မေ ၃၀၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်ရှေ့တွင် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုနှင့် အမုန်းတရား ဖြန့်ဝေမှု ဆန့်ကျင်သူများ၏ တန်ပြန်ဆန္ဒပြခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အီရတ်စစ်ပြန် အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်သော ဂျွန် ရစ်ဇိုင်းမားက ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် လူ ၇၀၀၀ ခန့်ကို ဖိတ်ခေါ်ခဲ့သော်လည်း ၂၀၀ကျော်သာ တက်ရောက်ခဲ့သည်။
အစ္စလာမ့်ဆန့်ကျင်ရေးဆန္ဒပြသူများမှာ အစ္စလာမ်ကိုစော်ကားသည့် စာသားများကို ရေးသားထားသော တီရှပ်များကို ၀တ်ဆင်၍ အစ္စလာမ်ကို ရှုတ်ချသည့် ဆိုင်းဘုတ်များနှင့် တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ပုံများကို ကိုင်ဆောင်လာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့မှ သေနတ်များကိုပင် ယူဆောင်ခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့ထက် အင်အားပိုမိုများပြားသော လူအုပ်ကြီးမှာ “အမုန်းကိုမလို မေတ္တာကိုသာလိုသည်” “ငြိမ်းချမ်းရေးကို ဖြန့်ဝေကြ” ဟူသော ကျွေးကျော်သံများကို ကျွေးကြော်ကာ ချီတက်လာခဲ့ကြပြီး ဖီးနစ် ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၎င်းတို့နှစ်ဖွဲ့မှာ ထိပ်တိုက်တွေ့ခဲ့ကြသည်။
ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြမှု မပြုလုပ်ခင်ကပင် ဗလီဝတ်ကျောင်းတော် အနီးတစ်ဝိုက်၌ လုံခြုံရေးယူထားခဲ့ပြီး နှစ်ဖွဲ့ဖြစ်လာသည့်အချိန်တွင် ပြဿနာမဖြစ်ပွားစေရန် ၎င်းတို့ အဖွဲ့နှစ်ခု၏ကြား တံတိုင်းအဖြစ် ကာပေးခဲ့သည်။
အမုန်းတရားဆန့်ကျင်ရေးအဖွဲ့သားများမှာ ငြိမ်းချမ်းရေးဆိုင်းဘုတ်များ၊ မွတ်စလင်လူ့အဖွဲ့အစည်းအား နှစ်သိမ့်အားပေးသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာခဲ့ကြကာ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများအား “နာဇီများ” ဟု ဟစ်အော် မောင်းထုတ်ခဲ့ကြသည်။
၎င်းတို့ ဆန္ဒပြခဲ့ရာ ဖီးနစ်ဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့သည့်နှစ်ကတည်းက အကြမ်းဖက်ဆန့်ကျင်ရေး၊ IS၊ အလ်ကိုင်းဒါးနှင့် ဘိုကိုဟရမ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများအား အစ္စလာမ်နှင့် မည်သို့မှ မသက်ဆိုင်သည့်အကြောင်းကို သောကြောဒေသနာများမှတစ်ဆင့် မွတ်စလင်များအား အသိပညာပေးမှုများ ပြုလုပ်နေသည့် ဗလီဝတ်ကျောင်းတော် ဖြစ်သည်။
ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒပြမှုများမှာ ဒေသစံတ်ေချိန် ည ၇ နာရီခန့်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး ၉ နာရီကျော်တွင် လူစုကွဲသွားခဲ့သည်။ ရစ်ဇိုင်းမားကမူ မိမိအနေဖြင့် ထိုကဲ့သို့သော် ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Reuters, RT
Comments