုင်သူတွေကတော့ ရင်ထဲကအပူမီးကို ထိန်းထားနိုင်ပေမယ့် လောက သဘာဝ အရကတော့ အကြီးအကျယ် လွမ်းဆွေးတသသ ဖြစ်တာချည်းပါပဲ။ မြင်သာအောင်ကျလာတဲ့ မျက်ရည်တွေရှိသလို ရင်ထဲမှာငိုနေသူတွေဟာ ဒုနဲ့ဒေးပါပဲ။ သွားနှင့်သူကိုအကြောင်းတိုက်ဆိုင်မှုရှိတိုင်း ဖျက်ခနဲသတိရလိုက်တာမျိုး၊ အထိမ်းအမှတ်နှစ်လည်တွေမှာ တသသဖြစ်ကြရတာ သဘာဝလို့ပဲ ဆိုပါရစေ။
ကျွန်မဘဝမှာ တသသဖြစ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာဆရာမ ခရစ္စတီးနားရိုဇေး (Christina Rosetti) ရဲ”့တေးသွား”ဆိုတဲ့ ကဗျာရဲ့စာသားတစ်ချို့ကို ဆယ်ကျော်သက်ဘဝကတည်းက နှစ်ခြိုက်စွဲလမ်းခဲ့မိတယ်။
ချစ်သူရယ် ကိုယ်သေဆုံးသွားတဲ့အခါ
ကိုယ့်ရဲ့မြေပုံမှာ နှင်းဆီပန်းလှလှလေးတွေ စိုက်ပျိုးမထားပါနှင့်၊
စိမ်းလန်းတဲ့ မြက်ပင်လေးတွေသာ ရှိပါစေ။
ကိုယ့်အတွက် ကြေကွဲတေးတွေမဆိုပါနှင့်နော်၊
နိုက်တင်ဂေးလ်ဌက်ကလေးတွေပဲ လွမ်းတေးသီပါစေ။
ကိုယ့်ကိုတမ်းတပြီး လွမ်းမနေပါနှင့်ကွယ်၊
ဘာဖြစ်လို့လဲဆိုတော့
ကိုယ်ကလည်း ချစ်သူကို သတိရချင်မှ ရမှာဖြစ်သလို
ချစ်သူကလည်း ကိုယ့်ကိုမေ့ချင်မေ့သွားမှာပါ တဲ့။
ဒါက အဲဒီဂန္တဝင်ကဗျာလေးရဲ့ စာသားတချို့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ လက်တွဲဖြုတ်သွားသူနှင့် ကျန်ရစ်သူတွေ အကြား ဖြေသိမ့်နိုင်မယ့် စကားလုံးလေးတွေ အလွမ်းဖြေကြရစမြဲပေါ့။ ရင်ထဲကအလွမ်းတွေကို ရေးချပြလိုက်တဲ့အခါ တစ်ဖက်သားမသိနိုင်တော့ဘူးဆိုပေမယ့် ခံစားနေရသူ ရင်ပေါ့သလိုတော့ ဖြစ်သွားနိုင်ပါတယ်။ ဖတ်မိသူတွေ မျှဝေခံစားခြင်း မခံစားကတော့ တစ်ကဏ္ဍပေါ့လေ။
၂၀၁၅ ဖေဖော်ဝါရီလမှာ သားသမီးနှင့်မြေးလေးရှိတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အလည်အပတ်ရောက်ခဲ့တယ်။ ခါတိုင်းနှစ်တွေမှာတော့ နွေရာသီအားလပ်ရက်တွေကိုရွေးပြီး သွားလေ့ရှိပေမယ့် ဒီနှစ်တော့ နှစ်သစ်ကူးချိန်နှင့် တိုက်ဆိုင်နေတာမို့ The Star သတင်းစာပါ အထူးဆောင်းပါးတွေကို ဖတ်ဖြစ်တယ်။ ဒါ့အပြင် လွမ်းလွမ်းဆွေးဆွေးဖွဲ့နွဲ့ထားတဲ့ စာသားလေးတွေကိုဖတ်ရင်း ခံစားရပါတယ်။ စာဖတ်သူအနေနှင့်တော့ မျှဝေခံစားလိုရင်တော့ ကိုယ့်ဆန္ဒအတိုင်းပါပဲနော်။
