ဇွန် ၁၊ ၂၀၁၅
M-Media
– ဂါဇာဒေသို့ အကူအညီပေးရန် သွားရောက်သည့် သင်္ဘောအား အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းကာ လူ ၁၀ ယောက်ကို ပစ်သတ်မှုအတွက် ၅ နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို တူရကီတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူသိန်းချီ
တက်ရောက်ခဲ့ကြသည်။
အစ္စရေးက ပိတ်ဆို့ထားသောကြောင့် ဂါဇာပြည်သူများ၏ အတိဒုက္ခရောက်နေမှုများအား ကူညီရန်အတွက် ၂၀၁၀ ခုနှစ်က တူရကီနှင့် အနောက်နိုင်ငံများမှ အကူအညီပေးရေး သင်္ဘောငယ် အုပ်စုမှာ ဂါဇာသို့ ဦးတည်ထွက်ခွာနေစဉ် ဂါဇာအနီး နိုင်ငံတကာရေပိုင်နက်၌ တူရကီသင်္ဘောဖြစ်သော Mavi Marmara ပေါ်သို့ အစ္စရေး စစ်တပ်က ၀င်ရောက်စီးနင်း၍ ပစ်ခတ်မှုကြောင့် တူရကီနိုင်ငံသား ၈
ဦး၊ အမေရိကန်-တူရကီ ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြားတူရကီနိုင်ငံသားတစ်ဦးမှာ ကိုးမားရောဂါ ခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ်က သေဆုံးခဲ့သည်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရန်အတွက် တူရကီပြည်သူများမှာ ယမန်နေ့ နေ့လည်ပိုင်းက အစ္စတန်ဘူလ် ဖိသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်တွင် စုရုံးခဲ့ကြသည်။ ဗလီဝတ်ကျောင်းတော်တွင် သေဆုံးသွားသူများအတွက် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေး၏ သတ်ဖြတ်မှုအတွင်း သေဆုံးသွားသူများတွင် ပါဝင်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဖုရ်ကန် ဒိုဂန်၏ ဖခင်ဖြစ်သူက လူအုပ်ကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။
“ကျွန်တော့်သားကတော့ သေကောင်းသေသွားမှာပါ။ ဒါပေမယ့် ဒီမှာရှိတဲ့ ကျွန်တော်တို့အားလုံးဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ့် ဖုရ်ကန်အသစ်တွေပါပဲ”
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို အစ္စတန်ဘူလ်အခြေစိုက် အကူအညီပေးရေးအဖွဲ့ဖြစ်သော IHH Humanitarian Relief ဖောင်ဒေးရှင်းက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ခန့်မှန်းခြေ လူပေါင်း ၁ သိန်းကျော် တက်ရောက်ခဲ့ကြသည်။
ယမန်နေ့မနက်ပိုင်းတွင် လူငယ် တက်ကြွလှုပ်ရှားသူများက အစ္စရေး၏ ပါလက်စတိုင်းဒေသအား ပိတ်ဆို့ထားခြင်းကြောင့် ပါလက်စတိုင်းပြည်သူများ ခံစားနေရသည့် ဒုက္ခသုက္ခများနှင့် ပါလက်စတိုင်း ပြည်သူများအား အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်ဆံမှုတို့ကို သရုပ်ဖော်ထားသည့် Bosphorus အမည်ရ ပြဇာတ်ကိုလည်း ကပြခဲ့ကြသည်။
ထို့ပြင် အစ္စတန်ဘူလ်၏ ဥရောပဘက်ခြမ်းတွင် တက်ကြွက်လှုပ်ရှားသူများမှာ တူရကီနှင့် ပါလက်စတိုင်းတို့၏ အလံများ၊ သေဆုံးသွားသူများ၏ ရုပ်ပုံများကို ပုံနှိပ်ထားသော ပိုစတာများကိုကိုင်ကာ ဆိုင်ကယ်ဖြင့် ချီတက်ခဲ့ကြသည်။
တရကီနိုင်ငံတစ်ဝှမ်းတွင် ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ သီးခြားအခမ်းအနားများကိုလည်း ပြုလုပ်ခဲ့ပြီး၊ အစ္စတန်ဘူလ်တွင် ပြုလုပ်သည့်အခမ်းအနားတွင် တက်ရောက်လာသူများမှာ ညနေပိုင်း၌ သေဆုံးသူများ မြှုပ်နှံထားရာ နေရာများသို့ သွားရောက်ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အကူအညီပေးရေး သင်္ဘောအား အစ္စရေးက ထိုကဲ့သို့ စီးနင်းမှုကြောင့် တူရကီက အစ္စရေးနှင့် သံအဆက်အသွယ်ကို ဖြတ်တေက်ခဲ့ပြီး ယခုလက်ရှိတွင် နှစ်နိုင်ငံ ဒုတိယအဆင့် ဆက်ဆံရေးသာ ရှိသည်။
အစ္စရေးကမူ ထိုအဖြစ်အပျက်အတွက် ၂၀၁၃ ခုနှစ်တွင် တောင်းပန်ခဲ့ပြီး လုပ်မှားကိုင်မှားဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လျော်ကြေးပေးရန်အတွက် ကမ်းလှမ်းခဲ့ကာ လျော်ကြေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
Ref: Aljazeera
Comments