News @ M-Media

အိန္ဒိယရှိ ဆေးဘက်ဝင်ခွင့်စာမေးပွဲ မွတ်စလင်မိန်းကလေးများ ထူးချွန်စွာအောင်မြင်

မေ ၂၃၊ ၂၀၁၅
M-Media

india

– ၂၀၁၅ ခုနှစ် ကာလာရာပြည်နယ် ဆေးဘက်ဆိုင်ရာ ၀င်ခွင့်စာမေးပွဲ၌ အိန္ဒိယမွတ်စလင် မိန်းကလေးငယ် ၂ ဦးက အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ပြီး အိန္ဒိယမွတ်စလင်များအတွက် စံထားအတုယူစရာ ဖြစ်လာခဲ့သည်။

“ကျွန်မဟာ ပရဟိတစိတ်ဓာတ်နဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး ဒီအခွင့်အရေးကို လူ့အဖွဲ့အစည်းအတွက် ပေးဆပ်ဖို့ သုံးစွဲသွားပါမယ်။ တစ်ခုခုအတွက် ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ရှိပြီဆိုရင်တော့ အဲဒါကို အသေအချာ ရပါလိမ့်မယ်” ဟု ရလဒ်ထွက်လာပြီးနောက် ယမန်နေ့က သတင်းထောက်များအား တွေ့ဆုံစဉ်အတွင်း ပီဟီဘာက ပြောကြားခဲ့သည်။

ကာလာရာပြည်နယ် ဆေးကျောင်းဝင်ခွင့်အတွက် ရလဒ်များကို ပညာရေးဝန်ကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး မာလာပူရမ်မှ ပီဟီဘာက ရမှတ် ၉၅၄.၇၈၂၆ ဖြင့် အဆင့် ၁ နေရာမှ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း အဆိုပါ ဆေးဘက်ဆိုင်ရာ ၀င်ခွင့်စာမေးပွဲတွင် အမျိုးသားများသာ ကြီးစိုးခဲ့ပြီး ယခု မွတ်စလင်မိန်းကလေးငယ် ၂ ဦးက ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မန်ဂျီရီမြို့ရှိ အထက်တန်းကျောင်းတွင် ၁၂ နှစ်တာ ပညာသင်ယူခဲ့သည့် ဟီဘာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး ထိုမြို့ရှိ ဘာဟ်ဘာဟ် သိပ္ပံအသင်းနှင့် ဆက်သွယ်ခဲ့ကာ ထိုအသင်းမှတစ်ဆင့် ဆေးကျောင်းဝင်ခွင့်ကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဟီဘာကမူ ထိပ်ဆုံးအဆင့်ဖြင့် အောင်မြင်ခဲ့သည့်အတွက် အံအားသင့်နေသည်။

“ပြည်နယ်မှာရှိတဲ့ အစိုးရဆေးကောလိပ်ကို တက်နိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ဟီဘာမှာ အိန္ဒိယတစ်နိုင်ငံလုံး ဆေးဘက်ဆိုင်ရာဝင်ခွင့် ရလဒ်ကိုလည်း စောင့်ဆိုင်းနေသည်။ အခြားမွတ်စလင် မိန်းကလေးငယ်တစ်ဦးဖြစ်သူ မာရီယမ် ရာဖီက ရမှတ် ၉၄၄.၃၄၇၈ မှတ်ဖြင့် ဒုတိယနေရာမှ အောင်မြင်ခဲ့ပြီး အိန္ဒိယဆးသိပ္ပံ AIIMS တွင် တက်ရောက်ရန် ရည်ရွယ်ထားသည်။

ရာဖီက မိမိအနေဖြင့် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရန် မမျှော်လင့်ခဲ့ဘဲ ထိုကဲ့သို့ အောင်မြင်ခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အားပေးထောက်ပံ့ပေးခဲ့သည့် မိဘများနှင့် အမဖြစ်သူတို့လည်းကောင်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယ၏ ၁.၁ ဘီလီယံရှိသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ သန်း ၁၈၀ ရှိပြီး အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့ပြီးလျှင် တတိယမြောက် အစ္စလာမ်ဘာသာဝင် အများဆုံးရှိသည့် နိုင်ငံဖြစ်သည်။

Ref: Onislam

Comments

Leave a Reply