စာသားတွေမှာတော့ လက်တွဲဖြုတ်သွားတဲ့ ကိုယ့်ရဲ့ဘဝလက်တွဲဖော်ဇနီး၊ ခင်ပွန်း၊ သံယောဇဉ်ကြီးလှတဲ့အမေ၊ အဖေ၊ သားသမီးနှင့် မိတ်ဆွေရင်းချာ၊ ဆရာသမား စသူတွေ အမျိုးမျိုးပဲပေါ့။
“ခုတော့မင်းဟာလေနှင့်အတူ၊ သမုဒ္ဓရာနှင့်အတူ၊ သက်တံ ကြယ်လေးတွေနှင့် သဘာဝတရားအားလုံးနှင့် အတူရှိနေပြီပေါ့နော်။
ဒါပေမယ့်လေ မင်းဟာကိုယ့်ရဲ့အရာခပ်သိမ်းမှာ တစ်စိတ်တစ်ဒေသပါဝင်နေဆဲပါပဲ။
ဘာဖြစ်လို့လဲ သိလားဟင်၊ မင်းဟာမြေပြင်မှာ စိုက်ပျိုးခဲ့တဲ့ မျိုးစေ့လေးဟာ အချစ်၊ ကြင်နာမှုနှင့် သိက္ခာတရားကို ရှင်သန်နေစေခဲ့တာကြောင့်ပေါ့။
ပြီးတော့လေ ကိုယ်ဟာမင်းပျိုးထောင်ပေးခဲ့တဲ့အတိုင်း ကြင်နာတတ်တဲ့လူ့အသိုင်းအဝိုင်းတစ်ခုမှာ ကျင်လည်နေရပြီး စကြဝဋ္ဌာကြီးရဲ့ ဖန်ဆင်းရှင်ရယ် ကျေးဇူးတင်လိုက်တာ။ လှပပြီး တန်ဖိုးထားအပ်တဲ့ ဝိညာဉ်တစ်ခုကို လက်ဆောင်အဖြစ်ပေးခဲ့လို့ပါ။”
မင်းကိုထာဝရလွမ်းဆွေးတသရင်း တန်ဖိုးထားဂုဏ်ယူနေမဲ့…. ချစ်ဇနီး
“မင်းသိထားတာထက် ပိုပြီးတမ်းတလွမ်းဆွေးနေတယ် ဆိုတာ သိစေချင်လိုက်တာ”
မင်းရဲ့ထာဝရ လက်တွဲဖော် “ကိုယ်”
“အချိန်က တို့တစ်တွေရဲ့ ပြင်းထန်တဲ့နှလုံးသားခံစားမှုကို သက်သာရာရအောင်ကူညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ တို့အားလုံးရဲ့ အချစ်ဆုံးသမီးလေးကို ဆုံးရှုံးလိုက်ရပြီပေါ့။ ဒါပေမယ့်လေ တို့အားလုံးဘယ်လောက်လွမ်းဆွတ်ကြေကွဲနေတယ်ဆိုတာ သူများတွေ မသိနိုင်ပါဘူးကွယ်။ ဒီနှစ်ကူးမှာလေ တို့အားလုံးအထီးကျန်ဝေဒနာကို ခံစားနေကြရတယ်။ သမီးလေးဟာ အခုဆိုရင် လောကဒုက္ခတွေ ကင်းငြိမ်းလို့နေပါပြီ။ ဘုရားသခင်အလိုတော်ရှိမယ်ဆိုရင်လေ၊ လမ်းတွေရဲ့အဆုံးမှာ တို့မိသားစုတွေပြန်ဆုံကြဦးမှာပါ။ တကယ် ပြန်ဆုံကြဦးမှာပါ သမီးလေးရယ်”
မေ၊ ဖေတို့ရဲ့ အချစ်ဆုံး သမီးလေးအတွက် အလွမ်းပြေ
အဆုံးမဲ့တမ်းချင်း…. တို့များပြန်ဆုံကြတဲ့အခါ
ချစ်သူ ချစ်သူရဲ့အမှတ်တရလေးတွေဟာ အပြုံးလေးတစ်ခုကို ဖန်တီးပေးတယ်။
