မေ ၂၉ ၊ ၂၀၁၅
M-Media
ဆုလေးရေးသည်။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ နေ့တိုင်းတွေ့နေရတတ်တဲ့ အကြောင်းအရာလေးတွေ။ ကိုယ့်ကြောင့် သူများအနှောင့်အယှက်ဖြစ်ရတာ၊ ကိုယ့်ကြောင့် သူများစိတ်ထိခိုက်သွားတာ၊ ကိုယ့်ကြောင့် သူများအခက်တွေ့သွားတာ စသည်ဖြင့် နေ့စဉ်လူအများ ကြုံတွေ့နေရသည်မှာ မလွဲဧကန်ပင် ဖြစ်မည်ဟု ထင်မိသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး အချက် (၃၀) ကို လက်မှတ်ထိုးထားသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူအခွင့်အရေးအချက် (၃၀) ထဲတွင် မိမိကိုယ်မိမိ လွတ်လပ်ပိုင်ခွင့်ရှိသည်။ ထိုအချက်အတိုင်း လူတိုင်း လွတ်လပ်စွာ နေနိုင်ခွင့်ရှိပါသည်။ သို့သော် ထိုအချက်ကိုကောင်းမွန်စွာ အသုံးချနိုင်ရန်တော့ လိုအပ်လှသည်။ ငါလွတ်လပ်ရင်ပြီးရော သူများတော့ ဘယ်လိုနေနေဆိုသည့် စိတ်ဓာတ်မျိုးတော့ ထားရှိ၍မရပေ။ ကိုယ့်လွတ်လပ်မှုက သူများတစ်ဖက်သားကို ထိခိုက်ပြီးမှရယူလိုက်ရင် ဒါကဘယ်လိုမှ ကောင်းတော့မည် မဟုတ်ပေ။
ဥပမာ ဆိုကြပါစို့။ ဘတ်စ်ကားမှတ်တိုင်၊ ဘူတာရုံ အစရှိသည့် လူထူထပ်သည့် နေရာများတွင် ဆေးလိပ်သောက်ကြသူများ ရှိကြသည်။ ဆေးလိပ်သောက်သည့်သူ ကိုယ်တိုင်တော့ သူ့လွတ်လပ်မှုနှင့် သူသောက်တာမှန်သည်။ သို့သော် မိမိဆေးလိပ်၏ မီးခိုးငွေ့ကြောင့် သူတစ်ပါး ဒုက္ခရောက်နိုင်သည်။ ဒါကို ဆေးလိပ်သောက်သူအနေနှင့် သတိချပ်မိစေချင်သည်။
အလားတူပဲ ရပ်ကွက်ထဲ လမ်းတွေထဲက အိမ်တွေမှာ သီချင်းတွေကို အသံချဲ့စက်ကြီးနဲ့ ဖွင့်ကြတယ်။ ကိုယ့်အိမ်မှာဖွင့်တာပဲ။ ကိုယ့်အိမ်တစ်အိမ်ပဲ အလုံအလောက်ကြားရရင် တော်ရောပေါ့။ အခုနောက်ပိုင်း မြင်တွေ့လာတာကတော့ အသံချဲ့စက်နဲ့အကျယ်ကြီးဖွင့် ခုနှစ်အိမ် ရှစ်အိမ် ကြားလောက်အောင် သီချင်းတွေဖွင့်။ ပတ်ဝန်းကျင်ဆိုတာကို နားလည်ပေးရမှာပါ။ ကိုယ့်အိမ်နီးနားပတ်ဝန်းကျင်မှာ အသက်ကြီးတဲ့ လူကြီးတွေများ ရှိနေနိုင်မလား ဒါမှမဟုတ် တရားထိုင်နေတဲ့လူတွေများ ရှိနေနိုင်မလား ဒါမှမဟုတ် မွေးကာစ ကလေးငယ်လေးတွေများ ရှိနေနိုင်မလား အစရှိသဖြင့် တွေးတောရပါမည်။ သူတို့တွေ ငါဖွင့်လိုက်တဲ့သီချင်းကြောင့်များ အနှောင့်အယှက် ဖြစ်သွားမလား တွေးသင့်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်နိုင်မည့် လုပ်ရပ်မျိုးဆို အထူးရှောင်ကြဉ်သင့်သည်။
