မ ၂၅၊ ၂၀၁၅
M-Media
– နိုင်ငံရပ်ခြားတွင် အလုပ်ရှာရန် ထွက်သွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများဖြစ်သည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ဝေဖန်လိုက်ပြီး ၎င်းတို့က တိုင်းပြည်၏ ပုံရိပ်ကို ပျက်ဆီးစေသည်ဟု ပြောကြားလိုက်သည်။
ဟာဆီနာ၏ ယမန်နေ့က ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သတင်းစာ Bangladesh Sangbad Sangstha က ဖော်ပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံမှ ပြောင်းရွှေ့ထွက်ခွာကာ ပင်လယ်ထဲ၌ ဆိုးရွားသောအခြေအနေကို ရင်ဆိုင်နေရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် နိုင်ငံအတွင်းမှာပင် အခွင့်အလမ်း ပိုလျှံနေသည်ဟု ဆိုသည်။
“ဒီလိုအန္တရာယ်ရှိတဲ့နည်းလမ်းနဲ့ တိုင်းပြည်ကနေ ထွက်သွားနေပမယ့် သူတို့အတွက် အလုပ် လုံလုံလောက်လောက်ရှိပါတယ်” ဟု ဟာဆီနာကဆိုပြီး အလုပ်အကိုင်ရှာဖွေရန် တိုင်းပြည်မှ ထွက်ပြေးသည့်အတွက်ကြောင့် ၎င်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ ပြောကြားမှုမှာ အရှေ့တောင်အာရှတွင် ဖြစ်ပွားနေသာ လှေစီးဒုက္ခသည် အကျပ်အတည်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပထမဆုံး မှတ်ချက်ဖြစ်ပြီး ဟာဆီနာက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်တွင် ပိုကောင်းသောဘ၀ကို ရနိုင်သည်ဟု ဆိုသည်။
ထို့ပြင် အဆိုပါ ရွှေပြောင်းသူများက နိုင်ငံတကာတွင် တိုင်းပြည်၏ပုံရိပ်ကို စွန်းထင်းစေပြီး ထိုကဲ့သို့ တိုင်းပြည်မှ စွန်ခွာနေမှုကို ရပ်တန့်ရန်နှင့် လူကုန်ကူးသူများကို အရေးယူမှုများပြုလုပ်ရန် တာဝန်ရှိသူများကို ဟာဆီနာက တိုက်တွန်းခဲ့သည်။
“ပွဲစားတွေနဲ့အတူ တိုင်းပြည်ကနေ တရားမ၀င်ထွက်ခွာသွားတဲ့သူတွေကို အပြစ်ပေးရပါလိမ့်မယ်” ဟု သူမက အလုပ်သမားနှင့် အလုပ်အကိုင်ခန့်ထားရေး တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
အရှေ့တောင်အာရှဒေသမှာ ယခုလ အစောပိုင်းမှစတင်ကာ ပင်လယ်ထဲတွင် စက်လှေများဖြင့် မျောနေသည့် ထောင်နှင့်ချီသော လှေစီးဒုက္ခသည် ပြဿနာဖြင့် ရင်ဆိုင်နေရပြီး မလေးရှား အင်ဒိုနီးရှားနှင့် ထိုင်းတို့တွင် ကယ်တင်ထားရသူများမှာ ထောင်နှင့်ချီ၍ရှိနေသည်။ အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဖြစ်ကြသည်ဟု ၎င်းတိုအား ကယ်တင်ထားသည့် နိုင်ငံများက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံကမူ ၎င်းတို့ကယ်ဆယ်ထားသူများတွင် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံတွင် ငြှင်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများဖြစ်ပြီး ကျန်လူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ရိုဟင်ဂျာများအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် စာရင်းသွင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုမူ ပြန်ပို့မည်ဟု ပြီးခဲ့သည့် သီးတင်းပတ်တွင် ပြောကြားခဲ့သည်။
Ref: Aljazeera
Comments