ချစ်သူ ကိုယ့်ဆီခဏလေးပြန်လာနိုင်ခဲ့ရင်လေ တို့ထိုင်နေကျ ပန်းခြံခုံတန်းလေးမှာထိုင်ပြီး စကားတွေတဝကြီးပြောချင်လိုက်တာ
ဒါပေမယ့် တကယ့်လက်တွေ့မှာ ချစ်သူမရှိတော့ပါလား ဆိုတဲ့အသိဝင်လာရင် ကိုယ့်ရင်ထဲ ထစ်ခနဲ နာကျင်သွားလိုက်တာ
ဒါပေမယ့် ချစ်သူရေ ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ချစ်သူရှိနေတယ်။ တစ်သက်လုံးလည်းရှိနေမယ်။ ဒါကို သူများတကာတွေ သိဖို့မလိုဘူးကွယ်။
ချစ်သူနှင့် ကိုယ်နှစ်ယောက်တည်း သိတာနော်။
ချစ်သူကို ကိုယ်အမြဲချစ်နေမယ်။
ဘုရားသခင်ရဲ့ မင်းရဲ့ ပင်ပန်းနွယ်းနယ်မှုတွေကို မြင်တွေ့လိုက်တော့ နှစ်သိမ့်မှုပေးဖို့အတွက် တီးတိုးဖိတ်ခေါ်လိုက်တယ်။ “ငါအရှင်ဆီလာခဲ့ပါ”တဲ့။
မျက်ရည်ဖုံးတဲ့မျက်လုံးတွေနှင့် မင်းကိုတို့ အားလုံးကြည့်နေကြတယ်။ တို့သိပ်ချစ်ကြပေမယ့် မင်းကိုဆက်ပြီး ရှင်သန်ဖို့တားလို့ မရခဲ့ပါဘူး။
ရွှေရောင်နှလုံးသားရဲ့ ရင်ခုန်သံတွေ ရပ်သွားပြီ။ မိသားစုအတွက် အမြဲသွက်လက်လှုပ်ရှားနေတဲ့ မင်းရဲ့လက်ကလေးတွေ အနားရသွားပြီ။
ဘုရားသခင်ကလေ တို့အားလုံးရဲ့ နှလုံးသားတွေကို ကြေကွဲစေရင်းက
ဘုရားရှင်တစ်ပါးတည်းကသာ မင်းကိုအကောင်းဆုံးစောင့်ရှောက်နိုင်ကြောင်း သက်သေပြလိုက်တာပါ။
တို့မိသားစုရဲ့ အရှင်သခင်မ
ကိုယ့်ရဲ့အချစ်ဆုံး လက်တွဲဖော် သို့။
သားရေ.. အမေတို့နှင့် အဝေးဆုံးကို ထွက်သွားပြီပေါ့နော်။ ဒါပေမယ့် သားရေ သားအပြုံး၊ သားရဲ့စကားသံနှင့် လှုပ်ရှားမှု အားလုံးအမေ တွေ့ထိခံစားနေရဆဲပါ သားရယ်။ လူတွေ မသိဘူး။ အမေတစ်ယောက်တည်းသိတယ် သားရယ် နော်။
အမေ့သားလေးကို သိပ်ချစ်တယ်။
နှလုံးသားလှတဲ့ ဝိညာဉ်လေးတစ်ခုအဖေ့ရင်ထဲက ထွက်သွားပေမယ့် ဘုရားသခင်ရဲ့ အေးချမ်းတဲ့ရပ်ခွင်မှာ သားလေးရှိနေတယ်ဆိုတဲ့ အသိနှင့် အဖေဖြေသိမ့်နေတယ် သားရယ်။
သိပ်ချစ်တယ် သား။
ကိုယ်နှင့် စရိုက်မတူ၊ ရေမြေခြားသည့်တိုင် လူသားဆိုတဲ့ သဘာဝအရ လွမ်းဆွေးတမ်းတကြတာတွေတော့ မခြားနားကြပါဘူးနော်။ စာဖတ်သူ လက်ခံလိုက လက်ခံပါ။ ငြင်းပယ်ချင်လည်း ငြင်းပယ်လိုက်ပါလို့။
နှင်းဆီခင်
Comments