ထိုနည်းတူစွာပဲ လမ်းပေါ်မှာ သူများအိမ်ရှေ့တွေမှာ ကားတွေပိတ်ရပ်ကြတာ။ ရန်ကုန်မြို့ကြီးမှာလည်း နေ့စဉ်နဲ့အမျှ ကားကကြပ်သထက် ကြပ်လာတယ်။ ကားတွေလည်း ရပ်စရာနေရာမရှိ ဖြစ်လာတယ်။ အဲဒီတော့ ကားသမားတွေက ကားတွေကို ကြုံရာမှာရပ်ရတဲ့ အဆင့်ရောက်လာကြတယ်။ လမ်းပေါ်မှာဆိုလည်း ရပ်လိုက်တာပဲ။ သူများအိမ်ရှေ့တည့်တည့် သူများဆိုင်ရှေ့တည့်တည့်မှာ ကားကိုကြုံသလို ရပ်လိုက်ကြရတယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင် အနေအထားကို လေ့လာသင့်တယ်။ “ဒီလမ်းက တစ်လမ်းသွားလား၊ နှစ်လမ်းသွားလား ငါ့ကားကိုဒီမှာရပ်လိုက်ရင် တခြားကားတွေ သွားဖို့လာဖို့ အဆင်ပြေပါ့မလား” ဆိုတာ စဉ်းစားသင့်တယ်။ အိမ်ရှေ့ ဆိုင်ရှေ့တွေမှာကားရပ်ရင်လည်း ကားရပ်လိုက်လို့ ဝင်ပေါက် ထွက်ပေါက် ပိတ်သွားမလား ဘာဖြစ်သွားမလဲ အစရှိသဖြင့်ပေါ့ တွေးပေးသင့်တယ်။ ငါ့ကားရပ်ဖို့နေရာတော့ရပြီ သူများတွေတော့ဖြစ်ချင်တာဖြစ်ပစေ ဆိုတဲ့စိတ်ထားမျိုးတွေကိုတော့ ရှောင်သင့်တယ်။
လမ်းဘေးဈေးသည်တွေလည်း ထိုနည်းတူစွာပဲ သူတစ်ပါးလွတ်လပ်ခွင့်ကို စဉ်းစားပေးသင့်တယ်။ အများပြည်သူသွားလာနိုင်ရန် ခင်းပေးထားသော ပလက်ဖောင်းပေါ်တွင် လမ်းဘေးဈေးသည်များက အေးအေးလူလူ ဈေးရောင်းနေကြသည်။ လူအများက လမ်းမပေါ်က တက်လမ်းလျှောက်ရင်လည်း ယာဉ်အန္တရယ်ကရှိနိုင်ပြန်သည်။ ပလက်ဖောင်းပေါ် တက်လျှောက်ပြန်တော့လည်း ဈေးသည်တွေနဲ့ က မလွတ်။ နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲတစ်ခုလိုပင်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လမ်းဘေးဈေးသည်များကို အရေးမယူ။ ဈေးသည်တွေဘက်ကကြည့်ပြန်တော့လည်း သူတို့စားဝတ်နေရေးအတွက် သူတို့ရုန်းကန်နေရသည်။ မှန်ပါသည် သို့သော် မိမိကြောင့် အများပြည်သူ လမ်းသွားရန်အခက်အခဲဖြစ်နေကြသည်။ ဈေးရောင်းလို့လည်းအဆင်ပြေအောင် အများသူငါများလည်း သွားလာနိုင်ရန် နှစ်ဖက်အဆင်ပြေမည့် နည်းလမ်းမျိုး၊ နေရာအနေအထားမျိုးကို ပြုလုပ်သင့်သည်။
လွတ်လပ်မှုဆိုသည်မှာလည်း စည်းဘောင်တော့ရှိရမည်။ စည်းကျော်၍ လွတ်လပ်မှုကို ရယူလို့မရနိုင်ပါ။ သူများလွတ်လပ်မှုကို ရိုက်ချိုးပြီးမှ မိမိလွတ်လပ်မှုရမယ်ဆိုရင် ထိုအရာကို လွတ်လပ်မှုလို့ခေါ်၍မရနိုင်တော့ပါ။ မိမိလွတ်လပ်မှုဆိုတိုင်း မိမိတစ်ဦးတည်းအတွက်ပဲ စဉ်းစားလို့မရနိုင်ပါ။ မိမိပြုမှုသော ကိစ္စရပ်ပေါ်တွင်မူတည်၍ အခြားတစ်ဖက်ကို စဉ်းစားပေးရမည်။ သူ့အတွက် ဆိုးကျိုးရှိစေသော ကိစ္စရပ်မျိုးဆိုရင်တော့ ရှောင်ကြဉ်သင့်သည်။ လူတိုင်း လူတိုင်း သူတစ်ပါးအားမထိခိုက်စေဘဲ ရရှိသော လွတ်လပ်မှုမျိုးကိုသာ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
ဆုလေး
Comments