ဇွန် ၁၊ ၂၀၁၅
M-Media
မည်သူမှ ထင်မှတ်မထားသည့် အခြေအနေမှ ရုန်းထနိုင်ခဲ့ကာ ပေါ်တူဂီ ရှုံးထွက်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ကွင်းလယ်လူ နာနီက ချီးကျူးလိုက်သည်။
ယမန်နေ့က ဘရာဂါအသင်းနှင့် ဗိုလ်လုပွဲတွင် စပို့တင်း လစ္စဘွန်း အသင်း မှာ ၁၆ မိနစ်၌ ပင်နယ်တီဖြင့် ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ခံလူ စီဒရစ်လည်း အထုတ်ခံခဲ့ရသည်။ ထို့ပြင် သိပ်မကြာမီမှာပင် ဘရာဂါက ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း အသင်း၏ ပထမဆုံး ပေါ်တူဂီရှုံးထွက်ဖလားကို ရရှိရန် အခြေအနေကောင်းခဲ့သည်။
သို့သော်လည်း စပို့တင်း လစ္စဘွန်း အသင်း၏ တိုက်စစ်မှူး အစ္စလာမ် စလီမာနီက ၈၄ မိနစ်တွင် အသင်းအတွက် ပထမချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဖရက်ဒီ မွန်တီရိုက နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဒုတိယချေပဂိုး သွင်းပေးနိုင်ခဲ့သည်။
ထို့ကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရာ စပို့တင်း လစ္စဘွန်း က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ၁၆ ကြိမ်မြောက် ပေါ်တူဂီရှုံးထွက်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။
“ဒီလိုအနိုင်မျိုးဟာ အောင်မြင်မှုကို ပိုပြီး ချိုမြိန်စေပါတယ်။ ထူးထူးခြားခြားလည်း ခံစားရပါတယ်။ ဒီပွဲဟာ စောင့်ကြည့်ဖို့ကောင်းတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အစကတည်းက ကျွန်တော်တို့ တစ်ယောက်လျော့သွားတယ်။ ဘယ်သူမှ ကျွန်တော်တို့ ဒီလိုလုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး” ဟု နာနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
နာနီမှာ မန်ယူမှ စပို့တင်း လစ္စဘွန်း သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်ပြီး ယခုရာသီကုန်တွင် ပြည့်မည်ဖြစ်သည်။ ဘရာဂါ နည်းပြကမူ ထိုပွဲအရှုံးက ခါးသီးခဲ့ပြီး စပို့တင်း၏ အနိုင်ရမှုကို လက်မခံနိုင်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Goal
Comments